ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ စယ်လန့် စံပြကျေးရွာတွင် နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူများ လုံခြုံရေး စိုးရိမ်နေကြကြောင်း သိရသည်။
ရှမ်းနှစ်သစ်ကူး ပွဲတော်ကျင်းပသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူ များပြားသည့်အချိန် ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုတွင် ပြည်သူများ ထိခိုက်မှု မရှိသော်လည်း မြန်မာအစိုးရ တပ်မတော်မှ တပ်သား ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးကြောင်း နမ့်ခမ်းမြို့ ဒေသခံ ဦးစိုင်းလှက ဧရာဝတီသို့ ပြောသည်။
“ဗုံးပေါက်ပြီးနောက်မှာ ပြည်သူတွေက သွားလာဖို့ ကြောက်နေကြပြီ။ အခုနောက်ပိုင်း ကျနော်တို့ ပြည်သူတွေ လုံခြုံရေး အတွက် အစစအရာရာ စိုးရိမ်နေရတယ်။ ကချင်နဲ့ မြန်မာအစိုးရနဲ့ တိုက်ပွဲ ပြန်ဖြစ်ရင် ကျနော်တို့ နမ့်ခမ်း၊ မူဆယ်ဘက်က အမြဲတမ်း ဖြစ်နေကြ ပြဿနာတခုပါပဲ။ သွားသတိ၊ လာသတိ နေနေရတယ်” ဟု ဦးစိုင်းလှက ဆိုသည်။
ယခုနောက်ပိုင်းတွင် မူဆယ်-နမ့်ခမ်းလမ်းပေါ်တွင် မကြာခဏ ဗုံးပေါက်ကွဲမှု၊ ဓားခုတ်မှုများ ဖြစ်ပွားကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ဖြစ်ပွားသည့် ပြဿနာများကို တာဝန်ယူ ဖြေရှင်းမှု မရှိကြောင်းလည်း နမ့်ခမ်းဒေသခံများက ဆိုသည်။
“မူဆယ်-နမ့်ခမ်းလမ်း ဗုံးပေါက်ကွဲတဲ့ နေ့မှာပဲ နမ့်ခမ်းဆေးရုံကို ဒဏ်ရာရ အစိုးရ တပ်သား ၃ ဦးနဲ့ သေဆုံးသူ ၁ ဦး ရောက်လာတယ်။ ဗုံးကြောင့်လား၊ တိုက်ပွဲကြောင့်လားတော့ မသိဘူး” ဟု နမ့်ခမ်းမြို့ ဒေသခံ စိုင်းအိုက်စိုင်းက ဧရာဝတီသို့ ပြောသည်။
ဗုံးပေါက်ကွဲသည့်နေ့တွင် မြန်မာအစိုးရ စစ်ယာဉ်တန်းများ ရောက်ရှိလာပြီး ခရီးသွားများကို ခေါ်ယူ စစ်ဆေးမှုများလည်း ပြုလုပ်သည်ဟု သိရသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်အထိ ဖုန်းဆက်သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် ပစ်ခတ်မှု တခုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင်လည်း ပြည်သူ့စစ်ဟု ယူဆရသူတဦးက ဒေသခံ ၁ ဦးကို သေနတ်ဖြင့် မူဆယ်-နမ့်ခမ်းလမ်းပေါ်တွင် ပစ်သတ်ခဲ့သည်။
ယင်းဒေသသည် အစိုးရ တပ်မတော် တပ်မ ၈၈၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် ( RCSS/SSA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။