အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ)က ချီးမြှင့် ပေးအပ်သော ၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုကို နိုဝင်ဘာလ ၂၅ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပသော ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဧရာတီသတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော်က ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူသည်။
ကမ္ဘာတဝန်း သတင်းလွတ်လပ်မှုအတွက် အကာအကွယ်ပေး ရေးလုပ်ငန်းများကို လုပ်ကိုင်နေ သည့် လွတ်လပ်၍ ငွေကြေး အကျိုးအမြတ် အတွက် ဖွဲ့စည်းထားခြင်း မဟုတ်သော CPJ က နိုင်ငံတကာ သတင်းလွတ် လပ်ခွင့် ဆုကို နှစ်စဉ် ချီးမြှင့် လာရာ ၂၄ ကြိမ်မြောက် ပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် သတင်း လွတ်လပ်ခွင့်ဆု များ“ 2014 International Press Freedom Award” ဆုများကို ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် အပါအဝင် သတင်းသမား ၄ ဦးကို ချီးမြှင့် ပေးအပ် လိုက်ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုရရှိသူများမှာ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်၊ အီရန် နိုင်ငံ မှ အလွတ် သတင်းထောက် ( ယခင် အီရန် အစ္စလမ်မစ် သတင်း အေဂျင်စီ IRNA အယ်ဒီတာဟောင်း) ဆီယမ်မတ်ခ် ဂါဒီရီ ( Siamak Ghaderi)၊ တောင်အာဖရိကနိုင်ငံက စီးတီး ပရက်စ် အယ်ဒီတာချုပ် မစ္စတာ ဖာရီယယ် ဟာဖာဂျီး(Ferial Haffajee) နှင့် ရုရှား နိုင်ငံက Russian independent TV channel Dozhd အယ်ဒီတာချုပ် မီခေးလ် ဇိုင်ဂါ ( Mikhail Zygar ) တို့ဖြစ်သည်။
နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုရရှိခြင်းနှင့်ပတ်သက်၍ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်က “ကျနော့်ရဲ့ ဒီ ဧရာဝတီ Team တခုလုံးရော၊ နောက် မြန်မာပြည်တွင်းမှာ Press Freedom နဲ့ ပတ်သက်ပြီးတော့ Independent Journalism နဲ့ ပတ်သက်ပြီးတော့ Promote လုပ်နေတဲ့ သူတွေကိုလည်း ပေးတယ်လို့ ကျနော့်အနေနဲ့ ခံစားရတယ်။ အဲ့ဒါကို လည်း ကျနော် Share လုပ်ပါတယ်။ ဒီဆုကလည်း ဒီလို အချိန်မျိုးမှာ ရွေးပေးတဲ့ ကာလဖြစ်တယ် ဆိုတော့ မြန်မာပြည်မှာ နောက်ကို ပြန်သွားနေတဲ့ အချိန် ဖြစ်တယ် ဆိုပြီး ပြောနေကြတဲ့၊ မြင်နေကြတဲ့ကာလ၊ ပဋိပက္ခတွေလည်း ပိုပြီးတော့ များလာတဲ့ကာလ၊ တိုင်းပြည်မှာဆိုရင်လည်း Press Freedom ကို Promote လုပ်နေတဲ့ Journalist တွေ၊ အယ်ဒီတာတွေ ပြန်ပြီး ထောင်ချခံနေရတဲ့ကိစ္စ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်တယ်ဆိုတော့ ဒီဆုက ဧရာဝတီကိုရော၊ တခြား Journalist တွေ၊ Reporter တွေကိုလည်း အကာအကွယ်တခု အနေနဲ့ ပေးတယ်၊ အသိအမှတ်ပြုတဲ့ ပုံစံမျိုးလို့ ကျနော်တော့ အဲဒီလိုမျိုး ခံစားရတယ်” ဟု ဗီအိုအေသတင်းဌာန(မြန်မာပိုင်း)သို့ ပြောဆိုသည်။
လတ်တလော မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ဦးအောင်ဇော်က “ကျနော်တို့ ဒီ ပြန်ဝင်ခွင့် ရတယ် ဆိုကတည်းကပေါ့လေ။ ကျနော်တို့လို အပြင်မှာနေတဲ့ သူတွေကို ဖိတ်ခေါ်တယ် ပြောတော့လည်း ကျနော်တို့ ဝင်သွား တယ်ပေါ့လေ ။ဒါပေမယ့် အဲ့ဒီကာလအတွင်းမှာ ကျနော်တို့က အရင်လိုပဲ ကျနော်တို့ရဲ့ ရှိနေတဲ့ space ကို ကျနော်တို့က မိမိအသံကို မပျောက်ဘဲနဲ့ မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ မြေယာသိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အကြမ်းဖက်တဲ့ ကိစ္စ တွေ၊ နောက် အခု ဖြစ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေ နောက် Journalist တွေ၊ သတင်းထောက်တွေကို ဖမ်းဆီး နှိပ်ကွပ်တဲ့ ကိစ္စတွေ၊ နောက် မြန်မာပြည်မှာ အကြီးအကျယ် လိုအပ်နေတဲ့ National Reconciliation ပေါ့နော် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ကိစ္စတွေ၊ Corruption တွေ၊ အဲ့ဒီ Scandal တွေ တော်တော်များများကို ကျနော်တို့က စိုက်လိုက် မတ်တပ်ကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်ထင်တယ်၊ အစိုးရ ကိုယ်တိုင်ကိုက ကျနော်တို့ကို တော်တော် မျက်မုန်းကျိုးပြီး ခေါ်ယူကြိမ်းမောင်းတာတွေ ခေါ်ယူပြီးတော့ ကျနော်တို့ကို Tone Down လုပ်ဖို့ပြောခဲ့တာတွေ ရှိခဲ့ဖူးပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရှိသေးဘဲ သတင်းသမားများ ထောင်ချ ဖမ်းဆီး ခံနေရဆဲ ဖြစ်ကြောင်း၊ မြန်မာ့ သတင်း လွတ်လပ်ခွင့်သည် ဆက်လက်ရုန်းကန် နေရဆဲ ဖြစ်သည်ဟု ဦးအောင်ဇော်က ဗီအိုအေ သတင်း ဌာန (မြန်မာပိုင်း)သို့ ဆက်လက်ပြောဆိုသည်။
“လွန်ခဲ့တဲ့ ၂၀၁၁၊ ၂၀၁၂ က ရခဲ့တဲ့ ကျနော်တို့ Space က ပြန်ပြီးတော့များ နည်းသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ကျနော်တို့ ကိုယ်တိုင်မှာ ရှိပါတယ်။ ဒီဟာကိုလည်း ကျနော်တို့ ဒီမှာပဲ Briefing တွေမှာလည်း ကျနော်တို့ အဲ့ဒါကို ပြောနေတယ်။ ဘာကြောင့်လဲဆိုတော့ Cronies Media တွေ ပေါ်လာတယ်။ ဗိုလ်ချုပ်တွေရဲ့သားသမီးတွေက မီဒီယာတွေကို သူတို့မှာ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ဝယ်ထားတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဒီပြန်ကြားရေးဝန်ကြီးဌာနက အခုထက်ထိ အသက် ရှိနေသေးတယ်။ ချုပ်ကိုင်ထားတာလည်းရှိတယ်။ အထူးသဖြင့် တယ်လီဗေးရှင်းနဲ့ ရေဒီယို ကို သူတို့ပဲ ထိန်းချုပ် ထားတယ်။ အဲ့ဒါတွေကတော့ ကျနော်ထင်တယ် မြန်မာပြည်အတွက် မကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျနော်တို့ ယူဆ ရတယ်ပေါ့။ နောက်ပြီးတော့ သတင်းထောက်တွေ၊ Journalist တွေကို အခု ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ပြန်ပြီးတော့ ဖမ်းဆီး လာတဲ့ကိစ္စတွေ၊ တချို့ကိစ္စက Defamation လောက်ပဲ သွားရမယ့်ကိစ္စမျိုး၊ ဒါမှမဟုတ်ဘဲနဲ့ Civilian Court မှာ Fine ပေးလို့ ရလျက်သားနဲ့ လျော်ကြေးပေးလို့ ရလျက်သားနဲ့ မဟုတ်ဘဲနဲ့ ထောင်ချပစ်တာတွေ၊ ထောင်ချတဲ့ အခါမှာလည်း အရင် တုန်းက ဗြိတိသျှ Law တွေကိုပဲ ပြန်သုံးပြီးတော့ ထောင်ချပစ်တာတွေ၊ ၅ နှစ်ကနေ ၁၀ နှစ် ချပစ်တာတွေက ကျနော် ထင်တယ် ကောင်းတဲ့အလားအလာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဦးအောင်ဇော်သည် ၂၀၁၀ ပြည့်နှစ်တွင် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက် လှုပ်ရှားသူ အဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရပြီး
၂၀၁၃ ခုနှစ် ကလည်း Stanford University ၏ Walter H. Shorenstein Asia-Pacific Research Center (Shorenstein APARC)က ချီးမြှင့်သည့် Shorenstein Journalism Award ဆုကို ရရှိခဲ့သေးသည်။