အင်းများ တမံမပိတ်၍ လယ်ဧက ၈ ထောင်ကျော် ပျက်ဖွယ်ရှိ
This article has been converted from Zawgyi One to Unicode
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အင်းပိုင်ရှင်များက ချောင်းများကို တမံပိတ်ပေးခြင်း မရှိသဖြင့် ပင်လယ်ရေငန်များ ဝင်ရောက်လာပြီး ဧက ၈ ထောင်ကျော်ရှိ စပါးခင်းများ ပျက်စီးမည့်အရေး ကြုံတွေ့နေရကြောင်း ဒေသခံလယ်သမားများက ဧရာဝတီသို့ ပြောသည်။
ဒေးဒရဲမြို့နယ်၊ မငေးကြီးကျေးရွာမှ လယ်ဧက ၁၃၀ ခန့် လုပ်ကိုင်နေသည့် လယ်သမား ကိုကျော်ကျော်က လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက အင်းလုပ်ငန်း ပိုင်ရှင်များက နှစ်စဉ် တမံပိတ်ပေးလေ့ ရှိသော်လည်း ယခုနှစ်တွင်မူ အင်းလေလံစာချုပ်ထဲ၌ တမံတုပ်ပေးရန် ဆိုသည့်အချက် မပါဝင်ကြောင်း ပြောဆိုကာ တမံပိတ်ပေးခြင်း မရှိသဖြင့် လယ်သမားများ အခက်ကြုံနေရကြောင်း ပြောဆိုသည်။
ဂွေးချောင်းကျေးရွာမှ လယ်သမား ဦးသန်းလှိုင်က ပြီးခဲ့သည့် ၁၀ ရက်က ပင်လယ်ရေငန်များ လယ်မြေထဲသို့ အနည်းငယ် ဝင်ရောက်လာသဖြင့် ရိတ်သိမ်းဆဲစပါးဧက ၁၀ ကျော်မှာများမှာ အရည်အသွေး နိမ့်ကျသွားပြီး ဈေးကောင်းမရရှိတော့ကြောင်း ပြောသည်။
“အခု လောလောဆယ် ကျနော်တို့ စပါးတွေ မဆုံးရှုံး၊ မလေလွင့်အောင် ငွေကြေးအကုန်အကျ ခံပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တမံလေးတွေ တားနေရတာပေါ့။ နောက်ပိုင်း စပါးပေါ်မှ ပေးမယ်ဆိုပြီး နီးစပ်ရာအကြွေးဆွဲ၊ အကြွေးဝယ် အဲဒီပုံစံမျိုးနဲ့ ပိတ်နေရတာပေါ့ဗျာ။ တချို့ဖက်က မပိတ်နိုင်ကြဘူးဗျ။ လယ်သမားတွေဆိုတော့လေ” ဟု ၎င်းက ရှင်းပြသည်။
ချောင်းတချောင်းကို တမံပိတ်လျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ကြား ကုန်ကျကြောင်း၊ သောကြာကျေးရွာအုပ်စုတွင် တမံ ပိတ်ရမည့်ချောင်း ၈ ချောင်းရှိပြီး လက်ရှိလယ်သမားများက တမံပိတ်နေသည်မှာ ၆ ချောင်း ရှိပြီဖြစ်ကြောင်း၊ လာမည့်နှစ်မှ စ၍ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် အင်းလေလံစာချုပ်များ၌ တောင်သူများအတွက် တမံပိတ်ပေးရမည် ဆိုသည့်အချက်ကို တရားဝင် ထည့်သွင်းပေးသင့်ကြောင်း လယ်သမား ဦးသန်းလှိုင်က ပြောသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မငေးကြီးချောင်း၊ ကဒါချောင်း၊ သောကြာချောင်းများပေါ်တွင် ထိန်တော၊ ဖိုးထောင်၊ ကဒါ၊ ဂွေးချောင်း၊ မငေးကြီးသုသာန်ရိုး စသည့် အင်းလုပ်ကွက်များ ရှိကြောင်း၊ ယခု နိုဝင်ဘာလ အကုန်အထိ တမံများ မပိတ်နိုင်ပါက မငေးကြီး၊ သောကြာ၊ ကံဆိပ်၊ ကဒါ စသည့် ကျေးရွာအုပ်စုများမှ စပါးဧက ၈ ထောင်ကျော် လုံးဝ ပျက်စီးသွားနိုင်ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတောင်သူများက မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း တစုံတရာ ထူးခြားမှု မရှိသေးကြောင်း သိရသည်။
ဂွေးချောင်း အင်းလုပ်ငန်းရှင် ဦးနေဇော်က “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ အင်းသမားတွေက တမံတုပ်ပေးရမယ့် ဆိုပြီး ဥပဒေမှာ ပြဌာန်းထားတာလည်း မရှိဘူးဗျ။ ဟိုးအရင်တုန်းက တုပ်ပေးခဲ့တာတွေကလည်း ဥပဒေအရ မဟုတ်ဘူူးဗျ။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေက ဒီတမံထဲက သားငါးတွေ လိုချင်လို့ လယ်သမားလည်း အဆင်ပြေ အင်းသမားလည်း အဆင်ပြေဆိုပြီးတော့ တုပ်လာတာ။ ကြာလာတော့ တာဝန်ကြီးတရပ် ရှိသလို ဖြစ်သွားတာပေါ့” ဟု တုံ့ပြန်ပြောဆိုသည်။
သက်ဆိုင်ရာဝန်ကြီးဌာနမှ အဆိုပါ လယ်မြေများရှိ လယ်ပတ် တာတမံများကို ပိတ်ပေးခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်မည်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။
ဖျာပုံမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက အင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် တမံပိတ်ရန် ကုန်ကျမည့်စရိတ်ထဲမှ တချို့တဝက်ကို ယင်းလုပ်ငန်းရှင်ဘက်မှ ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဒေသခံ တောင်သူများက လက်မခံကြောင်း ရှင်းပြသည်။
“ဒီလိုပြဿနာတွေကို တကယ် ကိုင်တွယ်တော့မယ် ဆိုရင်တော့ တိုင်းဒေသကြီးမှာ တာဝန်ရှိတယ်ဗျ။ တိုင်းဒေသကြီးက သက်ဆိုင်ရာ ရေချိုလုပ်ငန်း ဥပဒေတွေ၊ အင်းအိုင် ချောင်းမြောင်းနဲ့ ပတ်သက်တဲ့ လေလံတွေ ဆွဲတဲ့အချိန်မှာ တိကျတဲ့မူတွေ ချပေးထားဖို့ လိုတယ်။ အခု ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ပြဿနာက အဲဒီ တိကျတဲ့မူတွေ မရှိတာ စာချုပ်တွေမှာ လုပ်ငန်းရှင်တွေ ဘာတွေဆောင်ရွက်ရမယ့် တိကျတဲ့အပိုင်းတွေ ထည့်ချုပ်တာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဝန်ကြီး ဦးစန်းမောင်က “ဟိုး အစဉ်အလာတုန်းကတော့ ဥပဒေအရရှိတယ်။ အင်းသမားကြီးတွေက တမံပိတ်တယ်။ ပိတ်ပြီးတော့ အဲဒီထဲကငါးကို ပက်ယူတယ်။ ဒီနေ့ကျတော့ အဲဒါတွေ လုပ်လို့မရတော့ဘူး။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဘယ်ရက်၊ ဘယ်နှစ်မှာတော့ဖြင့် မပိတ်တော့ဘူး။ အဲဒီ အတောအတွင်းကို ပိတ်ပေးမယ်။ ကိုယ့်ဖာသာကိုယ် ကမ်းတာတွေ ပြီးအောင်လုပ်ပါဆိုတဲ့ agreement ရှိတယ်။ စိုက်တိုးမြှင့်က လုပ်ထားတာပါ” ဟု ပြောကြားသည်။
လက်ရှိ အင်းလုပ်ကွက်ရှိသည့်ချောင်းများမှာ ယခင်ကထက် သိသိသာသာ နက်ရှိုင်းကျယ်ဝန်းလာသဖြင့် တမံပိတ်ရန် ကုန်ကျစရိတ် ပိုများလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။