အစိုးရစစ်တပ်သည် အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက်မှု ဆက်လက် လုပ်ဆောင်နေပြီး တိုင်းရင်းသား ဒေသ များတွင် အမျိုးသမီးများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ အနေဖြင့် နှောင့်ယှက်ခံရမှုများ ကြုံတွေ့ နေရကြောင်း အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ၏ “တရားမျှတ မှုအတွက် မျှော်လင့်ချက်သာပေးပါ” ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများ ရပ်တန့်ရေး နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာသစ်တွင် တိုင်းရင်းသား ပြည်နယ်များအတွင်းရှိ အပစ်ရပ်ဒေသများနှင့် အပစ်မရပ်သေးသော ဒေသများတွင် အစိုးရစစ်တပ်ဘက်က ကျူးလွန်ထားသည့် လိင်အကြမ်းဖက်မှုများကို ၂၀၁၀ ပြည့်နှစ်မှ စတင် စုဆောင်းထားကြောင်း၊ အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇာဝတ်မှု ကျူးလွန်မှုများ ရှိသော်လည်း တရားဝင် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်နေဆဲ ဖြစ်ကြောင်း၊ မြန်မာ့ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်သည် နိုင်ငံတဝှမ်းရှိ အမျိုးသမီး များအပေါ် သက်ရောက်မှု နည်းပါးနေကြောင်း စသည်ဖြင့် ထည့်သွင်း ရေးသားထားသည်။
“ကျမတို့ ၂၀၁၄ ဇန်နဝါရီမှာ အစီအရင်ခံစာ ထွက်ခဲ့ပါတယ်။ အခုက ဒုတိယအကြိမ်ပေါ့။ ဦးသိန်းစိန် လက်ထက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁၈ မှု ကောက်ယူ နိုင်ခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တွေက အစ
အဓမ္မကျင့် ခံရတာတွေ၊ အုပ်စုလိုက် အဓမ္မ ကျင့်တာတွေ ပါတယ်” ဟု နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် ပန်းခြံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်နေ့တွင် WLB မှ ယိင်းဟန်ဖက ပြောကြားခဲ့သည်။
ပဋိပက္ခ ဖြစ်ပွားနေသော တိုင်းရင်းသား နယ်မြေတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံး ဖြစ်ပွားကြောင်း၊ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ)၊ ကရင်ပြည်နယ်တို့တွင် အဖြစ်များကြောင်း၊ ယခုကဲ့သို့ အစီအရင်ခံစာ ထုတ်ပြန်ရခြင်းသည်
လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု လျော့နည်းသွားရန်နှင့် နိုင်ငံတော် အစိုးရ အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်သွားစေရေး အတွက် ကူညီပေးရန်၊ ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် တင်ပြခြင်း ဖြစ်ကြောင်း
ယိင်းဟန်ဖက ပြောသည်။
မြန်မာ့တပ်မတော်ကို အရပ်သား ထိန်းချုပ်မှု အောက်တွင် ထားရှိရမည်ဖြစ်ပြီး ပြည်တွင်းစစ် ကိစ္စကို ညှိနှိုင်း စေ့စပ်ဆွေးနွေး ဖြေရှင်းနိုင်မှသာလျှင် စစ်မှန်သော ဖက်ဒရယ် စနစ် အစိုးရ အောက်တွင် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး အတွက် အာမခံနိုင်မည် ဖြစ်ကြောင်းကိုလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
“အဲဒါတွေ အကောင်အထည် မဖော်နိုင်ဘူး ဆိုရင်တော့ တိုင်းရင်းသား တွေမှာ အစိုးရစစ်တပ်က ကျူးလွန်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူး” ဟု WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ဆိုသည်။
ထိုနည်းတူ မြန်မာပြည်တွင် အမျိုးသမီး များနှင့် မိန်းကလေးငယ် များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာနှင့် အိမ်တွင်း အကြမ်းဖက်မှု၊ ပတ်ဝန်းကျင်၏ အကြမ်းဖက်မှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်း များကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှု အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု များကို နေ့စဉ်နှင့် အမျှ ခံစားနေကြရကြောင်း နိုင်ငံတကာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ် ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။