သတင်း

မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR လျှောက်ထားနိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Resident – PR) လျှောက်ထားရာ၌ မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

“PR ခံစားခွင့်က တခါတည်း လျှောက်လို့ မရဘူး။ ဒီမှာ ၁ နှစ်နေပြီးမှ လျှောက်လို့ရမယ်။ ၁ နှစ် နေထိုင်ထားတဲ့ အထောက်အထား နဲ့ လျှောက်ရပါမယ်”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းနိုင်ထွန်းက ဧရာဝတီကို ပြော သည်။

လျှောက်ထားသူများအတွက် PR စနစ်အရ အခွန်ခံစားခွင့်၊ နေထိုင်မှု ခံစားခွင့် စသည်တို့ကို အသေးစိတ် ထုတ်ပြန်သွားရန်ရှိ ကြောင်း၊ ခံစားခွင့်တွင် ယခင် မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အကြား၌ ခံစားခွင့်ကို ခွဲခြားထား ကြောင်း သိရသည်။

“ခံစားခွင့်က မတူညီပါဘူး။ တဖက်နိုင်ငံမှာ နိုင်ငံသားခံယူတဲ့ မြန်မာနိုင်ငံသားဟောင်းတွေက ခံစားခွင့် ပိုရပါတယ်။ နောက် PR လျှောက်ရာမှာလည်း သူတို့ကို ကောက်ခံတဲ့ဈေးက ပိုသက်သာပါမယ်”ဟု ဦးသန်းနိုင်ထွန်းက ဆက်ပြောသည်။

PR လျှောက်ထားသူများ အပေါ် သတ်မှတ်မည့် အခွန်နှုန်းထားများကို တရားဝင် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း အသေးစိတ် အတည်ပြုရန် လိုအပ်သေးသည့် အတွက် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

လက်ရှိ အချိန်တွင် PR လျှောက်ထားရာ၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား အသိပညာရှင်၊ အတတ်ပညာရှင်များအပေါ် တဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၀ သတ်မှတ်ထားသည်ဟု သိရသည်။

“ကောက်ခံမှာက နိုင်ငံခြားသားဆို ဒေါ်လာ ၅၀၀ ကောက်မယ်။ သူနဲ့ ပါလာမယ့် သားသမီးဆို အသက်အရွယ်ကို ကြည့်ပြီး ကလေး ဆို ဒီဈေး မဟုတ်ဘဲ လျော့မှာပါ။  မြန်မာနိုင်ငံသားဟောင်းတွေ နိုင်ငံခြားမှာစီးပွားရှာပြီး ကိုယ့်နိုင်ငံကို ပြန်လာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်၊ အသိပညာ အတတ်ပညာအရ ပြန်လာကြတယ်ဆိုရင် ငွေကြေးသွင်းရတာ တဝက် သက်သာမယ်”ဟု ဦးသန်းနိုင်ထွန်း က ပြောပြသည်။

လက်ရှိတွင် ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း တချို့မှာ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် PR စနစ်ကို စောင့်ဆိုင်းနေမှုများ ရှိနေကြောင်း၊ အစိုးရက တိကျသည့် ထုတ်ပြန်ချက် တိကျသည့် လိုက်နာရန် အချက်များကို ပွင့်လင်းစွာ ထုတ် ပြန်ပေးရန် လိုအပ်ပြီး လက်တွေ့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသား ဟောင်း တဦးက ပြောသည်။

PR စနစ် ရေးဆွဲရေးအတွက် အာဆီယံ နိုင်ငံများနှင့် ဥရောပ နိုင်ငံတချို့၌ ကျင့်သုံးနေမှုများကို လေ့လာရေးဆွဲခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်ကို ပုံစံ ၄ ခု ဖြင့် လက်ခံမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

PR စနစ်အရ ကနဦးကာလ နေထိုင်ခွင့်ကို ၅ နှစ် နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ၅ နှစ် ပြည့်ပြီး ဆက်လက် သက်တမ်း တိုးပေး ရာ တွင် တနှစ်ဆီ ဆက်လက် နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ဦးသန်းနိုင်ထွန်းက“ဒီလို ခေါ်ယူဖို့ အတွက်တော့လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျနော်တို့ တရားဝင် ကြေညာပါမယ်။ အခုအချိန် မှာ ကျနော်တို့ဘက်က နည်းဥပဒေကို ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဆိုသည်။

PR စနစ် လက်ခံ ခေါ်ယူရာတွင် ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်မှတဆင့် နိုင်ငံတွင်း လိုအပ်နေသည့် စီးပွားရေး အတတ်ပညာနှင့် အသိ ပညာရှင်တို့ကို ထုတ်ပြန် ကြေညာ၍ တရားဝင် ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

PR စနစ်ကို ခွင့်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အဓိက ရည်ရွယ်ထားကြောင်း၊ မလိုလားအပ်သည့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း အဖွဲ့များ မပေါ်လာစေရေး အတွက် နိုင်ငံ တွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR စနစ်ကို လျှောက်ခွင့်ပေးခြင်း ဖြစ်ကြောင်း ဦးသန်းနိုင်ထွန်းက ပြောဆိုသည်။

“နိုင်ငံခြားသားတွေ လျှောက်ရင် ဘယ်နိုင်ငံမို့ လျှောက်ခွင့် မရှိဘူးလို့ သတ်မှတ်ထားတာ မရှိပါဘူး။ လုံခြုံရေး အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်) နဲ့ ဆက်သွယ်ထားတယ်။ အဲဒီစာရင်းမှာ အမည်ပေါက်ထားတဲ့ သူတွေကို လျှောက်ခွင့် မပေးပါဘူး”ဟု လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် PR စနစ် အကောင်အထည် ဖော်နိုင်ရေးနှင့် လျှောက်ထားသူများကို စိစစ် ရွေးချယ်ရာတွင် ဒုသမ္မတ ဦးဉာဏ်ထွန်း ခေါင်း ဆောင်သည့် ဝန်ကြီး ၁၁ ဦးပါဝင်သော အဖွဲ့က ကြပ်မတ်ဆောင်ရွက်သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading