ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၄ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။
ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။
လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယ ူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။
PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။