စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သော်လည်း တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းက သုံးသပ်သည်။
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုလိုက် သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ခံကြိုလိုက်သော်လည်း လက်ရှိအချိန်တွင် တပ်မတော်၏ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဆိုသော သဘောထားခံယူချက်ကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး အပါအဝင်အဓိကကျ အရေးကြီးသော အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်မလွယ်ကူဟု လွှတ်တော်ကိုယ်စား လှယ် တချို့က သုံးသပ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က တပ်မတော်က အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆၊ ၅၉ (စ) ကဲ့သို့ ပြဋ္ဌာန်းချက်များကို မပြင် ဆင်လိုဘဲအခြားသော တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် အချက်ကိုသာ ကွက် ၍ ပြင်လို သည့် သဘောမျိုးရှိကြောင်း သုံးသပ်ပြောဆိုသည်။
“သိပ်ထူးမယ် မထင်ဘူး ကာချုပ်ကို ကြံ့ခိုင်ရေး က ၃ ယောက်ဖြစ်တဲ့ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ဩဇာ လွှမ်းနိုင်မယ်မထင်ဘူး။ လွှမ်း လည်း မလွှမ်းနိုင်ဘူး။ ကာချုပ်ကလည်းသူ့ရပ်တည် ရမယ့် ကိစ္စတွေမှာ ဘယ်လျှော့ ပေး မလဲ။ ၄၃၆ ပြင် လိုက်မယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကိစ္စတွေပါ ပြင်ပေး ရမှာပေါ့” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးဖြစ်လာ သည့်အတိုင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အပေးအယူမြောက်မြားစွာလုပ်ရမည်ဟု မျှော်လင့်ကြောင်း၊ ဥပမာအားဖြင့် သမ္မတသည် လွှတ်တော်ကို ထိန်းချုပ်လိုသော ကိစ္စမျိုးနဲ့ အခြေခံဥပဒေ ပြင်ဆင် ရေး အပေးအယူလုပ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မမျှော်လင့်ကြောင်းသုံးသပ်သည်။
“ကျနော်တော့ မထင်ဘူး။ ဒီကိစ္စမတိုင်ခင် လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အချိန်တုန်းကလည်း သမ္မတကရော၊ ကာချုပ်ကရော ဒါတွေပြင်ဖို့အတွက်က လွှတ်တော်ထဲမှာပဲ တာဝန်ရှိပါတယ်လို့ပြောတာ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောထားတာရှိတယ်။ ၆ ပွင့်ဆိုင်တွေ့ရင် ဖြစ်နိုင်ချေ ၂ ခု ရှိတယ်။ တခုက စစ်တပ်ကသူတို့ အရင်ပြောတဲ့အတိုင်းပဲ ရပ်ခံနေပြီးတော့ အဖြေတခု မရအောင် ရှောင်နေလိုက်တာမျိုး ဖြစ်နိုင်တယ်။ နောက်တခု သူတို့တပ်က တင်ပြထားတဲ့ လွှတ်တော်ကို သမ္မတကနေ ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ အပေးအယူ လုပ်နိုင်တယ်။
လက်ရှိ အချိန်တွင် သမ္မတမှာ လွှတ်တော်အပေါ် တွင် ဩဇာလွှမ်းမိုးနိုင်မှု လုံးဝမရှိဘဲ သမ္မတသဘော မတူသည့် ဥပဒေကြမ်းတချို့ကိုပင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သဖြင့် သမ္မတနှင့်လွှတ်တော် ကြားတွင်လည်း အပေး အယူတခု ရှိလာနိုင်တယ်” ဟု ဦးရဲထွန်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အရေးကြီးတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက် ၉၅ ခုကို ပြင်ပေးဖို့တော့ တပ်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူး။ ၄၃၆ လည်း ပြင်လို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီ ၆ ပွင့်ဆိုင်မှာ ဖွဲ့စည်းပုံပြင်ဖို့ရေရှည် အမြင်မျိုးနဲ့ လမ်းပြမြေပုံတခုပုံစံနဲ့ သဘော တူ လာနိုင်တယ်။ လွှတ်တော်မှာတပ်မတော်သား ပါဝင်နေမှုကို ဘယ်အချိန်မှာ ပြင်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်လာ နိုင် တယ်။ ဒီ ၆ ပွင့်ဆိုင်ရုံနဲ့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ကျနော်ကတော့ မျှော်လင့်ချက်ကို မထားဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော် သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အထူး အခွင့် အာဏာများ ရရှိထားပြီး တရားဝင် စစ်အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။