ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း တည်ဆောက်ထားသည့် ဟိုတယ်နှင့် စားသောက်ဆိုင်များကြောင့် ရှေးဟောင်း အမွေအနှစ် များအပေါ် သက်ရောက်မှု မည်မျှရှိသည်ကို သိရှိနိုင်ရန် နိုင်ငံတကာ ပညာရှင်များ အကူအညီဖြင့် လေ့လာသုံးသပ်မှု စတင်နေပြီး တွေ့ရှိချက်များကို စစ်တမ်းပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။
Heritage Impact Assessment Programme အမည် ပေးထားသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် သုံးသပ်လေ့လာရေး အစီ အစဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ အကူအညီဖြင့် ဟောင်ကောင် အခြေစိုက် Services of Archaeological Assessment Ltd မှ ပညာရှင် ၂ ဦး ငှားရမ်းပြီး ရှေးဟောင်းသုတေသန ဌာနမှ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က“ဒီစစ်တမ်း ထွက်လာလို့ လက်ရှိ ရှိေ
န တဲ့ ဟိုတယ်ကြီးတွေက ပုဂံဒေသရဲ့တန်ဖိုးကို လျော့ကျစေတယ်လို့ ဝေဖန်လာခဲ့ရင်တော့ လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိလာမှာပါ။ ဥပမာ သရပါလို ဟိုတယ်ကြီးတွေဆို ဆက်လက် သက်တမ်း မတိုးတော့ဖို့ လုပ်ရမှာပေါ့၊ တိုးချဲ့တာတွေကိုလည်း ထိန်းချုပ် ရမှာပေါ့”ဟု ပြောသည်။
အဆိုပါ ပညာရှင်များက ပုဂံရှေးဟောင်းဇုန် အတွင်းရှိ နန်းမြင့်တာဝါ၊ ဂေါက်ကွင်း၊ ဟိုတယ် ၅ လုံးနှင့် Guest House များ ရှိနေမှု၊ အဆောက်အအုံများ ဆက်လက်တိုးချဲ့ တည်ဆောက်လာမှုကြောင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ရှေးဟောင်း အမွေအနှစ်များ၏ တန်ဖိုးဂုဏ်ရည်များ ထိခိုက်မှု ရှိမရှိကို သုံးသပ်လေ့လာပြီး တွေ့ရှိချက်များကို စစ်တမ်းတခု ပြုလုပ်၍ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများကို တင်ပြသွားမည်ဟု သိရသည်။
လေ့လာသုံးသပ်ချက်မှ ထွက်ပေါ်လာမည့် စစ်တမ်းသည် ပုဂံဒေသအား World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်း ရာတွင် ရေးဆွဲရမည့် Management Plan အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UNESCO အဖွဲ့က ပြောသည်။
“ဒီရှေးဟောင်းဇုန်ထဲမှာ လူတွေနေတယ်၊ ဟိုတယ်တွေ ဆောက်တယ် ဆိုတာက ဆောက်လို့ မရဘူး၊ ဒါကြောင့်လည်း အကောင်း ဆုံး ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ရှာရမယ်၊ Management Plan ဆွဲဖို့ အတွက် ဇုန်တွေ ပြန်သတ်မှတ်ရမလား၊ ဘယ်ဇုန်ထဲမှာ ဘာလုပ်ရမယ်၊ ဘယ်ဇုန်ထဲမှာ ဘာမရှိသင့်ဘူး ဆိုတာကို စစ်တမ်း ထွက်လာရင် ပြန်ပြီး စဉ်းစားလို့ ရတာပေါ့”ဟု UNESCO တာဝန် ရှိ သူ တဦးက ပြောသည်။
ပုံဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာရေးအတွက် UNESCO စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြင်ဆင်ဆောင်ရွက်ရေး၊ ညောင်ဦးလေဆိပ်သို့ ဝင်ထွက်ပျံသန်းနေသော လေယာဉ်ပျံများကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုက ပုဂံဘုရားများကို ထိခိုက်မှုရှိ၊ မရှိ စစ်ဆေးရန်၊ တိုးချဲ့လာသော ဟိုတယ်လုပ်ငန်းများကြောင့် ပုဂံရှေးဟောင်းဇုန်ကို ထိခိုက်မှု မရှိစေရန်နှင့် မြို့ပြစီမံကိန်း ရေးဆွဲဆောင်ရွက်ရန် လွန်ခဲ့သည့် မတ်လက သမ္မတ ဦးသိန်းစိန် ပုဂံကို လာရောက်စဉ် ညွန်ကြားခဲ့ကြောင်း သိရသည်။
ထို့အတွက် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ရှေးဟောင်း ပုဂံဒေသကို UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) တင်သွင်းနိုင်ရေး အစည်းအဝေး တရပ်ကို အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်၊ နီပေါ စသည့် နိုင်ငံ များမှ ပညာရှင် ၁၅ ဦး၊ ပြည်တွင်းမှ ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် ရှေးဟောင်းဇုန် နယ်နိမိတ်များ သတ်မှတ်ရေး၊ ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များအား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများ( Outstanding Universal Value)၊ စစ်မှန်မှု (Authenticity) နှင့် တည်တံ့ခိုင်မြဲမှု (Integrity) စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးမှု အပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း အဆောက်အအုံသစ် ဆောက်လုပ်ခွင့်၊ တိုးချဲ့ခွင့်များကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ လာမည့်နှစ် ဧပြီလ အထိ ရပ်ဆိုင်းထားမည်ဟု သိရသည်။
ပုဂံရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ထားသည့် မြို့ဟောင်းအတွင်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် ဆာကူရာ၊ ပုဂံ၊ သံတဲ၊ သီရိပစ္စယာနှင့် ဧရာ ဟိုတယ်တို့ အပြင်၊ စစ်အစိုးရ လက်ထက်တွင် တည်ဆောက်ခွင့်ပြုခဲ့သည် သရပါ၊ နန်းမြင့် ဟိုတယ် နှင့် လတ်တလော တည်ဆောက်နေသည့် ဧဒင် ဟိုတယ်၊ Adventure ဟိုတယ်နှင့် နိုင်ငံခြား သား များစီးရန် မြင်းငှားသည့် မြင်းဇောင်းများ၊ စားသောက်ဆိုင်များက ပုဂံ အလှ နှင့် တန်ဖိုးကို ရုပ်ပ်ဆိုး အကျည်းတန်မှု ဖြစ်စေ သည် ဟု ဒေသခံများက ပြောဆိုကြသည်။
၆ စတုရန်းမိုင် ကျယ်ဝန်းသည့် ပုဂံရှေးဟောင်းမြို့ကို အေဒီ ၉ ရာစု၌ စတင်တည်ထောင်ခဲ့ပြီး ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့သည်။ ပုဂံကို မင်းဆက် ၅၅ ဆက်ခန့် အုပ်ချူပ်စိုးစံခဲ့ကြောင်း သမိုင်းမှတ်တမ်း အရ သိရသည်။ ပုဂံဒေသသည် ပြင်းထန်သည့် ငလျင်ဒဏ် သုံးကြိမ် ခံခဲ့ရပြီး လက်ရှိအခြေအနေ၌ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းပေါင်း ၃၀၀၀ ကျော် တည်ရှိနေသည်။