မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် နော်ဝေဘုရင် အနေဖြင့် သမ္မတဦးသိန်းစိန် အစိုးရနှင့် တပ်မတော်အား ၎င်းတို့ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထူးစိုးရိမ်ပူပန်မှုရှိကြောင်း ပြောကြားရန် နော်ဝေရောက် မြန်မာလူ မျိုး ၁၀၀ ကျော်က အိတ်ဖွင့်ပေးစာပေးပို့၍ တိုက်တွန်းလိုက်သည်။
နော်ဝေဘုရင် Harald V နှင့် ကြင်ယာတော်တို့ လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ နော်ဝေ နိုင်ငံရောက် မြန်မာမျာအနေဖြင့် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။
ထို့အပြင် နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးနေသည့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ အမှန်တကယ် လိုအပ်နေ သူများထံ ရောက်ရှိရေး၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစေရန် တာဝန်ရှိသူများအား ဘုရင် မင်းမြတ်အနေဖြင့် တိုက်တွန်းပေးပါရန်နှင့် ရွေးကောက်ပွဲ ရလာဒ် ကြေညာအပြီး ရက်ပေါင်း ၆၀ အတွင်း အာဏာလွှဲပြောင်းရန် အထူး တိုက်တွန်းပေးစေလိုကြောင်း ပေးစာက ဆိုသည်။
အဆိုပါ အိပ်ဖွင့်ပေးစာပို့ခြင်းသည် နော်ဝေဘုရင်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်မတိုင်ခင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများအား ဘုရင်အနေဖြင့် သတိရှိစေရန် အိတ်ဖွင့် ပေးစာပေးခြင်းဖြစ်ကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့နေ ကိုညိုက ဧရာဝတီ ကို ပြောသည်။
“နော်ဝေနိုင်ငံထဲမှာ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်၊ ရှေ့ ဆက်ပြီး ပြုပြင်ပြောင်းလဲရေးက တိုးတက်မှုမရှိဘူးဆိုတာ ပြန်သုံးသပ်နေတာတွေရှိတယ်။ နော်ဝေနိုင်ငံက အကူအညီပေး နေတဲ့ ငြိမ်းချမ်းရေး ကိစ္စ အကူအညီတွေအပါအဝင်ပေါ့။ အခု အိပ်ဖွင့် ပေးစာကြောင့် နော်ဝေ ခေါင်းဆောင်တွေ ပြန်သုံး သပ်ဖို့ သတိပေးတာ၊ တွန်းအားတခုဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ်” ဟု ကိုညိုက ဆိုသည်။
နော်ဝေဘုရင်ထံသို့ အိပ်ဖွင့် ပေးစာတွင် နော်ဝေ ဘုရင်၏ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား အချက် ၁၀ ချက်နှင့်တကွ ထောက်ပြထား သည်။
မြန်မာနိုင်ငံ၌ တရားဥပဒေ စိုးမိုးရေး လုံးဝမရှိခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည် ဟု ပြောဆိုသော်လည်း လက်တွေ့ တွင် မကြာသေးခင်က ကချင်ပြည်နယ် လိုင်ဇာတွင် အစိုးရစစ်တပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်၍ တိုင်းရင်းသား လူငယ် ၂၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ခြင်း အပါအဝင် စစ်ပွဲများတိုးပွားလာကာ စစ် ပြေး ဒုက္ခသည်များ ပိုမိုများပြား လာခြင်း၊ အစိုးရစစ်တပ် က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေခြင်း၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော် သူများအား အစိုးရက အရေးမယူခြင်း၊ မြေယာသိမ်းမှုနှင့် အလုပ်သမားအခွင့်အရေး များ ချိုးဖောက်ခံနေရဆဲဖြစ် သည်များကို ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံသား ၅ သန်းကျော် လက်မှတ်ရေးထိုးတောင်းဆိုခဲ့သော် လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လတ်တလော ပြင်ဆင်မည်မဟုတ်ဟု ပြောဆိုခဲ့ခြင်း မီဒီယာလွတ်လပ်ခွင့်များ အား အကြောင်းအမျိုးမျိုးပြ နှိပ်ကွပ်နေမှုနှင့် ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့် မပေးသည့် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက် သည့် ကျောင်းသား ဆန္ဒပြမှုများလည်း ရှိနေသည်ဟု နော်ဝေရောက် မြန်မာများက ဆိုထားသည်။
“အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စတုန်းကလည်း နော်ဝေခေါင်းဆောင်တွေ သတိထားနိုင်ဖို့ အိပ်ဖွင့် ပေးစာပေးခဲ့တယ်”ဟု ကိုညိုက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုဘဲလ် ငြိမ်းချမ်းရေး ဆုပေးကာ ကမ္ဘာ့မျက်နှာစာတွင် မြန်မာ့ဒီမိုကရေစီအရေး အလေးပေးခံရ စေရေးနှင့် ဒီမိုကရက်တစ် မြန်မာ့ အသံ DVB သတင်းဌာနတို့အား ထူထောင်ခွင့် ပေးခဲ့ခြင်းသည် နော်ဝေနိုင်ငံအား မြန်မာ ပြည်သူများက အစဉ်အမှတ်ရနေမည်ဟုလည်း အိပ်ဖွင့် ပေးစာတွင် ဖော်ပြသည်။
နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပေးရန်ရှိသည့် ဒေါ်လာ ဘီလျံနှင့် ချီသည့် ကြွေးမြီများကို လျှော်ပစ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်ရန် ဘဏ္ဍာရေးနှင့်တကွ တိုက်တွန်း ပြောဆိုမှုများကိုလည်း အသိအမှတ်ပြုကြောင်းလည်း ဖော်ပြ ထားသည်။
နော်ဝေဘုရင် Harald V သည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး နော်ဝေဘုရင်နှင့် အတူပါလာမည့် နော်ဝေ အစိုးရခေါင်းဆောင်များကလည်း မြန်မာအစိုးရနှင့် အကူအညီပေးရေး နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုး ရန် ရှိသည်။
နော်ဝေဘုရင်နှင့် နော်ဝေအစိုးရခေါင်းဆောင်များ၏ မြန်မာနိုင်ငံခရီးစဉ်မစတင်ခင် ယခုရက်ပိုင်း အတွင်း၌ပင် နော်ဝေနိုင်ငံ သား ခံယူထားသူ မြန်မာတချို့အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့သည်။
မြန်မာနိုင်ငံသားဟောင်း လက်ရှိ နော်ဝေနိုင်ငံသားအဖြစ်ခံယူထားကြသူ အဆိုတော် ကိုမွန်းအောင်နှင့် ၎င်း၏ ဇနီး၊ ကဗျာ ဆရာ ကိုချိုစိမ့်တို့သည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် လျှောက်ထားခဲ့ သော်လည်း ၎င်းတို့အား အထက်ညွှန်ကြားချက်အရ ဗီဇာ မပေးနိုင်ဟု ပြောဆိုငြင်းပယ်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းတို့၏ နိုင်ငံသားအား မြန်မာနိုင်ငံမှ ဗီဇာ မပေးခဲ့သည့် အပေါ် မည်သို့ လုပ်ကိုင်ဆောင်ရွက်သွားရန်ရှိမည်ကို သိလို၍ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ယခုထိ အကြောင်း မပြန်ကြားသေးပေ။