ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ နာမည်ကျော် အင်းလေး ဖောင်တော်ဦးဘုရား ရင်ပြင်တော် ရွှေဆိုင်းဌာနမှ ငွေသေတ္တာသည် နိုဝင်ဘာ ၂၆ ရက်နေတွင် ဖောက်ထွင်းခံခဲ့ရပြီး ရွှေငွေ၊ လက်ဝတ် ရတနာများနှင့် ငွေစက္ကူများ အပါအဝင် တန်ဘိုး ကျပ်သိန်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့သည်ဟု သိရသည်။
အင်းလေး ဖောင်တော်ဦးဘုရား ဂေါပက အဖွဲ့ဝင် ရွှေဆိုင်းဌာနမှ စိုင်းအောင်ကျော်ထွန်းက “ဖောက်ထွင်းခံရမှန်းကို မနေ့က ညနေ ၅ နာရီကျမှ သိတာ။ ပိုက်ဆံသိမ်းမယ်ဆိုပြီး ငွေထည့်တဲ့ သံဗီဒိုကို ဖွင့်လိုက်တော့ သော့တံက ထိုးလို့ မရတော့ဘူး။ အဲဒါနဲ့ တံခါးဆွဲဖွင့်လိုက်တော့ အသာလေး ပွင့်သွားတယ်။ အထဲမှာကြည့်တော့ ဘာမှ မရှိတော့ဘူး။ ပါသွားတာ ခန့်မှန်းဆိုရင် လက်ဝတ် ရတနာတွေရော၊ ငွေစက္ကူတွေရော အားလုံး သိန်း ၁၀၀ ကျော်လိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။
ဖောက်ထွင်းမှု ဖြစ်ပွားသည့် ရွှေဆိုင်းဌာနသည် အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ကိန်းဝပ်ရာ
အနီးတွင် တည်ရှိပြီး ယခုနှစ် အတွက် ကျပ်သိန်း ၁၂၆၀ ဖြင့် ကန်ထရိုက် ပေးထားကြောင်း၊ ဖောက်ထွင်းသူများက ရွှေဆိုင်းဌာန အနီးရှိ ငွေသိမ်းသည့် သေတ္တာကို ဖောက်ထွင်းသွားခဲ့ခြင်း ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင်များက ဆိုသည်။
“ဒီလိုဖြစ်တဲ့ ကိစ္စကို ရဲတွေကို အကြောင်းကြားတော့ မနေ့က သူတို့ ဘုရားမှာလာပြီး စစ်ဆေး ကြတယ်။ အမှုဖွင့်ဖို့ကိုတော့ ရွှေဆိုင်းဌာန တာဝန်ရှိသူက ခရီးလွန်နေတော့ သူပြန်လာမှ ဖွင့်ပေးမယ် ပြောတယ်” ဟု ဘုရားတည်ရှိရာ သာလေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဦးက ပြောသည်။
အင်းလေး ဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ်တွင် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့သော်လည်း ဘုရားကို ပိတ်ထားခြင်း မရှိဘဲ ဘုရားဖူး ပြည်သူများ အဆင်ပြေစေရန် ပုံမှန်အတိုင်း ဖွင့်လှစ် အပူဇော်ခံလျှက် ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ နန့်ပန်ရဲစခန်းမှ တပ်ကြပ်ကြီး ခင်မောင်စီ က “ကျနော်တို့ ရရှိတဲ့ သတင်းအပေါ်မှာ အခြေတည်ပြီးတော့ တရားခံတွေ မိဖို့ကို မနေ့ကတည်းက လှုပ်ရှားဆောင်ရွက် နေပါတယ်။ မသင်္ကာဖွယ်ရာ လူတွေကို ရှာဖွေ စစ်ဆေး နေတယ်။ သူတို့ ထွက်ပေါက် ဖြစ်နိုင်တဲ့ နေရာတွေကို ပိတ်ဆို့ ရှာဖွေနေတယ်” ဟု ပြောသည်။
အင်းလေးဖောင်တောင်ဦး ဘုရားတွင် ယခုကဲ့သို့ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦးဘုရားသည် ညောင်ရွှေမြို့ရှိ ကမ္ဘာကျော် အင်းလေးကန် အတွင်းရှိ နမ့်ဟူးရွာတွင် တည်ရှိပြီး နှစ်စဉ် သီတင်းကျွတ်လတွင် ကျင်းပပြုလုပ်သည့် အင်းလေး ဖောင်တော်ဦးဘုရား ပွဲတော်မှာ မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာ အထိပါ ထင်ရှားကျော်ကြားသည်။