Human Rights

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အင်တာနက် စာမျက်နှာကို ထိုင်းစစ်အစိုးရ ပိတ်ပင်

This article has been converted from Zawgyi One to Unicode

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch-HRW) ၏ ထိုင်းနိုင်ငံ ဆိုင်ရာ အင်တာနက်စာမျက်နှာ ကို ထိုင်းနိုင်ငံ အစိုးရက ပိတ်ပင်လိုက်ပြီဖြစ်သည်။

ထိုင်းအစိုးရအား ကန့်ကွက်ဆန့်ကျင်မှုများကို ဖြိုခွဲခဲ့မှုများနှင့် ပတ်သက်၍ HRW က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ပြီးနောက် HRW စာမျက်နှာ (http://HRW.org/asia/thailand) ကို ထိုင်းအစိုးရက ပိတ်ပင်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံရှိ အင်တာနက် အသုံးပြုသူများအနေဖြင့် အဆိုပါ စာမျက်နှာအား သွားရောက်ကြည့်ရှုသည့် အခါ ထိုင်း အစိုးရ သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ကြီးဌာနက ပိတ်ပင်လိုက်ကြောင်း စာတမ်းပါသည့် အစိမ်းရောင် စာမျက်နှာကိုသာ တွေ့ရမည်ဖြစ်သည်။

“HRW ရဲ့ အင်တာနက်စာမျက်နှာကို ထိုင်းနိုင်ငံတွင်းမှာ ကြည့်လို့မရအောင် ပိတ်ပင်လိုက်တယ် ဆိုတာ ထိုင်းစစ်အစိုး ရ အဖို့ လိုအပ်တယ်လို့ ခံစားရလို့ ဖြစ်တယ်ဆိုတာပါပဲ။ ကျနော်တို့ကတော့ မှန်ကန်တဲ့ အရာကို ဆက်လုပ်နေမှာ ပါပဲ” ဟု HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ဘန်ကောက်ပို့စ်သို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်း စစ်တပ်က အာဏာသိမ်းလိုက် ပြီးနောက်ပိုင်း လူမှု ကွန်ရက် စာမျက်နှာများ တွင် ကန့်ကွက်သည့် ဖော်ပြချက်များ အရှိန်အဟုန်ဖြင့် ဖော်ပြခဲ့ပြီးနောက်၊ စက်ကရိယာ ချို့ယွင်းသည်ဟု အကြောင်း ပြကာ ထိုင်းအစိုးရက Facebook ကို နာရီပိုင်းကြာ ပိတ်ပင်မှု လုပ်ဆောင်ခဲ့သေးသည်။

ထိုစဉ်က ထိုင်းနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့်ကို ဟန့်တားပိတ်ပင်မှုအတွက် နိုင်ငံတကာမှ သတင်းလွတ်လပ်ခွင့် နှင့် အင်တာနက် လွတ်လပ်ခွင့်အရေး ဆောင်ရွက်နေသူများက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကလည်း အင်တာနက် စာမျက်နှာများ ပိတ်ပင်မှုကို လုပ်ဆောင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

၂၀၀၇ ခုနှစ်တွင် အင်တာနက် လိပ်စာ ၂ ခု၊ ၂၀၀၈ ခုနှစ်တွင် ၂၀၇၁ ခု၊ ၂၀၀၉ ခုနှစ်တွင် ၂၈၇၀၅ ခု၊ ၂၀၁၀ ပြည့်နှစ် တွင် ၄၃၉၀၈ ခုတို့ကို တရားရုံး ဆုံးဖြတ်ချက်ဖြင့် ပိတ်ပင်ခဲ့သည်။

ထိုင်း ဘုရင် မိသားစုနှင့် တော်ဝင်နန်းတော်ကို ထိခိုက်စေသည့် ရေးသားဖော်ပြခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် တချို့ နိုင်ငံရေး ကိစ္စများကြောင့် ပိတ်ပင်ခြင်းသည် ၇၇ ရာခိုင်နှုန်းနှင့် အများဆုံး ပိတ်ပင်မှုဖြစ်ပြီး တခြားပိတ်ပင်မှုမှာ လိင် အသားပေး ဖော်ပြသည့် စာမျက်နှာများ ဖြစ်ကာ ၂၂ ရာခိုင်နှုန်း ပိတ်ပင်ခဲ့သည်။

Loading