ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ စစ်တပ်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား ယမန့်နေ့က တိုက်ပွဲများ ထပ်မံ ဖြစ်ပွားကြောင်း သတင်းရသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ နမ့်ဆန်မြို့နယ်ရှိ မန်လွယ်ကျေးရွာနှင့် လွယ်ခမ်းကျေးရွာကြား နှင့် နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာအနီးတွင် ယမန့်နေ့က တိုက်ပွဲ ၂ နေရာ ဖြစ်ပွားခဲ့ကြောင်း၊ ဘိန်းမစိုက်ပျိုးရန်အတွက် TNLA က ပညာပေးမှု ပြုလုပ်နေသည့် အချိန် တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေး ဌာနမှ တာဝန်ခံ မိုင်းအိုက်ကျော် ကဧရာဝတီသို့ပြောသည်။
“ဘိန်းစိုက်ရာသီဆိုရင်တော့ တိုက်ပွဲကတော့ အရှိန်မြင့်နေမှာပါ။ ကျနော်တို့ တပ်ဖွ့ဲက ပြည်သူတွေကို ဘိန်းမစိုက်ဖို့အတွက် ပညာပေးဖို့ သွားတဲ့အချိန်မှာ အစိုးရတပ်နဲ့ ထိပ်တိုက်တွေ့တာတွေ နှောင့်ယှက်တာတွေကြောင့် တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ဘက် ကတော့ ကျဆုံးမရှိဘူး။ အစိုးရဘက်ကတော့ နမ့်ဆန်မြို့နယ်မှာ ၃ ဦးနဲ့ နမ့်ခမ်းဘက်မှာ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ ကြားပါတယ်”ဟု မိုင်းအိုက်ကျော်က ပြောဆိုသည်။
နမ့်ဆန်မြို့နယ်ရှိ အစိုးရ တပ်မ ၇၇ ၊ နမ့်ခမ်းမြို့နယ်ရှိ တပ်မ ၈၈ တို့နှင့် ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး TNLA နှင့် အစိုးရ တပ်များအကြား ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး နိုဝင်ဘာလ အထိ တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ်များတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
TNLA ထိန်းချုပ်ရာဒေသတွင် လက်ရှိအခြေအနေထိ ဘိန်းစိုက်ပျိုးမှု မည်မျှ ရှိနေသည်ကို မသိရှိသေးကြောင်း၊ ယခုနှစ် ဘိန်းစိုက် ရာသီတွင် လျော့နည်းလာသည်ကို တွေ့ရကြောင်း၊ လက်ရှိတွင် ဘိန်းဖြတ်ရန် ဆန္ဒရှိသူများကို ရွေ့လျား လှုပ်ရှားမှုဖြင့်(Mobile Team) ဖြင့် ကုသပေးနေကြောင်း၊ ယခုနှစ်အတွင်း ဘိန်းဖြတ်သူ ၅၀ ခန့်ရှိကြောင်းကိုလည်း မိုင်းအိုက်ကျော်က ပြောပြသည်။
“ကျနော်တို့ နမ့်ဆန် အနီးတဝိုက် ကျေးရွာတွေကတော့ တိုက်ပွဲဖြစ်တဲ့အသံတွေ အမြဲတမ်းကြားနေရတယ်။ ကျေးရွာတွေမှာဖြစ် တော့ ဒေသခံတွေက မြို့ထဲကို ရှောင်လာနေကြတယ်။ တိုက်ပွဲကြောင့်လည်း ပြည်သူတွေက ပိုပြီး ထိခိုက်နစ်နာရတယ်”ဟု နမ့်ဆန်မြို့မှ ဒေသခံအမျိုးသား တဦးက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် တချို့ကလေးငယ်များ ပညာသင်ကြားခွင့်မရကြောင်း၊ စစ်ပွဲကြောင့် ဆရာ၊ ဆရာမများလည်းမလာ ရဲ ကြကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေး အမြန်လိုအပ်နေကြောင်းလည်း ၎င်း က ပြောဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်း မြို့နယ်ရှိ အစိုးရ တပ်မ (၁၁)၊ တပ်မ (၅၅)၊ တပ်မ (၈၈)၊ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတပ်ဖွဲများသို့ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက စစ်သည်အင်အား ၁၀၀၀ ကျော် တိုးချဲ့ချထားသည်ကို တွေ့ရကြောင်း လည်း TNLA ပြန်ကြားရေး တာဝန်ခံ က ပြောဆိုထားသည်။
TNLA က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က နိုင်ငံတော် သမ္မတရုံးသို့ စာပေးပို့ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။
TNLAနှင့် အစိုးရသည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ထပ်မံ တွေ့ဆုံမှု မရှိဟု ဆိုသည်။
TNLA နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့ တပ်စခန်းချသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။