ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် နယ်မြို့များတွင်ပါ ကျောင်းသားများ၏ သပိတ်မှောက် ဆန္ဒပြတောင်းဆိုနေသည့် အမျိုးသား ပညာရေး ဥပဒေကို ဥပဒေလမ်းကြောင်းအတိုင်း ပြင်ဆင်ရန် ညှိနှိုင်း ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန် က ပြောကြားခြင်း ဖြစ်သည်။
“ပြည်ထောင်စု လွှတ်တော်မှာ ပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်လိုတာတွေ၊ ဖြည့်စွက် လို တာ တွေ ရှိကြပါတယ်။ အဲဒီတော့ ဥပဒေ နည်းလမ်းတွေအတိုင်း ပြင်ဆင်ဖြည့်စွက်ဖို့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ လိုအပ်တဲ့ တွေ့ဆုံမှု ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။
ထို့နောက် တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကိုလည်း ၎င်းအနေနှင့် လိုလားကြောင်း ဆက်လက် ပြောကြားသည်။
“တက္ကသိုလ်တွေမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ၊ နောက် ကျောင်းသား သမဂ္ဂ (Union) ဖွဲ့စည်းခွင့်တွေဆိုတာ တက္ကသိုလ် ပညာရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ခံယူထားပါတယ်။ အဲဒီတော့ ကျောင်းသား သမဂ္ဂ ပေါ်ပေါက်ရေးနဲ့ ပညာရေး လွတ်လပ်ခွင့်ဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြု လက်ခံလာအောင်၊ အဲဒီတော့ ကျောင်းသား သမဂ္ဂ ဖွင့်စည်းခွင့်ကို ညှိနှိုင်း ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။
သမ္မတ ဦးသိန်းစိန်က အမျိုးသား ပညာရေး ဥပဒေသည် ပညာရေးစနစ် ပြောင်းလဲရန် စမှတ် တခုဖြစ်သည့်အတွက် ယင်းဥပဒေ ကို ပဲ ပြန်လည် ပြင်ဆင်ရန်နှင့် ဥပဒေအပေါ် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၊ ပညာရေး ဝန်ကြီးဌာန၊ တက္ကသိုလ် ကျောင်းများနှင့် ဆရာ၊ ကျောင်းသား၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုမည်ဟုလည်း ပြောကြားသွားသည်။
အမျိုးသား ပညာရေး ဥပဒေအပေါ် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်က စပြီး လေးရက်ကြာ သပိတ်မှောက် ဆန္ဒပြမှုအပြီးတွင် ကျောင်းသားများ၏ ရက်ပေါင်း ၆၀ အတွင်း အစိုးရမှ တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ပေးရန် တောင်းဆိုထားသည့် အချက်အပေါ် သမ္မတ ဦးသိန်းစိန်အနေနှင့် ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောကြားခြင်းလည်း ဖြစ်သည်။
သို့သော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်များသည် ယေဘုယျ ဆန်သည့်အတွက် အစိုးရဘက်မှ တိကျသည့် ပြောကြား ချက် မျိုးကိုသာ လိုလားကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီမှ ကိုနန္ဒစစ်အောင်က ပြောသည်။
“သမ္မတ ပြောသွားတဲ့အထဲမှာ ကျနော်တို့ တောင်းဆိုချက်ကို အသိအမှတ်ပြုပြီးတော့ ဆွေးနွေးတဲ့ ပုံစံမျိုးတွေ မဟုတ်ဘဲ အစိုးရ ဘက် က ပြောနေတဲ့ ကျောင်းသား တယောက်ချင်းစီ လာဆွေးနွေးနိုင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျနော်တို့ တောင်းဆို ထား တဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှုကို ပြောတာလား၊ ဘယ်သူနဲ့ ဆွေးနွေးမယ်၊ ဘယ်လို ဆွေးနွေးမယ်ဆိုတဲ့ တိကျတဲ့ အဖြေမျိုးကို ကျနော် တို့ လိုချင်တာပါ”ဟု ၎င်းက ဆိုသည်။
ကိုနန္ဒစစ်အောင် က ဆက်လက်ပြီး “ကျနော်တို့ အခု ဖွဲ့စည်းထားတဲ့ ကျောင်းသား သမဂ္ဂတွေကို အသိအမှတ်ပြုတဲ့ သဘောလား၊ ဒါမှ မဟုတ် ဥပဒေအရ ပေါ်လာမယ့် ကျောင်းသားသမဂ္ဂတွေကို ဆိုလိုတာလားဆိုတာ ကျနော်တို့ သံသယ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အရှေ့မှာ ဥပမာတွေ ရှိနေလို့ပါ။ ပြီးသွားရင် လိုသလို ပုံသွင်းခံနေရတာမျိုးတော့ ကျနော်တို့ မဖြစ်ချင်ပါဘူး”ဟု လည်း ပြောဆိုသည်။
သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်သော်လည်း သပိတ်မှောက် ကျောင်းသားများအနေနှင့် ယနေ့တွင်လည်း မန္တလေး ၌ အမျိုးသား ပညာရေး ဥပဒေအပေါ် တောင်းဆိုဆန္ဒပြမှုများ လုပ်ဆောင်နေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂၊ ၂၃ ရက် နှစ်ရက်ဆက်တိုက် မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂက မြင်းခြံမြို့တွင် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြပြီး နိုဝင်ဘာ ၂၅ ရက်တွင်လည်း မုံရွာ ခရိုင် ကျောင်းသားများ သမဂ္ဂ က မုံရွာမြို့တွင် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။
နိုင်ငံတဝန်းရှိ မြို့နယ်အသီးသီး၊ ခရိုင် အသီးသီးမှ ကျောင်းသား သမဂ္ဂများအနေနှင့် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် ထား သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အနေနှင့် နည်းလမ်းအမျိုးမျိုးနှင့် ဆန္ဒထုတ်ဖော်သွားရန် ရှိကြောင်း စုံစမ်းသိရသည်။
ကျောင်းသားများသည် လေးရက်မြောက် ဆန္ဒပြသပိတ်မှောက်မှုအပြီး ညနေပိုင်းတွင် နိုဝင်လာလ ၁၇ ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း အစိုးရ တာဝန်ရှိသူများက သပိတ်မှောက် ကျောင်းသားများ တောင်းဆိုထားသည့် လေးပွင့်ဆိုင်တွေ့ဆုံမှုမျိုး လာရောက် စေ့စပ်ညှိနှိုင်းခြင်း တစုံတရာ မရှိလျှင် လက်ရှိပြုလုပ်နေသော သပိတ်မှောက်ဆန္ဒပြမှု ပုံစံထက် ပိုမိုပြင်းထန်သော၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများကို ဆင်နွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။