တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား ရပ်တန့်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ညှိနှိုင်းနေကြကြောင်း သိရပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) က ကိုယ်စားလှယ်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ် စဲ ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်တွေ မနေ့ က ဆွေးနွေး ညှိနှိုင်းခဲ့ကြတာပါ။
ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Sheik Istana Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးလှမောင်ရွှေ ဦးဆောင် တဲ့ MPC ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ဟံသာ၊ ဗိုလ်ချုပ် ဂွန်မော်၊ ပဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ပါဝင်တဲ့ NCCT အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
“ခရစ္စမတ် မတိုင်ခင် တွေ့နိုင်ဖို့ အဆိုပြုတယ်။ ဒါကလည်း ကျနော်တို့က အဖြေပေးလို့မရသေးဘူး။ ကျနော်တို့ထဲမှာ ကျေလည် အောင် ညှိနှိုင်းရမယ်။ လိုင်ဇာမှာဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ နည်းနည်းတချို့ခံစားချက်တွေ မကောင်းဘူး၊ အဲဒါတွေရှိနေတော့ ကျနော် တို့ကြားမှာ ရှင်းလင်းပြီးတော့မှပဲ အဖြေပေးနိုင်မယ်”လို့ အစည်းအဝေး အပြီးမှာ NCCT ခေါင်းဆောင် နိုင်ဟံသာက သတင်းထောက် တွေကိုပြောပါတယ်။
ဒီနှစ် စက်တင်ဘာလထဲမှာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နဲ့ NCCT ခေါင်းဆောင် တွေအကြား ရန်ကုန်မြို့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ရှေ့မ ဆက်နိုင်ပဲဖြစ်နေခဲ့ တာပါ။
ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်သွားဖို့ မူလက သဘောတူညီမှု ရရှိခဲ့ကြပေမယ့် အစိုးရ ဟာ စစ် တပ်ရဲ့ ဖိအားပေးမှုတွေကြောင့် နောက်ပြန်ဆုတ်သွားတဲ့ အခြေအနေတွေဖြစ်ခဲ့ရတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြော ပါ တယ်။
ဒါ့အပြင် တိုင်းရင်းသားတွေဘက်က သုံးနှုန်း ပြောဆိုနေတဲ့ တော်လှန်ရေး ဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့လည်း နှစ်ဘက် ပြေလည်မှုမရရှိသေးသလို ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်တာရမယ့် ကျင့်ဝတ် စည်း ကမ်း၊ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ စတဲ့ ကိစ္စရပ်တွေမှာလည်း သဘောတူညီမှု မရရှိခဲ့ကြသေးတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။
ဒီလိုဆွေးနွေးပွဲတွေ ရပ်တန့်နေဆဲကာလမှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က ကချင် လွတ်လပ်ရေး အဖွဲ့(KIO) လိုင်ဇာ ဌာနချုပ်ရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို အစိုးရ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ယုံကြည်မှု တည်ဆောက်ရေး အခြေအနေတွေကို ထိခိုက်မှုရှိကြောင်း ဒီကနေ့ တွေ့ဆုံပွဲမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း နိုင်ဟံသာ က ပြောပါတယ်။
MPC ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးလှမောင်ရွှေ ကတော့“အခက်အခဲရှိတယ်။ စိန်ခေါ်မှုတွေရှိတယ်။ ကျနော့်အမြင် ပြော ရရင်တော့ လိုင်ဇာဖြစ်စဉ်ရဲ့နောက်ပိုင်းမှာ အခုလို ပြန်တွေ့ပြီး ဆွေးနွေးနိုင်တဲ့ အပေါ်မှာတော့ ကျနော်တို့က အားရပါတယ်။ ဒါက တတိုင်းတပြည်လုံးအတွက် ပိုပြီးတော့ ကောင်းမွန်မယ့် အခြေအနေတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်”လို့ ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
UPWC နဲ့ NCCT တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ပြန်လည် စတင်နိုင်ဖွယ်ရှိပြီး NCCT အဖွဲ့အတွင်း ဆွေးနွေးပွဲကိုတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား၂၀၁၄ ခုနှစ်အတွင်းမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ထိုးဖြစ်ဖို့ အခြေအနေ ရှိမရှိဆိုတဲ့ မေးမြန်းမှုကိုတော့ နိုင်ဟံသာ က ဖြစ်ဖို့ မလွယ်ဘူး လို့ ပြောဆိုပါတယ်။