မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို လာမည့် ၂၀၁၅ ခုနှစ် အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုများပြားလာသည့် အချိန်တွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် လုပ်သားများကျန်းမာရေး သည် အဓိက ကျနေသည့်အတွက် အဆိုပါ ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိသည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်အေးက ပြောသည်။
ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရုံးတွင် နိုဝင်ဘာ ၂၃ ရက် က ပြုလုပ်သည့် လုပ်ငန်းခွင်ဘေးအန္တရယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ် သည်။
“နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကဖြစ်တဲ့ အလုပ်သမားထု အတွက် ကျန်းမာကြံ့ခိုင်နေဖို့ လိုပါတယ်၊ အရည်အသွေးမီဖို့ လိုပါတယ်၊ အဲဒီလိုမရှိဘဲနဲ့တော့ အောင်မြင်တဲ့စီးပွားရေးနိုင်ငံ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး မရှိဘူးဆိုရင် နိုင်ငံတကာက ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လက်တွန့်သွားနိုင်တာကြောင့် ကြိုတင် ဖန်တီးကြဖို့ လိုတယ်”ဟု ဝန်ကြီး ဦးအေးမြင့်က ပြောဆိုသည်။
ယင်းဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျပန်နှင့်ကိုရီးယားနိုင်ငံ အပါအဝင် အခြား အိမ်နီးချင်းနိုင်ငံများတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) နှင့် ကိုရီးယား နိုင်ငံ အလုပ်သမား ဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီ တို့နှင့် ပူးပေါင်းဆောင်ရွက်နေပြီဟု သိရသည်။
“ကျမတို့နိုင်ငံမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ဖို့ဆိုတာကို ကုန်ကျစရိတ်တခုအနေနဲ့ မြင်နေပါသေးတယ်၊ အဘက် ဘက်က ကြည့်မယ်ဆိုရင် Safety က skill တခုအနေနဲ့ပါဝင်နေပါပြီ၊ ပြည်တွင်းကုမ္ပဏီတွေနဲ့တင် ရပ်တည်နေလို့မရတော့ဘဲ ကမ္ဘာမှာရှိတဲ့၊ မြန်မာမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်၊ အဲဒီလိုယှဉ်ပြိုင်ရာမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) ဆိုတာ စိန်ခေါ်နိုင်တဲ့အချက်တခု ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် ကျမတို့ဆီမှာ Safety နဲ့ ပတ်သက်တဲ့ ဗဟုသုတရရှိမှု အင်မတန်မှ နည်းနေသေးတယ်၊ စီမံခန့်ခွဲမှု လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး ပါဝင်မှု အားနည်းနေသေးတယ်”ဟု Global Enchanting Education Center မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ဆွေဝင်း က အဆိုပါ ပွဲတွင် ပြောကြားသည်။
Global Enchanting Education Center သည် ကုမ္ပဏီများ၊ စက်မှုဇုန်များတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ စီမံခန့်ခွဲမှုနှင့် ဘာသာစကားဆိုင်ရာ သင်တန်းများ ပို့ချလျက်ရှိသည့် သင်တန်းကျောင်းတခုဖြစ်သည်။
“ဘေးကင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာ မြန်မာ တနိုင်ငံတည်း မဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်းရှိပါတယ်၊ ဒါတွေကို သင်ခန်းစာယူရပါမယ်၊ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေဆီက အကြံဉာဏ်တွေ ယူပါမယ်”ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပြ သည်။
ဥပဒေမပြဋ္ဌာန်းနိုင်သေးမီ ကာလအတွင်း ဝန်ကြီးဌာနမှာ ကြီးကြပ်ပြီး စက်မှုဇုန်များ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများပေးခြင်း၊ သင်တန်းများပို့ချခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများပို့ချခြင်း ပြုလုပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ဖြစ်ပွားမှု များပြားသည့်လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စက်ရုံ အလုပ်ရုံလုပ်ငန်းများဖြစ်သည်။
“အရင်တုန်းကတော့ လုပ်ငန်းခွင်ထဲမှာ Safety နဲ့ပတ်သက်ပြီး သိပ်မတင်းကျပ်ဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ဆောက် လုပ်ရေးဆိုက်ထဲ ဝင်တော့မယ်ဆိုရင် ကာကွယ်ရေးပစ္စည်းစုံမှ ဝင်ခိုင်းတာတို့၊ Safety ပိုင်းကို နားလည်သူတွေကို ဝန်ထမ်း ခန့်ထားပြီး အန္တရာယ်ကင်းမကင်းစစ်ဆေးတာတို့ တင်းတင်းကျပ်ကျပ် လုပ်လာတယ်”ဟု တံတားစီမံကိန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းတံတားအင်ဂျင်နီယာ ကိုတိုးမြင့် က ပြောပြသည်။
စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားအများစုကမူ လုပ်ငန်းခွင်ဘေးအန္တရာယ် ဖြစ်ပွားပါကလည်း စက်ရုံမှ တာဝန် ယူမှု၊ တာဝန်ခံပေးမှု အားနည်းနေသလို ကျန်းမာရေးစောင့်ရှောက်မှု ပုံစံလည်း မရှိသလောက် နည်းပါးကြောင်း ပြောဆိုကြသည်။
“လူမှုဖူလုံရေးကတ်ဆိုပြီး ထုတ်ပေးတာ၊ ငွေဖြတ်ထားတာကလွဲလို့ ဘာကျန်းမာရေး ခံစားခွင့်မှ မရပါဘူး၊ နေမကောင်းလို့ဖြစ်ဖြစ်၊ စက်ရုံထဲမှာ ကျန်းမာရေးကြောင့် တခုခုဖြစ်ပြီး နားရတာဖြစ်ဖြစ် တရက်ပျက်ရင်တောင် ရက်မှန်ကြေး၊ ဆုကြေး တွေ မရတော့ဘူး” ဟု လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံအလုပ်သမားတဦးဖြစ်သူ ကိုထွန်းထွန်းလင်းက ရှင်းပြသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်ငန်းအများအပြားတွင် ယခင်ထက် ဦးစားပေး ဆောင်ရွက်လာကြောင်း၊ သို့သော် အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များစွာ ရှိနေဆဲဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO ) မှ ၂၀၁၃ ခုနှစ်အတွင်း ကောက်ခံခဲ့သည့်စစ်တမ်းအရ တကမ္ဘာလုံးတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် သေဆုံးသူအလုပ်သမား ၂ သန်းကျော်ရှိနေပြီး နိုင်ငံတနိုင်ငံ၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP) အချိုး ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ဆုံးရှုံးလျက်ရှိသည်ဟု သိရသည်။