အစိုးရ တပ်မတော် နှင့် မြန်မာမီဒီယာများ ပထမဆုံး အကြိမ် ပြုလုပ်မည့် ဝပ်ရှော့(အလုပ်ရုံ ဆွေးနွေးပွဲ) ကို ဒီဇင်ဘာလ အတွင်း ကျင်းပ ရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က ပြောသည်။
ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ရုံးခန်း၌ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည့် အချက် အလက်များကို ညှိနှိုင်းမှု ပြုလုပ်ကြောင်း သိရသည်။
ယင်းအချက်များမှာ တပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စီးဆင်းမှု ချောမွေ့မြန်ဆန်စေရေး၊ တပ်နှင့် မီဒီယာ ဘက် တွင် ရှိနေသည့် အခက်အခဲများကို အပြန်အလှန် နားလည်မှုရရေး ဆွေးနွေးရန်၊ တပ်နှင့် ပတ်သက်သည် သတင်းများလိုက်သည့် အခါ ကျင့်သုံးရန် လုပ်ထုံးလုပ်နည်းများ ပေါ်ထွက်လာရေး စဉ်းစားရန် တို့ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။
“ဆွေးနွေးပွဲကို ဒီဇင်ဘာ ဒုတိယ ပတ်မှာ လုပ်ဖို့ မျှော်လင့်ပါတယ်။ ရက်အတိအကျတော့ မသိသေးဘူး။ တပ်ဘက်က ဘယ်သူတွေ တက်မယ်ဆိုတာလည်း မသိသေးဘူး။ ကကပြည် (တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ဌာန)ဘက်က ဒုညွန်မှူး အဆင့်တက်မယ် လို့တော့ ကြားထားပါတယ်။ မီဒီယာဘက်ကတော့ ၂၀ကျော်လောက် မှန်းထားပါတယ်”ဟု ဦးမြင့်ကျော် က ပြောပြသည်။
တပ်နှင့် မီဒီယာ ပူးပေါင်းပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အခက်အခဲဖြစ်နေသည့် ကိစ္စများ၊ တပ်နှင့်ဆိုင်သည့် သတင်းအချက် အလက်များ အတည်ပြုရန် နှင့် ပြည်သူအများ သိလိုသည့် အချက်လက်များ၊ ပြည်သူသိသင့်သည်များ ကို မီဒီယာတွင် မြန်မြန် ဆန်ဆန် ဖော်ထုတ် နိုင်မည် ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
မြန်မာ စာနယ်ဇင်းကောင်စီ(ယာယီ) ဒု ဥက္ကဋ္ဌ ဦးခင်မောင်လေး ကလည်း“ဒီအခွင့်အရေးကို အလားအလာကောင်း အဖြစ်နဲ့ ရှုမြင်ပြီးတော့ နောက်ဆို တပ်နဲ့ သတင်းမီဒီယာတွေ ကြားမှာ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာအောင်လုပ်ကြဖို့ ဆွေးနွေးကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဝပ်ရှော့တွင် ဆွေးနွေးမည့် ခေါင်းစဉ်များကို ၃ ယောက် တဖွဲ့ဖွဲ့ပြီး ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ကျစ်ကျစ်လျစ်လျစ်နှင့် သတင်း မီဒီယာ ဘက်က လိုချင်သည့် အခြေအနေမျိုးဖြစ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။
နေပြည်တော်တွင် နိုဝင်ဘာလ ၂၃ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် အရာရှိကြီး ၉ ဦး အပါအဝင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင်များ ဖြစ်သော ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဒေါ်နန်းကလျာဝင်း၊ ဦးဖေမြင့်၊ ဦးသီဟစော၊ ဦးကိုကို၊ ဦးရဲမင်းဦး၊ ဦးမြင့်ကျော်၊ ဦးခင်မောင်ဌေးတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
လက်ရှိတွင် တပ်မတော်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို မြဝတီ Web Portal တွင် အချိန်နှင့် တပြေးညီ တင်ပေး ထားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ (ယာယီ)တို့ ပထမအကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံမှု နောက်ပိုင်း အလွတ် သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ လိုင်ဇာရှိ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) စစ်သင်တန်း ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့နှင့် ပတ်သက်ပြီး တပ်မတော်၏ သတင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တဆင့် သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)တို့ ပထမအကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်သော် ၊ ဗိုလ်ချုပ် စိုးနိုင်ဦး ၊ ဗိုလ်ချုပ် အောင်ရဲဝင်း တို့ ၃ ယောက်ကို Contact Person အဖြစ် ဆက်သွယ်ရန် သတ်မှတ်ပေးခဲ့သည်။