ရန်ကုန်မြို့ ကမ်းနားလမ်း တလျှောက်တွင် ပြေးဆွဲမည့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှု လုပ်ငန်းများ ပြီးဆုံးခြင်း မရှိသေးသော်လည်း လာမည့် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်ပြီး RBE လူစီးတွဲ ၂ တွဲဖြင့် တနေ့လျှင် ၁၄ ခေါက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
“ပရောဂျက်ရဲ့ မှတ်ချက်ကြည့်တော့ လေးလခန့် ကြာမြင့်မယ် မှန်းထားပေမယ့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် အားလုံး ပူးပေါင်းပြီး၊ တလခွဲအတွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်’’ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ယနေ့ မီဒီယာများကို တွေ့ဆုံစဉ် ပြောသည်။
ကမ်းနားလမ်း တလျှောက် ပြေးဆွဲမည့် ရထားခရီးစဉ်ကို လင်းစဒေါင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ ဆူးလေဘုရားလမ်း၊ စဉ့်အိုး တန်း လမ်း၊ မော်တင်၊ ဝါးတန်းလမ်း၊ သခင်မြပန်းခြံ၊ ထော်လီကွေ့ အထိ ပြေးဆွဲရန် သတ်မှတ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
ကမ်းနားလမ်း ရထားလမ်း ဖြတ်သန်းရာ တလျှောက်ရှိ လမ်းပိုင်းတနေရာတွင် အေးရှားဝေါလ် ကုမ္ပဏီမှ တည်ဆောက်ထားသည့် ဆိပ်ကမ်းမှ ချထားသော ကွန်တင်နာသေတ္တာများ စုစည်းထားသည့် နေရာနှင့် ကပ်လျှက်ရှိနေသဖြင့် ရထားစီးသူများ အန္တရာယ် ကင်းစေရန် မြန်မာဆိပ်ကမ်း အာဏာပိုင်နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက် နေသည်ဟု ဦးထွန်းအောင်သင်း က ဆက် ပြောသည်။
ကမ်းနားလမ်း တလျှောက် ပြေးဆွဲမည့် ရထားခရီးစဉ် လက်မှတ်နှုန်းထားများကို တစောင်လျှင် ၁၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ ခရီးစဉ် အစအဆုံးသာမက ကြားဘူတာများမှ စီးလျှင်လည်း လက်မှတ် ၁ စောင်လျှင် ၁၀၀ ကျပ်သာ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ရထားပလက်ဖောင်း တည်ဆောက်မှု အခြေအနေမှာ ပြီးစီးခြင်း မရှိသေးဘဲ ဗိုလ်တထောင်မြို့နယ် တမြို့နယ်၌ သာ တည်ဆောက်ပြီးစီးထားကြောင်း၊ ရထားခရီးစဉ် ပြေးဆွဲရင်းဖြင့် ဆက်လက်တည်ဆောက် သွားမည် ဖြစ်ကြောင်း ဦးထွန်းအောင် သင်း က ပြောသည်။
ရထားလက်မှတ်များကို ရထားပေါ်တွင်သာ ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ ရထားလမ်းပိုင်း၌ လတ်တလောတွင် ကုန်တင်ရထားများ ပြေးဆွဲနေပြီး တလလျှင် ကုန်ရထား အဆင်းအတက် အစင်း ၃၀၀ ရှိသည်ဟု ဦးထွန်းအောင်သင်းက ဆက်ပြော သည်။
ကမ်းနားလမ်းဟောင်း ရထားလမ်းကို ၁၈၈၀ ခုနှစ် မတ်လ ၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြစ် တလျှောက်ရှိ ဆိပ်ကမ်းများမှ ကုန်စည်များကို ကုန်ရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရန် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ခုနှစ်တွင် လင်းစဒေါင်းမှ အလုံအထိ ကုန်ရထား လမ်းပိုင်းကို ဖြုတ်သိမ်းပြီး ရထားလမ်းနှင့် ကားလမ်းတွဲလျက် ပါဝင်သော ကမ်းနားလမ်းသစ်ကြီးကို ဖောက်လုပ်ခဲ့ပြီး ကုန်ရထား ပြေးဆွဲခြင်း လုပ်ငန်းကို ပြန်လည် ဆောင်ရွက်ခြင်း ဖြစ်သည်။