၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ကြားမှာ မမြင်နိုင်တဲ့ နိုင်ငံရေးအပေးအယူတွေ ရှိနေသလားဆိုပြီး မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ဝေဖန်သုံးသပ်မေးခွန်း ထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မပြင်ဆင်နိုင်တော့ဘဲ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သစ်က ဆက်လက်ဆောင်ရွက် အတည်ပြုသွားနိုင်မယ်လို့ ထုတ်ပြန်ပြောဆိုလိုက်တာမို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံလိုက်ရပါတယ်။
ဦးရွှေမန်းရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ထုတ်ပြန်ပြောဆိုချက်ကို တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေလင့်ကစား ဦးရွှေမန်းရဲ့ ပြောဆိုချက်က မှန်ကန်တယ်လို့ NLD ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောက်ခံကြိုဆိုတယ်လို့ ပြောဆိုလိုက်တဲ့အခါ နိုင်ငံရေးသမားအများစု အံ့အားသင့်သွားကြပါတယ်။
ဦးရွှေမန်းအနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၆ လအလိုမှာ အပြီးပြင်ဆင်မယ်လို့ လွှတ်တော်ကို တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့် အခုမှ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်မှာ အတည်ပြုပြင်ဆင်နိုင်မယ်လို့ ပြောဆိုတာက ရှေ့စကားနဲ့ နောက်စကား မညီတဲ့အတွက် ဝေဖန်ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းပြောတာ မှန်တယ်လို့ ထောက်ခံတဲ့အတွက် သူတို့ ၂ ဦးကြားမှာ နိုင်ငံရေးအပေးအယူတွေ သေချာပေါက်ရှိနေပြီလို့ တွက်ဆမှုတွေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မယ်လို့ ပြည်သူကို ကတိတွေပေးခဲ့ပြီးကာမှ ဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်ဆင်မယ်ဆိုတဲ့ ပြောဆိုချက်ကို ထောက်ခံလိုက်တာမို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဆိုကြပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊ တိုင်းရင်းသား တန်းတူညီအခွင့်အရေး ရရှိရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ရောက်မှု များစွာရှိပြီး တိုင်းရင်းသားအများစုက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုလားနေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ခြင်းမပြုဖို့ မူဝါဒချမှတ်ထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့လည်း ရှိနေတာမို့ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ဦးရွှေမန်းပြောဆိုချက်ကြောင့် အခက်ကြုံနေရပါတယ်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က “ကျနော်တို့လည်း မျက်စိလည်ကုန်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ရုတ်တရက် ထထောက်ခံလိုက်တော့ သူပြောတာ ရှေ့နောက် အရမ်းကွာသွားတယ်။ သူတို့ ၂ ဦးကြားမှာ သဘောတူညီမှု တခုခုရှိမလားမသိဘူး။ တခုခုတော့ ရှိနိုင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ဦးရွှေမန်းက ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ မဖြစ်နိုင်တာက ပြင်ဆင်လိုက်တဲ့ အခြေခံဥပဒေကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တွေကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ တိုင်းပြည်အန္တရာယ်ဖြစ်နိုင်တာကြောင့် နိုဝင်ဘာလနှောင်းပိုင်း ဗီအိုအေသတင်းဌာန (မြန်မာပိုင်း)နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းချက်တခုမှာ ပြောဆိုပါတယ်။
“ပြင်ဆင်ရေးမှာ အောင်မြင်သွားမယ်ဆိုရင် ဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမယ်ဆိုတဲ့ ပြောင်းလဲမှုပါသွားရင် ဒီနေ့ လက်ရှိ ရှိနေတဲ့ဝန်ကြီးတွေဟာ တမျိုးတမည်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီအတိုင်းပဲ ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတဲ့ တရားသူကြီးချုပ်များကိုလည်း လွှတ်တော်က ရွေးချယ် တာဝန်ပေးတဲ့သူများ ဖြစ်ရမယ်ဆိုလို့ရှိရင် အကုန်လုံး ကမောက်ကမ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာကို အသက်ဝင် လှုပ်ရှားမယ်ဆိုလို့ရှိရင် မဏ္ဍိုင်ကြီးသုံးရပ်အတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပြီးတော့မှ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်” လို့ ဦးရွှေမန်းက ဗီအိုအေကို ပြောဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဦးရွှေမန်းရဲ့ ပြောဆိုချက်ကို သဘောမတူဘဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ရဲ့ ထောက်ခံမှု၊ လူထုရဲ့ထောက်ခံမှုရှိရင် ပြင်ဆင်နိုင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် လွှတ်တော်သစ်ကျမှ အခြေခံဥပဒေပြင်ဆင်မယ်လို့ ပြောဆိုတဲ့ ဦးရွှေမန်းရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘူးလို့ ဆိုပါတယ်။
“အခြေခံဥပဒေကို ၂၀၁၅ မတိုင်မီ ပြင်ဆင်မယ်ဆိုရင်လည်း ရပါတယ်။ မဏ္ဍိုင်တွေကြားမှာ ပြဿနာမဖြစ်အောင် ပြင်ဆင်လိုက်တဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် ပထမဆုံး လွှတ်တော်အစည်းအဝေးမှာ တရားဝင် အသက်ဝင်မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တခု ဥပဒေတွေထဲမှာ ထပ်ဖြည့်လိုက်ရင်ကိုရပြီပဲ။ ဆိုလိုတာက ပြင်ဆင်တာ တွေအကုန်လုံးကို ရွေးကောက်ပွဲမတိုင်မီလုပ်၊ ပြင်ဆင်ချက်တွေအသက်ဝင်မှာက ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်ပြီဆိုတာနဲ့ အသက်ဝင်မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပဲ လုပ်ပေးဖို့ပဲလိုတယ်။ ဦးရွှေမန်းကို နားမလည်နိုင် တော့ဘူး” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် နားမလည်နိုင်အောင်ဖြစ်နေရတဲ့ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံနေတာကလည်း သူတို့ ၂ ဦးကြားမှာ အပေးအယူ ရှိနေတယ်ဆိုတဲ့ သံသယကို ပိုမိုခိုင်မာစေတယ်လို့ တချို့လွှတ်တော်အမတ်တွေက ဆိုပါတယ်။
အခြားတဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ဆန့်ကျင်နေတဲ့ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် မဲအများဆုံးအနိုင်ရတဲ့ ရွေးကောက်ပွဲစနစ် (FPTP) ကိုသာကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကော်မတီဖွဲ့၊ အချိန်များစွာပေးပြီး ဆောင်ရွက်ခဲ့ရတဲ့ PR စနစ်ကို ဦးရွှေမန်းရဲ့ ကြေညာချက်တခုတည်းနဲ့ အဆုံးသတ်ခဲ့ရတဲ့ အတွက် PR ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဦးရွှေမန်းကို အတော်ကိုမကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တို့က PR ကို လွှတ်တော်မှာ ကြိုတင်အသိမပေးဘဲ ရုတ်တရက် ရပ်ဆိုင်းမှုအပေါ် ဦးရွှေမန်းကို ဝေဖန်ခဲ့ကြပြီး အဲဒီဝေဖန်ချက်တွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကို လေးစားမှုမရှိတဲ့ ပြောဆိုချက်တွေပါဝင်လို့ဆိုပြီး ဦးရဲထွန်းနဲ့ ဦးအောင်ဇင်ကို သတိပေးဖို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီတာဝန်ခံတွေကို ဦးရွှေမန်းက ခေါ်ယူပြောဆိုခဲ့ပါသေးတယ်။
ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အတိုင်အဖောက်ညီနေတဲ့ လုပ်ဆောင်ချက်တွေကြောင့် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းအကြားမှာ ၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်းအတွက် အပေးအယူတွေ ဖန်တီးထားသလားလို့ မေးခွန်းထုတ်ပါတယ်။
“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲခြင်းမပြုတော့ဖို့ ဆုံးဖြတ်လိုက်တာ၊ ရွေးကောက်ပွဲစနစ် မပြင်ရင် NLD က လာမယ့်လွှတ်တော်မှာ အင်အားကြီးပါတီဖြစ်မယ်။ ပုဒ်မ ၅၉(စ) ကို ပြင်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပေးမယ်၊ ပြင်ပေးတာ အောင်မြင်ရင်တောင်မှ ၂၀၁၅ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ်တွေ ပေါ်လာပြီးနောက်ပိုင်းမှ အဲဒါကိုကျင့်သုံးနိုင်မယ်လို့ ပြောလိုက်တာ။ အဲဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း မှန်ကန်ကြောင်းထောက်ခံလိုက်တာ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတလုပ်ချင်တယ်လို့ ထပ်ပြောလိုက်တာ။ ဦးဟံသာမြင့်က ဦးရွှေမန်း သမ္မတဖြစ်ရေး NLD က ထောက်ခံသွားမယ်လို့ပြောခဲ့တာ။ အဲဒါတွေကိုထောက်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ ကျမှ သမ္မတလုပ်ဖို့ ၅၉(စ) ကို ပြင်ထားပေးမယ်၊ အခုလို ကြိုးစားပေးမှုအတွက် ၂၀၁၅ အလွန်မှာ NLD က ဦးရွှေမန်း သမ္မတဖြစ်ဖို့ ထောက်ခံပေးဖို့ အပြန်အလှန် သဘောတူထားကြပြီလားလို့ စဉ်းစားစရာဖြစ်တယ်” လို့ ဦးရဲထွန်းက သူရဲ့လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟံသာမြင့်က ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အနေနဲ့ သမ္မတလောင်းရာထူးအတွက် ကိုယ်ပိုင်ကိုယ်စားလှယ်မရှိခဲ့ရင် လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ရွေးကောင်းရွေးနိုင်တယ်လို့ စက်တင်ဘာလကုန်ပိုင်း ထွက်ရှိလာတဲ့ Reuters သတင်းတရပ်မှာ ရေးသားခဲ့ပါတယ်။ NLD ဘက်က ဒီသတင်းမဟုတ်မှန်ဘူးလို့ ငြင်းပယ်ခဲ့ပေမယ့် ဒီသတင်းက ခိုင်မာတယ်လို့ Reuters သတင်းဌာနမှ သတင်းထောက်တဦးက ဧရာဝတီကို အတည်ပြု ပြောဆိုပါတယ်။
ဦးရွေမန်းရဲ့ လွှတ်တော်တွင်း ဆောင်ရွက်ချက်နဲ့ ရှေ့နောက်မညီတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေကလာမယ့် မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သူတို့ ၂ ဦး ပူးပေါင်းလုပ်ဆောင်မယ့်အခြေအနေ ရှိနေတာကို ပေါ်လွင်စေတယ်လို့ နိုင်ငံရေးသမား တချို့ကသုံးသပ်ပါတယ်။
“သမ္မတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားအဖြစ်ယုံကြည်ပါတယ်” ဆိုပြီး NLD ပါတီကို ပြန်လည်မှတ်ပုံတင်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ပိုင်းမှာ “ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူး” ဆိုပြီး ပြင်ဆင်ပြောဆိုခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံချက်ကြောင့် အမေရိကန်အပါဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ ထိတွေ့ဆက်ဆံခွင့်တွေရရှိခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်ကို ပြယုဂ်တခုအဖြစ် သဘောထားဆက်ဆံတာမျိုးအထိ ဦးသိန်းစိန်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူပုဂ္ဂိုလ်အပေါ်အခြေခံတဲ့ နိုင်ငံရေးမူဝါဒ အမှားတခုအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်သုံးသပ်ကြပါတယ်။ အဲဒီနောက် သူရဦးရွှေမန်းနဲ့ တပူးတွဲတွဲ တွေ့မြင်ရပြီး လွှတ်တော်တွင်းနဲ့ လွှတ် တော်ပြင်ပမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိနေပါတယ်။
ပြည်သူနဲ့ ပါတီအဖွဲ့အစည်းကို အခြေမခံဘဲ လူပုဂ္ဂိုလ်အပေါ် အခြေခံတဲ့ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးစနစ်၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေမှာ အမှားအယွင်းကြုံတွေ့နေရတာမို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်ထက်ပိုပြီး သတိထားသင့်တယ်လို့ ဝေဖန်သတိပေးမှုတွေ ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ်တိုင်က ရိုးသားမှုရှိပေမယ့် တဖက်က နိုင်ငံရေးအရ အသုံးချချင်လို့ လှည့်စားမယ့်အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“သဘောတူညီချက်တခုကို ဒေါ်စုနဲ့ ဦးရွှေမန်း ၂ ယောက်တည်း ကြိုပြီးယူလို့ရတယ်။ ပြီးရင် ဒီ သဘောတူညီချက်ကို ကျန်တဲ့သူတွေပါ သဘောတူတဲ့ အနေအထားမျိုး ရောက်အောင်လုပ်နိုင်မှ ဒီသဘောတူညီချက်က ရေရှည်အကျိုးရှိမှာ။ အလုပ်ဖြစ်လိမ့်မယ်။ ဒီနေရာမှာ စိုးရိမ်ရတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အလှည့်စားခံရမယ့် အနေအထားပဲ။ နိုင်ငံရေးမှာ ကိုယ်ကိုယ်တိုင်က ရိုးရိုးသားသားနဲ့လုပ်သော်လည်းပဲ တဖက်က ကိုယ်ရိုးသားသလို လိုက်မလုပ်ဘူးဆိုရင် လှည့်စားခံရတတ်တဲ့ သဘောသဘာဝရှိတာကိုတော့ သတိပြုဖို့ကောင်းတယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းကြားမှာ ပြည်သူတွေမသိနိုင်တဲ့၊ မမြင်နိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေရှိခဲ့ရင် အဲဒီပွင့်လင်းမြင်သာမှုမရှိတဲ့ နှစ်ပါးသွားနိုင်ငံရေး သဘောတူညီချက်နဲ့ ရည်ရွယ်ချက်တွေကြောင့် ပြည်သူနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံယုံကြည်မှု မရှိတော့တဲ့ အခြေအနေတွေ ပေါ်ထွန်းလာနိုင်တယ်လို့ သတိပေးပြောဆိုပါတယ်။
သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။