အီလီယက်စကူးနဲ့ တခြားအာဏာရ အုပ်ချုပ်သူတွေကလည်း ဒီမိုကရေစီကို ဖော်ဆောင်ဖို့ အဲဒီအချိန်တုန်းက အဆောတလျင် လုပ်မနေခဲ့ကြပါ။ ဒါပေမယ့် ရိုမေးနီးယားလွှတ်တော်ကို ပိုပြီး ခိုင်မာအားကောင်းအောင် အခြေခံဥပဒေက ခွင့်ပြုပေးခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ရိုမေးနီးယား အခြေခံဥပေဒကို အတည်ပြု ပြဌာန်းခဲ့ချိန်မှာ ရှိနေတဲ့ ရိုမေးနီးယားနိုင်ငံ လွတ်လပ်မှုထက် ၁၉၉၃ ရုရှ အခြေခံဥပဒေကို အတည်ပြု ပြဌာန်းခဲ့ချိန်မှာ ရှိနေတဲ့ ရုရှားနိုင်ငံရေး လွတ်လပ်မှုက သာလွန်ပါတယ်။ ဒါပေမယ့် ရိုမေးနီးယားထက် ပိုပြီးအားနည်းတဲ့ လွှတ်တော်ကို ရုရှားတွေက ဖန်တီးခဲ့ပါတယ်။ လွှတ်တော်အာဏာ ဆိုတာက အဲဒီအာဏာတွေကို အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချိန်မှာ ရှိနေတဲ့ ဒီမိုကရေစီရေချိန်ရဲ့ ရလဒ်တွေပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆကို ရုရှားနဲ့ ရိုမေးနီးယား အဖြစ်အပျက်တွေက မထောက်ခံဘူး ဖြစ်နေပါတယ်။
အမှန်တော့ ပုံ ၁ မှာ ပြထားတဲ့ အပြန်အလှန်ဆက်နွယ်မှုထက် ပုံ ၂ မှာပြထားတဲ့ အပြန်အလှန် ဆက်နွယ်မှုက ပိုပြီးတော့ ခိုင်မာအားကောင်းပါတယ်။ ဒါက ဘာကိုပြောနေသလဲဆိုရင် ၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းကနေ ၁၉၉၀ ပြည့်နှစ်တွေ အလယ်ထိ အတည်ပြုပြဌာန်းခဲ့တဲ့ အခြေခံဥပဒေတွေအရ ပေါ်လာတဲ့ လွှတ်တော်တွေရဲ့အာဏာက ၂၀၀၀ ပြည့််နှစ် အလယ်လောက်မှာ ပွင့်လင်းလာမယ့် နိုင်ငံရေးအခြေအနေကို (အခြေခံဥပေဒတွေကို အတည်ပြုပြဌာန်းခဲ့ချိန်မှာ ရှိနေခဲ့တဲ့ နိုင်ငံရေးပွင့်လင်းမှုက လွှတ်တော်တွေရဲ့ အာဏာကိုညွှန်ပြခဲ့တာထက်) ပိုပြီးတိတိကျကျ ကြိုတင်ညွှန်ပြနိုင်ခဲ့ပါတယ်။
နောက်ထပ် စစ်ဆေးလေ့လာဖ့ိုအတွက် အခြေခံဥပဒေ အတည်ပြုပြဌာန်းခဲ့ချိန်နဲ့ ၂၀၀၅ ခုနှစ်ကြားမှာ ဖရီးဒမ်းဟောက်စ် ရမှတ်တွေ ပြောင်းလဲသွားတာကို ကျနော်တို့က တွက်ချက်ကြည့်နိုင်ပါတယ်။ တခါထပ်ပြီးတော့ အဲဒီအပြောင်းအလဲနဲ့ လွှတ်တော်အာဏာ အညွှန်းကိန်းကြား ဆက်သွယ်ချက်ကိုလည်း စစ်ဆေးရပါမယ်။ ဆက်သွယ်ချက်ကို ပုံ ၃ မှာ ဆက်ပြီး ပြထားပါတယ်။
ဖရီးဒမ်းဟောက်စ် ရမှတ်တွေ နည်းသွားတာနဲ့အမျှ ဒီမိုကရေစီ အခွင့်အရေးတွေ ပိုပြီးရလာတယ်ဆိုတဲ့ အဓိပ္ပါယ်ကြောင့် ပုံ ၃ မှာ ဖရီးဒမ်းဟောက်စ် ရမှတ်တွေ မြင့်လာတာက မကောင်းတဲ့သဘောကို ဆောင်နေပါတယ်။ အခြေအနေတွေ ချို့ယွင်းလာနေရင် ဖရီးဒမ်းဟောက်စ် ရမှတ်တွေကို အပေါင်းလက္ခဏာတွေနဲ့ ပြထားပြီး အပြောင်းအလဲ မရှိရင်တော့ သုညနဲ့ ပြထားပါတယ်။ ရုပ်ပုံ ၃ မှာတော့ ဆက်နွယ်မှုတွေ တော်တော်လေး အားကောင်းလာပါတယ်။ အခြေခံဥပဒေကို အတည်ပြု ကျင့်သုံးတဲ့နှစ်မှာ ရှိခဲ့တဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေထက် ၂၀၀၅ ခုနှစ်မှာ ဖရီးဒမ်းဟောက်စ် ရမှတ်တွေ ဆိုးဝါး (ကိန်းဂဏန်းအားဖြင့်မြင့်နေ) တဲ့ နိုင်ငံတွေ ၆ ခုလုံးက လွှတ်တော်အာဏာ အညွှန်းကိန်းမှာတော့ ဒသမ ၆၀ ထက် နည်းနေတာကို တေ့ွရပါတယ်။ ဖရီးဒမ်းဟောက်စ် ရမှတ်တွေ တိုးတက်လာတဲ့ နိုင်ငံပေါင်း ၁၄ ခုထဲမှာ ၁၁ ခုက လွှတ်တော်အာဏာ အညွှန်းကိန်း (PPI) မှာတော့ ဒသမ ၆၀ ထက် ပိုမြင့်မားနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖရီးဒမ်းဟောက်စ် ရမှတ်တွေ အပြောင်းအလဲအပေါ် လွှတ်တော်အာဏာညွှန်းကိန်း အမှတ် (PPI) ရဲ့ အကျိုးသက်ရောက်မှုတွေက (စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို ဒီမိုကရေစီ ဖော်ဆောင်ရေးကို သက်ရောက်နေတဲ့ တခြားကိန်းရှင်တွေ ထည့်မတွက်ဘဲ ထိန်းချုပ်ထားပြီး) စာရင်းဇယားပညာနဲ့ စစ်ဆေးကြည့်လိုက်ရင်တောင် မှန်ကန်ခိုင်မာနေဆဲ ဖြစ်တာကိုလည်း တွေ့ရပါတယ်။ တိုင်းပြည်တွေမှာ အခြေခံဥပဒေကို အတည်ပြု ကျင့်သုံးလိုက်ပြီးပြီ ဆိုတာနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ ဘယ်လောက်အထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကို လွှတ်တော်အာဏာ အညွှန်းကိန်း (PPI) က ကောင်းကောင်းကြီး ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။
ဒါဆိုရင် ဥပဒေပြုလွှတ်တော်တွေ အင်အားချည့်နဲ့နေရင်ရော ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက် အဟန့်အတား ဖြစ်နေစေမလဲဆိုတာ ဆက်ပြီး မေးခွန်းထုတ်ရပါမယ်။ နိုင်ငံတော် အေဂျင်စီတွေက တခြားနိုင်ငံတော် အေဂျင်စီတွေ အပေါ်ကို ရှိထားတဲ့ ထိန်းချုပ်မှု (အချင်းချင်း အပြန်အလှန် ထိန်းချုပ်မှု) ကို အလျားလိုက် တာဝန်ခံမှုလို့ နိုင်ငံရေး သိပ္ပံပညာရှင် ဂီရာမို အိုဒေါ်နယ်က အဓိပ္ပါယ် သတ်မှတ်ပေးထားပါတယ်။ အဲဒီလို အလျားလိုက် တာဝန်ခံမှုကိုတော့ အားနည်းသွားစေတယ်ဆိုတာ ပထမဆုံး ပြောရပါမယ်။
အာဏာပိုင် အစိုးရဟောင်းတွေ ပြုတ်ကျသွားပြီး အစိုးရသစ်တွေ အစားထိုး ဝင်ရောက်နေရာယူလာတဲ့ နိုင်ငံတွေမှာတော့ အုပ်ချုပ်ရေးကဏ္ဍမှာပဲ အာဏာတွေ စုပြုံထားချင်တဲ့ဆန္ဒတွေ တော်တော်လေးကို ပြင်းပြပါတယ်။ တနေရာတည်းမှာ စုပြုံနေတဲ့ အဏာဆိုတာနဲ့ ထိရောက်ထက်မြက်တဲ့ အာဏာဆိုတာကို လူတွေက ခွဲခြားနားလည်နိုင်စွမ်း သိပ်မရှိကြပါ။ ဒါကြောင့် သမ္မတတွေပဲ အကျိုးအမြတ် ရနေပါတယ်။ အာဏာ အလွဲသုံးစားမှုတွေ ဖြစ်ပေါ်မလာအောင် တရားစီရင်ရေး ကဏ္ဍက စောင့်ကြပ် ထိန်းသိမ်းပေးမယ်လို့ မျှော်လင့်ထားတတ်ကြပါတယ်။ ဒါပေမယ့် အာဏာပိုင်စနစ်ဆီကနေ တရားစီရင်ရေးကဏ္ဍ အမွေဆက်ခံလိုက်တဲ့ “အသံတိတ်အကျင့်စရိုက်” တွေကြောင့် တရားရုံးတွေက အသွင်ကူးပြောင်းရေး ကာလအစောပိုင်းတွေမှာ အုပ်ချုပ်ရေးကဏ္ဍကို ထိန်းကျောင်းနိုင်မယ်တော့ မဟုတ်ပါ။ အဲဒီလို အခြေနေမျိုးတွေမှာ အုပ်ချုပ်ရေးအာဏာပိုင် (သမ္မတ) တွေကို ထိန်းကျောင်းနိုင်တဲ့ နိုင်ငံအဆင့် အေဂျင်စီဆိုလို့ ဥပဒေပြုရေးကဏ္ဍ တခုတည်းပဲ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဥပဒေပြုကဏ္ဍက ပျော့ညံ့နေတဲ့ အနေအထားမျိုးမှာတော့ သမ္မတရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေ (မီဒီယာတွေ၊ လူမှုစီးပွား အဖွဲ့အစည်းတွေမှာ၊ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း) က မကြာခဏ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီမိုကရေစီဂုဏ်သတင်း ကျော်စောသူတွေ သမ္မတအာဏာ ရယူထားချိန်မှာတောင် အဲဒီလိုဖြစ်တတ်ပါတယ်။
ဥပဒေပြုကဏ္ဍ အားနည်းမှုဟာ နိုင်ငံရေးပါတီတွေ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဆုတ်ယုတ်စေပြီး ဒီမိုကရေစီ ဖော်ဆောင်မှုကိုလည်း အနှောင့်အယှက် ပေးတတ်ပါတယ်။ ဥပဒေပြုကဏ္ဍ အားနည်းတဲ့ နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးပါတီတွေက ဖွံ့ဖြိုးတိုးတက်လာပြီး ရင့်ကျက်ရမယ့်အစား ဦးတည်ရာမဲ့ လွင့်မျောနေတတ်ပြီး နိုင်ငံရေး “သေ” နေတတ်ပါတယ်။ ပါတီတွေဆိုတာက နိုင်ငံရေးပြိုင်ဆိုင်မှုကို ပုံစံချ တည်ဆောက်ပေးရာမှာ အရေးအကြီးဆုံး ကိရိယာ တန်ဆာပလာတွေပါပဲ။ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကြား ဆက်သွယ်ပေးရာမှာလည်း အရေးအကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလိုအရေးကြီးတဲ့ နိုင်ငံရေးပါတီတွေ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဖြစ်နေတာက နိုင်ငံရေးပြိုင်ဆိုင်မှုရဲ့ အနှစ်သာရနဲ့ ခွန်အားကို ကင်းမဲ့အောင် လုပ်လိုက်သလို ဖြစ်သွားပါတယ်။ ပြည်သူတွေက သူတို့ကိုယ်စားလှယ်တွေကို ထိန်းချုပ်နိုင်ခြင်းဆိုတဲ့ ဒေါင်လိုက်တာဝန်ခံမှု “vertical accountability” ကို ကြီးထွားမလာအောင် ဟန့်တားထားသလို ဖြစ်နေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အမ် စတီဗင် ဖစ်ရှ်စ် (M. Steven Fish) သည် ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ ယခုအက်ဆေးထဲတွင် ပါဝင်သော အချက်အလက်များကို သူနှင့် မက်သယူး ကရိန်းအိတ်ခ် (Matthew Kroenig) တို့ ပူးတွဲရေးသားသော The Legislative Powers Survey and the Parliamentary Powers Index: A Global Study of the Powers of National Legislatures (၂၀၀၆ ခုနှစ်ထုတ်) စာအုပ်ထဲမှ ယူထားခြင်းဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)