မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ လာမည့် ၁၂ လအတွင်း တိုးတက်လာခြင်းမရှိပါက ဥရောပသမဂ္ဂ အနေဖြင့် ပိတ် ဆို့ဒဏ်ခတ်မှု ပြန်လည် ထားရှိရန် ဗြိတိန်အစိုးရက ဖိအားပေးမှုတခုအဖြစ် လုပ်ဆောင်သင့်ကြောင်း ဗြိတိန် ပါလီမန် နိုင်ငံခြား ရေး ကော်မတီက တိုက်တွန်းလိုက်သည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိတ်ကျေနပ်စရာ မကောင်းဖြစ်နေဆဲမို့ ဗြိတိန်အစိုးရက မြန်မာအစိုးရ ကို ဖိအားပေးဖို့ ကျနော်တို့က တိုက်တွန်းတယ်၊ ဆိုလိုတာက မြန်မာအစိုးရအနေနဲ့ လာမယ့် ၁၂ လကျော်ကာလမှာ အခြေအနေ တိုးတက်မှု မရှိဘူးဆိုရင် ဥရောပသမဂ္ဂက အရင်က အရေးယူထားခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လုပ်ဖို့ ဗြိတိန်က ပြင်းပြင်းထန်ထန် တိုက်တွန်းပေးဖို့ တောင်းဆိုခဲ့တာပါ”ဟု ဗြီတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ၏ ယခု သီတင်းပတ်ထုတ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။
ဗြိတိန်ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် ထင်ရှားပြီး သြဇာကြီးသည့် ဗြိတိန်အမတ်များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြန်မာ့အရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများက ဗြိတိန်အစိုးရသည် စီးပွားရေး ဆက်သွယ်မှု အားကောင်းရေး အပေါ်အလေးပေးလွန်းနေကြောင်းနှင့် မြန်မာ့လက်ရှိ လူ့အခွင့်အရေး အခြေအနေဆိုးများကို ထောက်ပြဝေဖန်ခဲ့ပြီးနောက် ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ကော်မတီက ဗြိတိန်အစိုးရနှင့် ဥရောပ သမဂ္ဂတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး ဖိအားပေးရန်လည်း ပါဝင်ပြီး ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေ တိုးတက်စေရေးလည်း တိုက်တွန်းပြောဆိုထားသည်။
ယခုကဲ့သို့ ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာမှုသည် ဗြိတိန် ကုန်သွယ်ရေး ကော်မတီက လမ်းညွှန်ထားသည့်“မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ခြင်း”ဆိုသည့် စာတမ်းထွက်လာချိန်နှင့် တိုက်ဆိုင် နေ သည်။
“ဗြိတိန်အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ဗြိတိသျှကုန်သွယ်မှု အသင်းအတွက် ရန်ပုံငွေ ပေးတယ်။ ဒါဟာ သူတို့ရဲ့ အတွင်းသရုပ်မှန် ဦးစားပေးမှုတခုပဲ၊ သူတို့ဟာ ကုန်သွယ်ရေး အခွင့်အလမ်းတွေမြင့်လာဖို့ပဲ ပြောဆိုနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘေးချပစ်ကြတယ်”ဟု မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(UK)က ဒါရိုက်တာ မာ့ခ်ဖာမင်နာက ဧရာဝတီကို ပြော သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှန်များကို ကိုယ်ပိုင် သုံးသပ်မှု မရှိဘဲ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေး စသည့် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများကို အချိန်မတိုင်ခင် ဖယ်ရှားခဲ့ကြောင်း၊ ပိတ်ဆို့ဒဏ်ခတ်မှုများ ဖယ်ရှား ပေးပြီးကတည်းက မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နောက်ပြန် ဆုတ်နေကြောင်း၊ အမှန်တကယ် မြန်မာ့ပြုပြင်ပြောင်းလဲရေးဆက်လက် အရှိန်မြှင့် လုပ်ကိုင်စေရန် ယခုကဲ့သို့ ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်လည် အသက်သွင်းထား သင့်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(UK)က ထောက်ပြသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)က မြန်မာနိုင်ငံတွင် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှုကို တာဝန်ပျက်ကွက်နေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ယခုအထိ ရှိနေသေးကြောင်း အလွတ် သတင်း ထောက် ကိုပါကြီးအသတ်ခံရမှုကို ဥပမာပေး ဖော်ပြထားပြီး တောင်သူ လယ်သမားများ၏ လယ်ယာမြေ သိမ်းဆည်းခံရမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဖြစ်ကာ ယခုထိ ဖြေရှင်းမပေးခြင်းတို့ ရှိနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သေးသည်။
ထို့အပြင် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေးဆန္ဒပြ သံဃာတော်များနှင့် ရွာသားများအား အစိုးရ ရဲတပ်ဖွဲ့က မီးလောင် ဗုံးသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည့် ကိစ္စ ယခုအထိ တာဝန်ယူမှုမရှိသေးကြောင်း၊ ထိုစဉ်က ဖြစ်ရပ်တွင် တာဝန်ရှိ ရဲ အရာရှိတဦး ဦးကိုလည်း အရေးယူအပြစ်ပေးခြင်း မရှိသေးကြောင်း၊ ထို့အပြင် အစိုးရကလည်း နှိမ်နင်းခံလိုက်ရသူများအပေါ် ကူညီထောက်ပံ့ မှုများပေးရန် ပျက်ကွက်ခဲ့ကြောင်းလည်း AI က ထောက်ပြပြီး ဗြိတိန် နိုင်ငံခြားရေးရုံးအနေဖြင့် လူ့အခွင့်အရေးကိစ္စအပေါ် ချဉ်း ကပ် နေမှုအား စိုးရိမ်ကြောင်း ဖော်ပြထားသည်။