သတင်း

လိုင်ဇာ ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေး နှောင့်နှေးမှာ စိုးရိမ်ဟု ABSDF ပြော

This article has been converted from Zawgyi One to Unicode

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်မှာကို စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကပြောဆိုလိုက်ပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာအတားအဆီးဖြစ်မှာကို ကျနော်တို့ စိုးရိမ်ခဲ့တယ်။ စိုးလည်း စိုးရိမ်နေ ဆဲပါ”လို့ ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ က ဧရာဝတီကို ပြောပါတယ်။

ABSDF နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့အကြား ဆွေးနွေးညှိနှိုင်းမှု တွေ ထပ် မံပြုလုပ်နိုင်ရေး မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ကိုယ်စားလှယ် တွေနဲ့ ABSDF ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က အကြိုဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဗိုလ်သင်တန်းကျောင်းကို နိုင်ဝင်ဘာ ၁၉ ရက်မှာ အစိုးရ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ABSDF ဗိုလ်လောင်း ၂ ဦး အပါအဝင် ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၁၁ ဦး၊ ရခိုင်တပ်မတော် (AA) က ၈ ဦး ၊ ချင်း အမျိုးသား တပ်ဦး (CNF) က ၂ ဦး သေဆုံးသွားခဲ့ရပြီး ဗိုလ်လောင်းနဲ့ သင်တန်းသား ၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

လိုင်ဇာပစ်ခတ်မှုကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တွေအကြား ကချင်ပြည်နယ် အတွင်းမှာ တိုက် ပွဲ တွေထပ်မံဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း TNLA နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

“ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် ဘက်နှစ်ဘက်စလုံးက တာဝန်ယူရပါလိမ့်မယ်၊ ဖြစ်သွားတဲ့အပေါ်မှာ တာဝန်ယူပြီးတော့ ဖြေရှင်း ပေးနိုင်တဲ့ ကိစ္စရပ်ကိုလည်း တာဝန်ယူပြီးတော့ တိတိကျကျ ဆောင်ရွက် နိုင်ရပါမယ်။ ဒါတွေကို နည်းလမ်းတကျနဲ့ ဆက်လက် ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ရဲဘော် ဆန်နီ ကပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင်နှေးမနေစေရေး လိုင်ဇာပစ်ခတ်မှုမျိုး ထပ်မဖြစ်စေရန် အစိုးရ စစ်တပ်နဲ့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နဲ့ UPWC ခေါင်းဆောင်တွေ အကြား ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုတွေမရခဲ့တဲ့ နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လိုင်ဇာပစ်ခတ်မှုဟာ အစိုးရအပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား ရပ်တန့်နေ တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ NCCT အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ MPC အဖွဲ့ ကိုယ်စားလှယ် တွေ တွေ့ဆုံညှိနှိုင်းခဲ့ကြပေမယ့်လည်း တိကျတဲ့ အခြေအနေတရပ်ကို ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

အစည်းအဝေး အပြီးမှာ NCCT ခေါင်းဆောင် နိုင်ဟံသာ က“လိုင်ဇာမှာဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ တချို့ခံစားချက်တွေ မကောင်း ဘူး၊ အဲဒါတွေရှိနေတော့ ကျနော် တို့ကြားမှာ ရှင်းလင်းပြီးတော့မှပဲ အဖြေပေးနိုင်မယ်”လို့ သတင်းထောက် တွေကို ရှင်းပြပါတယ်။

MPC ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေပြန်စနိုင်ရေးအတွက် NCCT၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ABSDF တို့နဲ့ တွေ့ဆုံခဲ့ပြီး လိုင်ဇာ ပစ်ခတ်မှု အလွန် ဆွေးနွေးမှုတွေလုပ်နိုင်ခဲ့တဲ့ အပေါ် အားရမှုရှိတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဓိက ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရမ်းအရေးကြီးတယ်လို့ယူဆပါတယ်။ ဒါကြောင့် ယုံကြည်မှု ပိုရှိလာရင် ညှိနှိုင်းရတာက ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒီဟာက ကျနော်တို့ အတွက် နံပါတ်တစ် ကတော့ ယုံကြည်မှု တည် ဆောက် တဲ့ ခရီးလို့ပြောလို့ရတယ်။ နောက်ပြင်ဆင်စရာရှိတဲ့ အစည်းအဝေးအတွက် အချက်အလက်တွေ ပြင်ဆင်လို့ ရခဲ့တယ်”လို့ MPC ရဲ့ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက သတင်းထောက်တွေကို ပြောပါတယ်။

MPC အဖွဲ့အနေနဲ့ ဒီခရီးစဉ်မှာ အစိုးရဘက်က ဆွေးနွေးလိုတဲ့ အချက်တွေကို တိုင်းရင်းသားအဖွဲ့တွေထံ ရှင်းပြခဲ့သလို တိုင်းရင်း သား တွေဘက်က အပြန်အလှန်ဆွေးနွေးလိုတဲ့ အချက်တွေကိုလည်း UPWC ကို ပြန်တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးပွဲပြန်စနိုင်ဖို့အတွက် UPWC နဲ့ NCCT တို့အကြား ခရစ္စမတ်ကာလ မတိုင်မီ တွေ့ဆုံကြဖို့ မူအားဖြင့် သဘောတူထားပြီး ABSDF နဲ့လည်း ဒီဇင်ဘာလအတွင်းမှာပဲ တွေ့ဆုံဖြစ်ဖို့ များတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

Loading