ခင်ပွန်းဖြစ်သူဆုံးပါးချိန်မှာ မနှင်းဆီ (အမည်လွှဲထား) အသက်က ၂၆ နှစ် ဖြစ်သည်။ အားကိုးရာ မြင်းမိုရ်တောင် ပြိုလဲသွားပြီး နောက်ပိုင်း သားသမီး ၄ ဦးကို ရှာဖွေကျွေးမွေးရမည့် တာဝန်မှာ မုဆိုးမဖြစ်သည့် သူ့ပခုံးပေါ် ကျရောက်လာခဲ့တော့သည်။
ငယ်ရွယ်သူ မုဆိုးမတဦးအတွက် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ထဲကမှ ငွေရလွယ်သည့် ခန္ဓာရင်း၍ စီးပွားရှာသော ညဉ့်ငှက်ဘဝကို မလွှဲမရှောင်သာ သူရွေးချယ်ခဲ့ရသည်။ ဒီလိုနှင့် မနှင်းဆီတယောက် ကလေးမီးဖွားပြီးသည်မှာ ၃ လသာ ရှိသေးသော အချိန်မှာပင် ညဉ့်ငှက်ဘဝကို ဝင်ရောက်ခဲ့တော့သည်။
“ယောက်ျားမရှိတော့ ရပ်တည်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ ဒီကြားထဲ မိဘတွေကလည်း မပြေ လည်ဘူး။ ကျမသား အငယ်ဆုံး ၃ လသားလေး နို့တိုက်ရင်းကနေပဲ ရပ်ကွက်ထဲက ခေါင်းအိမ်ခေါ် မှာပေါ့နော်၊ ဖောက်သည်တွေ ချိတ်ဆက်ပေးတဲ့အိမ် မှာ ပုခက်နဲ့ထားခဲ့ပြီး တည်းခိုခန်းတွေ၊ ကေတီဗီတွေ၊ နိုက်ကလပ်တွေမှာ အလုပ်လုပ်ခဲ့ရတယ်” ဟု မနှင်းဆီ က အဝေးကိုငေးကြည့်ရင်း သူ့ဘဝကိုပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် မနှင်းဆီတယောက် ညဉ့်ငှက်ဘဝတွင် ၇ နှစ်လောက် ကျင်လည်ဖြတ်သန်းရင်း မိသားစု စားဝတ်နေရေးဘဝကို ဖြေရှင်းရာကနေ တရက်မှာ တော့ ပြည့်တန်ဆာအမှုနဲ့ အဖမ်းခံရပြီး ထောင်ကျသွားခဲ့သည်။
ထောင်ကလွတ်ပြီးနောက်ပိုင်း သူ့ကျန်းမာရေး ချို့တဲ့ခဲ့ပြီး ချောင်းဆိုးခြင်း၊ ရက်ရှည်ဖျားခြင်း ဝေဒနာများ ၆ လနီးပါး ခံစားခဲ့ရသည်။ ဒီဝေဒနာတွေ ဘာကြောင့်ဖြစ်မှန်း မနှင်းဆီမသိခဲ့ပေ။ အရိုးပေါ် အရေတင်ဘဝဖြင့် အိပ်ရာထဲလဲနေသည့် မနှင်းဆီ အခြေအနေကိုရိပ်မိသည့် အစ်ကိုတဦးက သွေးစစ်ရန် တိုက်တွန်းခဲ့ရာမှ ၂၀ဝ၇ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်ရှိ သဇင်ဆေးခန်းတွင် သွေးစစ်ခဲ့သည်။
သွေးစစ်မှုအဖြေက သူမကိုယ်ခန္ဓာထဲတွင် HIV ရောဂါပိုး ရောက်ရှိနေကြောင်း အတည်ပြုပေးလိုက်ချိန်မှာ သူမတွင် ရှိနေခဲ့သည့် ကြီးမားသည့် မိခင်မေတ္တာက မနှင်းဆီကို အသက်ဆက်လက်ရှင် သန်စေရန် တွန်းအားဖြစ်လာခဲ့သည်။
“ကျမမှာ ခိုကိုးရာမဲ့ သားသမီး ၄ ယောက်ရှိတယ်။ ဒီကလေးတွေ ပညာတတ်ဖြစ်ဖို့၊ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ရပ်တည်ဖို့အတွက် ကျမ အသက်ရှင်နေဖို့လိုတယ်။ ဒါကြောင့် ကျမ HIV ပိုးထိန်းဆေး (ARV) ဆေးသောက်ချင်တယ်။ သဇင်ဆေးခန်းက ဆရာမတွေကလည်း နားခိုရာဆိုတဲ့ (MDM) အဖွဲ့ဆီကိုညွှန်ပြပေးခဲ့ပြီး အဲဒီကနေ ARV ဆေးရပြီး ပုံမှန်သောက်ခဲ့တာ အခုချိန်အထိပဲ” ဟု မနှင်းဆီကပြောသည်။
မြန်မာနိုင်ငံတွင် မနှင်းဆီကဲ့သို့ HIV ကူးစက်ခံရပြီး ပိုးထိန်းဆေးခေါ် ARV ဆေး သောက်သုံးနေသူ အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၆၇၅၀ဝ ကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၇၅၀ဝ၀ ကျော်အထိ တိုးမြင့်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း INGO များ၏ စာရင်းများက ဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် HIV ကူးစက်ခံရသူ တရက်လျှင် ၁၉ ဦးနှုန်း ရှိနေပြီး ၂၀၁၃ ခုနှစ်အတွင်း တနိုင်ငံလုံး၌ လူပေါင်း ၆၄၀ဝ ဦး ကူးစက်ခံခဲ့ရကြောင်း၊ တနိုင်ငံလုံးတွင် HIV ကူးစက်ခံရသူ စုစုပေါင်း ၁၈၅၀ဝ၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
HIV ကူးစက်ခံရသူ ၁၀ဝ တွင် မူးယစ်ဆေး ထိုးသွင်းသူ ၃၂ ဦးပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် အများဆုံး ကူးစက်ခံနေရကြောင်း၊ ဒုတိယအများဆုံး မှာ အမျိုးသားချင်း လိင်ဆက်ဆံသူများဖြစ်ပြီး အမျိုးသမီး လိင်လုပ်သားများမှာ တတိယအများဆုံး ကူးစက်ခံနေရသူများဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
လိင်အလုပ်သမားများကြား HIV ကူးစက်မှုနှုန်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က အများဆုံးဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ဒုတိယ အများဆုံးဖြစ်ကြောင်း၊ လိင်တူချစ်သူများအကြား ကူးစက်မှုနှုန်းတွင်လည်း ပုသိမ်မြို့ကအများ ဆုံးဖြစ်ကာ ရန်ကုန်မြို့က ဒုတိယ အများဆုံးဖြစ်ကြောင်း ၂၀၁၃ NAP အစီရင်ခံစာတွင် ရေးသားထားသည်။
“HIV ကူးစက်မှု လျော့နည်းကျဆင်းဖို့ဆိုရင် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးပွားအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ မဖြစ်ခင် ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ပညာပေးဖို့ပေါ့။ ဖြစ်လာခဲ့ရင်လည်း စနစ်တကျ ကုသပေးမယ်ဆိုရင် HIV ဖြစ်ပွားနှုန်း ကျဆင်းသွားမှာပါ” ဟု HIV ကုသရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူ လုပ်သက်ရင့် ဆရာဝန်တဦးက ပြောသည်။
HIV ကူးစက်ခံထားရသူ မနှင်းဆီကမူ အများ ပြည်သူကြားမှာ HIV ၊ AIDA နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာ နည်းပါးနေဆဲဖြစ်ပြီး HIV ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပေါ် ပေါက်နေဆဲဖြစ်ကြောင်း သူ့အတွေ့အကြုံကိုပြောပြ သည်။
“ကျမက နေမကောင်းလို့ အင်းစိန်မြို့နယ်ထဲက ဆရာဝန်မတယောက်ဆီ သွားပြတယ်။ ဆရာဝန်မက ကျမကို ဆေးထိုးမလို့ပြင်နေတုန်း ကျမက HIV ပိုးထိန်းဆေးတွေ သောက်နေရတယ်လို့ ပြောလိုက်တော့ ဒါဆို ရှင့်မှာ HIV ရှိတာပေါ့ဆိုပြီး ကြောက်လန့်တကြားနဲ့ နောက်ကို ခြေ ၂ လှမ်းလောက် ဆုတ်သွားတယ်။ ဆရာဝန်ကတောင် အဲဒီလို ခွဲခြားဆက်ဆံတာတွေ ခံရပါတယ်” ဟု မနှင်းဆီက ပြောသည်။
သူ ယခင်နေထိုင်ခဲ့သည့် ဒေသတွင်လည်း ညဉ့်ငှက်လုပ်ဖူးပြီး HIV ရလာသူဆိုကာ မိမိတင်မက သားသမီးများကိုပါ ခွဲခြားဆက်ဆံခဲ့ကြသဖြင့် တခြားမြို့နယ်သို့ ရွှေ့ပြောင်းကာ ဘဝသစ်စခဲ့ရကြောင်း မနှင်းဆီက ကြေကွဲစွာဆိုသည်။
ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ ရတနာ့မေတ္တာအဖွဲ့မှ ဒေါက်တာစိုးတင့်က “ကျနော်တို့ဆီမှာ ARV ဆေးသောက်နေတဲ့ အမျိုးသမီးတယောက် ဆိုရင်လည်း သူကအဝတ်လျှော်တယ်။ အလုပ်ရှင်တွေက သူ့မှာ HIV ရှိမှန်း သိသွားတဲ့အချိန်မှာ အဝတ်မလျှော်ခိုင်းတော့ပဲ အလုပ်ထုတ်ပစ်တာတွေရှိတယ်” ဟု ပြောပြသည်။
လူမှုပတ်ဝန်းကျင်၏ အထင်သေး ခွဲခြားဆက်ဆံမှုများက HIV ကူးစက်ခံရသူများအတွက် သွေးစစ်မှုခံယူခြင်းနှင့် ဆေးကုသမှုခံယူခြင်းများ ပြုလုပ်ရန် ကြီးမားသည့် အဟန့်အတားတခု ဖြစ်နေကြောင်း HIV၊ AIDS ကုသပေးနေသူ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
“ကျမတို့ Sex Worker တွေက ဒီ HIV ဆိုတာကြီးကို လိုချင်လွန်းလို့ ရခဲ့ကြတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ရလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပတ်ဝန်းကျင်က ဒီလူတွေကို ခွဲခြားပစ်လိုက်တာဟာ သေတွင်းကို ပို့လိုက်သလိုပါပဲ။ တကယ်က HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေ လေ့လာပြီး ကိုယ့်ပတ်ဝန်းကျင်က HIV ကူးစက်ခံရသူတွေကို ဝိုင်းဝန်းဖေးမ ကူညီပေးသင့်ပါတယ်” ဟု မနှင်းဆီက ပြောသည်။
လတ်တလောတွင် မနှင်းဆီ အားသွန်ခွန်စိုက် လုပ်နေသည်က သူနှင့်ဘဝတူ ညဉ့်ငှက်မလေးများ သူ့လိုမျိုး HIV ကူးစက်မခံရစေရန်နှင့် ကူးစက်ခံထား ရလျှင်လည်း ARV ဆေးသောက်နိုင်ရန် လိုက်လံ စည်းရုံးသည့်အလုပ် ဖြစ်သည်။
“သူတို့ (လိင်အလုပ်သမား) တွေ ရှိတတ်တဲ့ ဆိုင်တွေ၊ ကလပ်တွေ၊ လိင်အလုပ်သမား ခေါင်းအိမ် တွေကိုလိုက်ရှာတယ်။ သူတို့နားလည်အောင် ပြောပြပြီး ကလေးတွေကို စည်းရုံးတယ်။ တခါတလေဆို ကျမတို့အိပ်ချင်တယ်၊ အလုပ်ရှုပ်နေတယ်၊ စကားလာမပြောပါနဲ့ဆိုပြီး နှင်လွှတ်တာတွေ ခံရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ ကျမ ကိုယ်တွေ့အဖြစ်အပျက်တွေ ပြောပြပြီး သွေးစစ်ဖို့ စည်းရုံးပါတယ်” ဟု မနှင်းဆီက ပြောပြသည်။
အဆိုပါ ညဉ့်ငှက်မလေးများအား စည်းရုံးပြီး နောက် လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားသော သူ အလုပ်လုပ်နေသည့် MDM စင်တာသို့ ခေါ်ဆောင်လာပြီး အခမဲ့ သွေးစစ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူစေခြင်းတို့ လုပ်ဆောင်စေခဲ့ကြောင်း မနှင်းဆီက ဆိုသည်။
“သွေးစစ်ပြီး HIV ရှိလို့ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ၊ သေချင်လောက်အောင်ဖြစ်သွားတဲ့ ကလေးတွေဆိုရင် ကျမက ပြောပြပါတယ်။ ငါကလည်း နင့်လို Sex Worker လုပ်ခဲ့သူပါ။ HIV ပိုးရှိလို့ ARV ဆေးသောက်ပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ ရပ်တည်ရှင်သန် လှုပ်ရှားနေတာလို့ ဖော်ထုတ်ပြောဆိုပြီး ကိုယ်တွေ့နဲ့ယှဉ်ပြပြီး နှစ်သိမ့်ပေးပါတယ်” ဟု MDM စင်တာ၏ စည်းရုံးရေးသမားလည်းဖြစ်သည့် မနှင်းဆီက ပြောပြသည်။
မာရီစတုပ်၊ ပြည်ကြီးခင်၊ ဆာရာ၊ ရတနာ့ မေတ္တာ၊ သဇင်၊ TOP၊ MDM၊ Phoenix စသည့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြား တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး HIV နှင့် ပတ်သက်၍ သွေးစစ်လိုသူများကို အခမဲ့ ဝန်ဆောင်မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ ARV ဆေး တိုက်ကျွေးခြင်းနှင့် HIV ကူးစက်ခံရသူများ စုဝေးပြီး မိတ်ဆုံစကား ပြောခြင်း အစီအစဉ်များ ပြုလုပ်ပေးနေကြောင်းသိရ သည်။
HIV နှင့်ပတ်သက်၍ သံသယရှိပါက အဆိုပါ စင်တာများတွင် မည်သူမဆို အခမဲ့သွေးစစ်နိုင်ပြီး သွေးစစ်သူတို့၏ အမည်၊ နေရပ်စသည့် ကိုယ်ရေး အချက်အလက်များနှင့် သွေးစစ်မှုရလဒ်များကို လုံခြုံစွာ လျှို့ဝှက် ထိန်းသိမ်းထားပေးကြောင်း သိရသည်။
“အမျိုးသမီး လိင်လုပ်သားတွေအနေနဲ့ ဒီလိုစင်တာတွေကို ဆက်သွယ်ဖို့ပဲလိုပါတယ်။ စင်တာတွေမှာ လိုအပ်တာတွေအကုန် အခမဲ့ လုပ်ပေးနေပါတယ်။ မဆက်သွယ်တာထက် ဆက်သွယ်တာက သူတို့ဘဝကို ပိုပြီးလုံခြုံအေးချမ်းတဲ့ ဘဝမျိုး ပိုင်ဆိုင်စေမှာပါ” ဟု မနှင်းဆီက ဘဝတူဖြစ်သူများကို အကြံပြုသည်။
မနှင်းဆီကတော့ ဘဝတူ ညဉ့်ငှက်မလေးများကိုလည်း သူ့လိုအခွင့်အရေးမျိုး ရစေလိုသည့် ဆန္ဒဖြင့် သူမကျင်လည်ခဲ့ဖူးသည့် နေရာများစွာကို လျှောက်သွားပြီး ဘဝတူများကို ကူညီပေးနေသည်မှာ ၄ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ရှေ့လျှောက်လည်း ဒီလုပ်ငန်း ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ဘဝတူတွေကို ကျမပြောချင်တာကတော့ အမျိုးသမီး Sex Worker တွေအနေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ ပိုက်ဆံ ဘယ်လောက်ပေးပေး ကွန်ဒုံးမသုံးရင် လက်မခံပါနဲ့။ ချစ်သူရည်းစားဆိုလည်း ကွန်ဒုံးသုံးပါ။ အခမဲ့ ကူညီပေးနေတဲ့ စင်တာတွေကို ဆက်သွယ်ပြီး သွေးစစ်ပါ။ HIV မရှိလည်း ၃ လတကြိမ်စစ်ပါ။ HIV ရှိခဲ့ရင် လည်း စိတ်ဓာတ်ကျစရာမလိုဘဲ ART ဆေးသောက် ပြီး ဘဝကို အကောင်းဆုံးရင်ဆိုင်ပါလို့ သတင်း စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုပါသည်။