မွေးနေ့ရှင် မတက်ရောက်နိုင်တဲ့ ရာပြည့်အကြို ၉၉ နှစ်ပြည့် မွေးနေ့ပွဲတခုကို အမရပူရ တောင်သမန်အင်းအနီးက တောင်လေးလုံးကျောင်းတိုက်မှာနို ဝင်ဘာ ၂၉ ရက်နေ့က ကျင်းပတယ်။ အနယ်နယ်အရပ်ရပ်က မွေးနေ့ရှင်ကို ချစ်ခင်လေးစားကြသူတွေ တက်ရောက်ကြတယ်။ မွေးနေ့ရှင်က ပြည်သူချစ်တဲ့သတင်းစာဆရာမကြီး လူထုဒေါ်အမာဖြစ်ပါတယ်။
လူထုဒေါ်အမာက လွန်ခဲ့တဲ့ခြောက်နှစ် အသက် ၉၃နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အမေလူထုဒေါ်အမာ ကွယ်လွန်သွားပြီဖြစ်ပေမယ့် ကျန်ရစ်သူတွေက ချစ်ခင်စိတ်၊ လေးစားစိတ်၊တန်ဖိုးထားစိတ်တွေနဲ့ မွေးနေ့ပွဲကို နှစ်စဉ်အစဉ်လာမပျက် ကျင်းပနေတာပါ။ လူတယောက် ကွယ်လွန်သွားသည့်တိုင် မွေးနေ့ပွဲ နှစ်စဉ်ကျင်းပဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလူ သက်ရှိထင်ရှားရှိနေစဉ်မှာ လူ့အဖွဲ့အစည်းအတွက် တော်တည့် မှန်ကန်အောင်လုပ်နိုင်ခဲံ့မှသာ ကျန်ရစ်သူတွေက အောက်မေ့ သတိရကြမှာပါ။
လူထုဒေါ်အမာကို လူကြီးလူငယ် လူရွယ်အားလုံးက ချစ်ခင်ကြတယ်။ စာနယ်ဇင်းဆရာတွေ နိုင်ငံရေးသမားတွေက လေးစားကြတယ်။ လူထုဒေါ်အမာရဲ့ ဩဇာကြီးမားတယ်။ ဘာကြောင့်
အဲဒီလို ဖြစ်ရတာလဲ။ စာရေးဆရာ သင့်နော်က ယခုလို ဖြေရှင်းချက်ပေးတယ်။
“အစဉ်အလာကောင်းခဲ့လို့ပေါ့။ ဟိုက်စကူးကျောင်းတက်တော့ အမျိုးသားကျောင်း၊ တက္ကသိုလ်တက်တော့ သပိတ်မှောက်ကျောင်းသူ၊ အာဏာရှင်တွေအပေါ် တလျှောက်လုံး တော်လှန်ခဲံ့တယ်။ အဖိနှိပ်ခံပြည်သူတွေဘက်က တသက်လုံး ရပ်တည်ခဲ့တယ်။ သေတပန်သက်တဆုံး ဒူးမထောက် လက်မမြောက်ခဲ့ဘူး။ သားတွေနဲ့ ရှင်ကွဲသေကွဲ ကွဲခဲ့ရတယ်။တခါတလေများ မိသားစုသုံးယောက် ထောင်ကျခဲ့ရတဲ့ကာလတွေတောင် ရှိခဲ့တယ်။ တော်ရုံတန်ရုံ မိန်းမသားဆို လောကဓံ အထုအထောင်းတွေကြားမှာ ထူမတ်ဖို့ မလွယ်ဘူး။လူထုဒေါ်အမာ မို့လို့သာ ဦးမညွှတ်ခဲံ့တာ။ အာဏာရှင်နဲ့ ပလဲနံပသင့်အောင်ပေါင်းရင် ဒိထက်မက ကျိကျိတက် ချမ်းသာနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့်
တလျှောက်လုံး အာဏာရှင်ကိုတော်လှန်ခဲ့တယ်။”
လူထုဒေါ်အမာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးရွှေဥဒေါင်းတို့ရဲ့ အနီးကပ် သွန်သင်လမ်းညွှန်မှုကို ခံခဲ့ရတယ်။ ဆရာကောင်းနဲ့ တွေ့ခဲ့ရတဲ့ တပည့်ကောင်းဖြစ်ရုံမက တပည့်ကောင်းတွေ မွေးထုတ်ခဲ့တဲ့ ဆရာကောင်းလည်း ဖြစ်တယ်။ ဒီနေ့ စာပေလောကမှာ လူတလုံး သူတလုံး ရပ်တည်နေကြတဲ့ ကဗျာတပ်မှူးကြီး လေးဦး ကိုလေး(အင်းဝဂုဏ်ရည်)၊ ကြည်အောင်၊ တင်မိုး၊ မောင်စွမ်းရည် တို့ဟာလည်း လူထုရဲ့ တူသားတွေဖြစ်ကြတယ်။ အလားတူ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ထွန်းဝေ၊ မောင်သိန်းနိုင်၊ မောင်ပေါက်စည်၊မောင်သစ်လွင်(လူထု)၊ မောင်စောလွင်၊ လူထုစိန်ဝင်း တို့ကအစ ညီစေမင်း၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ ညိုထွန်းလူ၊ ကိုရိုးကွန့်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ကြည်လင်အေး အလယ် အော်ပီကျယ်၊ ဇော်မောင်၊ စိုးဝင်းငြိမ်း အဆုံး လူထုတိုက်ထွက်တွေဟာ စာပေလောကမှာ ထိုက်ထိုက်တန်တန် နေရာတခုစီ ရနေကြပါပြီ။
လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေကို အသက် ၇၀ ပြည့်မွေးနေ့ ၂၉.၁၁.၁၉၈၅ ကစလို့ ဆရာတော်ဦးပညာရဲ့ တောင်လေးလုံးကျောင်းတိုက်မှာ နှစ်စဉ်ကျင်းပခဲ့တာဖြစ်တယ်။အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် အချို့နှစ်တွေမှာ နေရာပြောင်း ကျင်းပရတာ ရှိတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မင်းကိုနိုင်၊ ကိုကိုကြီး တို့ အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို လာခဲ့ဖူးတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လေထီးဦးအုန်းမောင်၊ သခင်သိန်းဖေ၊ တော်ဘုရားလေး၊ ဆရာမြသန်းတင့်၊ ဆရာလင်းယုန်မောင်မောင်၊ဆရာ ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်းစတဲ့သူတွေ နှစ်စဉ်လာခဲ့ကြတယ်။ အခု အဝေးရောက်သားတွေဖြစ်သွားတဲ့ ကဗျာဆရာအောင်ဝေးနဲ့ မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာ ဒေါက်တာလွဏ်းဆွေ တို့လည်း ပြည်တွင်းမှာရှိစဉ်က နှစ်တိုင်းနီးပါးလာခဲ့ကြသူတွေဖြစ်တယ်။ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ် မြန်မာစာ ပါမောက္ခ မပန်းခက် တို့လည်း အခါအားလျော်စွာ လာခဲ့ကြတဲ့သူတွေပေါ့။ လမင်းတရာ ပန်တျာဒေါ်ဌေးဌေးမြင့်က တုံးကျော်မသီချင်းနဲ့ နှစ်စဉ် ကပြဧည့်ခံတာ
မှတ်မိသေးတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း မန္တလေးစာပေအနုပညာရှင်များထုတ်တဲ့ ရှစ်လေးလုံးသတင်းစာမှာ အယ်ဒီတာကောင်းတစ်ယောက်အဖြစ် သမိုင်းပေးတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်။ လူထုသတင်းစာ ထုတ်ဝေနေစဉ်ကာလမှာလည်း လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများဆိုပြီး နေ့စဉ်ကမ္ဘာ့သတင်းသုံးသပ်ချက်တွေ ရေးသားခဲ့တယ်။ အဲဒီခေတ်က ရေဒီယိုကို အားကိုးပြီး ကမ္ဘာ့သတင်းတွေကို နားထောင်ရတဲ့အချိန်။ဒီနေ့ခေတ် (သတင်းနည်းပညာခေတ်ကြီး)လို အန်းတားခေါက်ရုံနဲ့သတင်းတွေ ဝေါကနဲ ကျလာတဲ့ကာလ မဟုတ်ဘူး။ လူထုဒေါ်အမာဟာ စာစုံရေးနိုင်ပြီး ရေးသလောက်လည်း ထင်ရှားတယ်။
လူထုဒေါ်အမာရဲ့ ကြီးမားတဲ့ လူမှုရေးဆောင်ရွက်ချက်က ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးကို အောင်မြင်အောင် တည်ထောင်နိုင်ခဲ့ခြင်းပါ။အာဏာပိုင်တွေရဲ့ ပိတ်ဆို့ ဟန့်တား နှောင့်ယှက်မှုတွေကြားက ဝါခင်းကုန်းဆရာတော်ဦးတိက္ခ၊ နဒီမြန်မာ ဦးအောင်ခိုင်တို့နဲ့အတူ လူအားငွေအား အကြံဉာဏ်အားတွေ စိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က မြို့တိုင်းနယ်တိုင်းမှာ နာရေးကိစ္စကြုံလာရင် အခက်အခဲကြုံရချိန်၊ အယူသီးမှုတွေ မင်းမူနေချိန်၊ ထောက်လှမ်းရေးတွေ တန်ခိုးထွားနေချိန်၊ အသင်းအဖွဲ့မှန်သမျှ
မျက်လုံးဒေါက်ထောက် ကြည့်ခံရချိန် ဖြစ်တယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလမှာ မန္တလေးမြို့ ၈၄လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) တလျှောက် သံဃာတော်တွေမေတ္တာသုတ်ရွတ်တော့ အသက် ၉၂ နှစ်အရွယ် လူထုဒေါ်အမာက အိမ်ရှေ့ထွက်ပြီး လက်အုပ်ချီတယ်။ ရေသန့်ဗူးတွေ ကပ်လှူတယ်။ ၂၀၀၈ ခုနှစ်မှာ ကျန်းမာရေး ချို့ယွင်းလာတယ်။မန္တလေး အထွေထွေရောဂါကု ဆေးရုံတက်ရတော့ သွေးလိုအပ်လာလို့ ကျနော်ရယ် ဆရာကျော်ရင်မြင့်ရယ် ဆေးရုံသွားကြတယ်။ အမေမာ့ကုတင်နံဘေးမှာ သားအငယ်ဆုံး စာရေးဆရာညီပုလေး ရှိနေတယ်။ကျနော်တို့ သုံးယောက်စလုံး သွေးအမျိုးအစား တူတယ်။ ဆရာကျော်ရင်မြင့်လည်း အမေမာ့အတွက် သွေးလှူဖူးသလို ဆရာညီပုလေးလည်း သူ့မိခင်အတွက် သွေးလှူနေကျပါ အဲသည်နေ့ကတော့ လိုရမယ်ရဆိုပြီး လိုက်သွားတာပါ။ ဆရာဝန်ဆုံးဖြတ်ချက်အရ လူငယ်ဖြစ်တဲ့ ကျနော့်သွေး အမေမာ့ကို လှူဒါန်းခွင့်ရခဲ့တယ်။
အမေလူထုဒေါ်အမာက ဆေးရုံကုတင်ပေါ်မှာ သေမင်းနဲ့ စစ်ခင်းနေရပေမယ့် သူ့မျက်နှာမှာ ပူပန်တဲ့ အရိပ်အယောင် မတွေ့ရဘူး။ လောကဓံ အထုအထောင်းတွေက
သူ့ကို ရင့်ကျက်စေခဲ့ပုံပါပဲ။ ရောဂါအရှိန်ကြောင့် မျက်နှာတော့ အနည်းငယ်ချောင်ကျနေတယ်။ လူနာကုတင်ဘေးမှာရပ်လို့ အမေလူထုဒေါ်အမာနဲ့ စကားတွေပြောနေခဲ့တာ အမှတ်ရမိတယ်။
၂၀၀၈ခုနှစ် ဧပြီ ၇ ရက်နေ့မှာတော့ အမေလူထုဒေါ်အမာ ကွယ်လွန်သွားပါတယ်။ ၂၁ ရာစု မန္တလေးမှာ အကြီးအကျယ်ဆုံး ဈာပန အခမ်းအနားတခု ဖြစ်ခဲ့တယ်။ လွမ်းသူ့ပန်းခြင်းတွေ ပန်းခွေတွေ များလွန်းလို့ လိုက်ထရပ်တွေနဲ့ ပန်းတွေချည်း သီးသန့်တင်ကြရတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျဉ်းကျကာလတွေဖြစ်ပေမယ့် သူ့ရဲ့
လွမ်းသူ့ပန်းခြင်းက အထင်ရှားဆုံးဖြစ်ခဲ့တယ်။ မဂ္ဂဇင်းတွေ ဂျာနယ်တွေကလည်း လွမ်းသူ့ပန်းခြင်းတွေ ပို့ကြတယ်။ လူမှုရေးအဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီတွေကလည်း လွမ်းသူ့ပန်းခွေတွေ ပို့ကြတယ်။ မန္တလေးမြို့က ထင်ရှားတဲ့ စာသင်တိုက်ကြီးတွေကလည်း ပန်းခြင်းတွေ ပို့ကြတယ်။ ကင်မရာမီးရောင်တွေကလည်း တဖျပ်ဖျပ်နဲ့ပါပဲ။
ဂျာနယ်လစ်တွေ၊ စာပေအနုပညာရှင်တွေ အမေလူထုဒေါ်အမာကို ချစ်ခင်ကြသူတွေက မှတ်တမ်းတင်သလို အာဏာပိုင်အဖွဲ့အစည်းအသီးသီးကလည်း ရုပ်ငြိမ်ရော ရုပ်ရှင်ပါ မှတ်တမ်းတင်ကြတယ်။ ဈာပနယာဉ် မန္တလေးတောင်ခြေရောက်သည့်တိုင် မြို့လယ်က အိမ်မှာ နာရေးလိုက်ပါပို့ဆောင်သူတွေရဲ့ ယာဉ်တွေ မထွက်ခွာရသေးဘူး။ ပြည်သူချစ်လျင် ကမ္ပည်းတင်မည်ဆိုတဲ့ စကားလိုပါပဲ။ ပြည်သူ့အပေါ်မေတ္တာထားသူကို ပြည်သူကလည်း မေတ္တာပြန်ထားစမြဲ ဖြစ်ပါတယ်။
အမေလူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါပြီ။ သူ့လုပ်ရပ် သူ့ရပ်တည်ချက် သူ့စာသူ့စေတနာတွေကတော့ ရာပြည့်အကြိုမှသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမှာပါ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)