“၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် သမ္မတက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ကို (MPC) ထူထောင် ဆောင်ရွက်လာတာဟာ ၃ နှစ်ကာလ ရောက်လာပြီ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့မှာ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦး၊ အကြံ ပေး ၄ ဦး ပါဝင်ပါတယ်။ ဒီလုပ်ငန်းကော်မတီရဲ့ လုပ်ဆောင်နေမှုများ အပေါ် ဝေဖန်မှုတွေ ရှိနေသလို လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေခြင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နောက်ကြောင်းပြန်မှုများ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

MPC ရဲ့ ရပ်တည်မှု အပါအဝင် ဒီလို အခြေအနေရှိနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး MPC ၏ အကြံပေး တဦးဖြစ်သူ ဦးလှမောင်ရွှေကို ဧရာဝတီ သတင်းထောက် မေခ က မေးမြန်းထားတွေကို ဖော်ပြလိုက် ပါတယ်။

မေး။      ။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးကနေ တော်တော်များများ ပြောနေသလို နောက်ကြောင်းပြန် သွားတဲ့သဘောလို့ ပြောလို့ ရမလား။

ဖြေ။       ။ လက်ရှိ ငြိမ်းချမ်းရေးကို နောက်ကြောင်းပြန်တယ် ဆိုတာကတော့ ကျနော်တို့တော့ မထင်ဘူး။ နိုင်ငံတွေမှာ နိုင်ငံရေး ဖြစ်စဉ် အတက်အကျ ဆိုတာ ရှိပါတယ်။ ဥပမာပြောရရင် ကချင်ပြည်နယ်က  ဗိုလ်သင်တန်းကျောင်း ကိစ္စ ပေါ့။ တရားဝင် ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် ပလောင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (တအာင်း) (TNLA)က ၈ ဦး၊ ချင်း အမျိုးသား တပ်ဦး(CNF) က ၂ ဦး၊ ရခိုင် တပ်မတော် (AA) က ၁၁ ဦး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ၂ ဦး။ ဒီတော့သတင်းတွေ ဖော်ပြတော့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) လို့ ဖော်ပြကြတယ်။

နောက် တိုက်ပွဲတွေ ဖြစ်တယ်၊ စစ်ပွဲတွေ ဖြစ်တယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ကျနော့် အမြင်ကတော့ ကိုယ့် တိုင်းရင်းသားတွေ သေ တာပဲ မြင်တယ်။ တပ်ကပဲ ကျကျ၊ တိုင်းရင်းသားပဲ ကျကျ၊ ပြည်သူပဲ ကျကျ ကျနော့် အတွက် တော့ ဝမ်းနည်းရတယ်။ မမြင်လိုဘူး။ မကြားလိုဘူး။ ဒါတွေ မဖြစ်အောင် လုပ်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေက စဖို့လိုနေတယ်။ ရောက်လည်း ရောက်စေချင်နေပြီ။

ရောက်မှ တွေ့နိုင် ပြောနိုင် ဆိုနိုင်မယ်။ ဒါကလည်း ၁ နှစ် (သို့) ၂ နှစ်လည်း ကြာနိုင်တယ်။ ကမ္ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲ ၁ နှစ် တည်း ပြီးတာ နိုင်ငံတနိုင်ငံပဲ ရှိတယ်။ ကဲ တိုင်းရင်း သားတွေ တောင်းတဲ့ ဖက်ဒရယ်ဆို ဘယ်လို သွားမလဲ။ ဥပမာ ရှမ်းပြည်မှာ ဆိုရင် အဖွဲ့တွေ အများကြီး ဘယ်လိုသွားမလဲ။ ဖက်ဒရယ်ကို ဘယ်လို ယူမှာလဲ။ ဒါတောင် ရှမ်းပြည်တခုတည်း။ ဒီတော့တနိုင်ငံလုံး သွားဖို့ ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်။

ဒါတွေ လုပ်နိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်မှ အဖြေရမယ်။ ရိုးသားမှု ရှိရင် တဖက်၊ တဖက် ယုံကြည်မှုတွေ ရမယ်။ အခုကတည်း က လုပ်နိုင်မှ ၂၀၁၅ အလွန်မှာ ဥပဒေတွေ လုပ်ပြီး လုပ်လာနိုင်မယ်။ ဒါတွေ ပြည့်စုံမှ ငြိမ်းချမ်းရေး ရမယ်။ အနာဂတ်စိန် ခေါ်မှုက ကြီးတယ်။ ဒါတွေ ဖြစ်လာဖို့ ကျနော်တို့ ကြိုးစားနေတာပါ။ နောက်ကြောင်းပြန်တာကို ဘာကို ကြည့်ပြောလဲ သိချင်မိတယ်။ ဘယ်ဟာများ ကြည့်ပြောတာလဲ။

မေး။      ။ အခုချိန် သေနတ်သံတွေ ပြန်ပေါက်နေတာက နောက်ကြောင်းပြန်တာပါ လို့ ပြောနေတယ်။ တိုင်းရင်းသား တွေကလည်း အဲသလိုယူ ဆနေတယ်။ ဒါကကော ဘယ်လို အခြေအနေမျိုး ပါလဲ။

ဖြေ။       ။ အဲဒါကတော့ အပစ်အခတ် ရပ်စဲပြီးလည်း ပေါက်ဦးမယ်။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နေလည်း ပေါက်ဦးမယ်။ အဲဒါက ရှောင်လို့ မရဘူး။ အဲဒါက နောက်ကြောင်း ပြန်ပါတယ်လို့ သုံးသပ်လို့ မရပါဘူး။ ဆိုလိုတာက စိန်ခေါ်မှုတွေက ရှိနေတယ်။ အခုချိန်မှာ ငြိမ်းချမ်းရေးကို နောက်ကြောင်း ပြန်နေတာ ဘာအကြောင်းမှ မရှိဘူးလို့ မြင်တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက Still ongoing တကယ်ကို သွားနေတယ်။ တိုင်းရင်းသားတွေ ဘက်ကသာ ပြဿနာကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိမှ ရမယ်ဆိုတာ လက်ခံရင် ကျနော်တို့ ဆက်သွားနိုင်မှာပါ။

မေး။      ။ တိုင်းရင်းသားတွေ ဘက်က တညီတညွှတ်တည်း ပြောနေတာက တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နောက်ကြောင်းပြန် သွားတယ် ဆိုတဲ့ ကိစ္စ၊ ဖက်ဒရယ် တပ်မတော် ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုကိစ္စ ဆိုတာကို အရင်က လက်ခံပြီး အခုကျ လက်မခံ တော့ဘူး ပြောတယ်။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ။       ။ မဟုတ်ပါဘူး။ ခက်တာက တိုင်းရင်းသားတွေက လွတ်လပ်တယ်။ သူတို့ ပြောတာ သူတို့ တာဝန်ယူဖို့က သိပ်မလိုပေ မယ့် တပ်ကျတော့ တာဝန်ယူဖို့ လိုတယ်။ ကျနော်တို့လည်း ဒီလိုပဲ။ သူတို့ဘက်က ညှိတဲ့ ပုံစံကျတော့ တိုင်းရင်းသားတွေက ဒီလို လက်ခံ ထားတာ၊ နောက်သူတို့ လက်ခံတာနဲ့ သူတို့ ညှိတယ်၊ ညှိမရရင် အထက်ကို တင်မယ် ပြောတယ်။

ဒီနေရာမှာ တပ်ဘက်ကပဲ လက်မခံတာမျိုး မဟုတ်ဘူး။ တပ်ပိုင်းဆိုင်ရာမှာ လက်နက် ဖြုတ်သိမ်းဖို့ ကိစ္စ၊ တပ်နေရာ ချရေးကိစ္စ တွေက ကျနော်တို့ သူတို့ ဘက်က တိုင်းရင်းသားအဖွဲ့တွေ ပါတဲ့ တပ်နေရာ ချရေး လုပ်ငန်းစဉ် ရေးဆွဲရေး အဖွဲ့ကနေပြီး ညှိနှိုင်း ရေးဆွဲတယ်။ အခုက ဒီလိုရေးဆွဲ သဘောတူကြလို့ ရတာတွေကို တချို့တိုင်းရင်းသား တွေဘက်က သိပ်သဘော မတူကြဘူး။ ဒီတော့ ဒီလို ညှိနှိုင်း ရေးဆွဲလို့ ရတာကို လက်မခံတော့ တပ်ဘက်က ပြန်ညှိမယ် ဖြစ်တယ်။ ဒါက နောက်ကြောင်း ပြန်တာ မဟုတ်ဘူးလို့ ပြောချင်တာပဲ ရှိတယ်။

မေး။      ။ တိုင်းရင်းသားတွေက လက်နက်ဖြုတ်သိမ်းရေးကို နိုင်ငံရေး ဆွေးနွေးပွဲ ပြီးမှပဲ လုပ်မယ်ပြောထားပြီး နောက်ပိုင်းကျတော့ အပစ်အခတ် လက်မှတ်ထိုးပြီး လုပ်မယ် ဖြစ်သွားတယ် လို့ ပြောတယ်။ ဒါက နောက်ကြောင်းပြန်တာ မဟုတ်ဘူးလား။

ဖြေ။       ။ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဆိုတာ သမ္မတကော၊ ဒု ကာချုပ်ကောပါတဲ့ အဖွဲ့ပါ။ သူတို့ ပေါ်လစီ ချပေးတာကို ဝန်ကြီး ဦးအောင်မင်းက ဖော်ဆောင်ပါတယ်။ ကျနော်တို့က လိုက်ကူညီပေးတာပါ။ ဒု ကာချုပ်ပေါ်လစီ ဆိုတာ သူတို့ ဘက်က အရှင်းဆုံး ပြောရရင်ငြိမ်းချမ်းရေးကို လိုချင်တယ်၊ သို့ပေမယ့် တယောက် တယောက် ချဉ်းကပ်ပုံခြင်းမတူတာ ဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေး မရချင်တာ မရှိပါဘူး။

ပြည်နယ်တခုကို တပ်မတော် တခု ထားဖို့က ဘယ်နိုင်ငံမှာမှ မရှိတော့ သူတို့ဘက်ကလည်း စဉ်းစားမယ်။ ဒါပေမယ့် ဒါကို သူတို့ သိပ်ပြီး မပြောဘူး။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိကြလို့ လမ်းဖွင့်ပြီးသားပါ။ ဆွေးနွေးတာက ချက်ချင်း ကြီးတော့ မရနိုင်ဘူး။ တနေရာ ရာမှာတော့ ငြိမှာပဲ။ တိုင်းရင်းသားတွေ ပြောနေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာက လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော်မတီဖွဲ့ လုပ်ဆောင်နေတယ်။

ဒီမှာ ကျနော်တို့ ဘက်က တိုင်းရင်းသားတွေနဲ့ညှိတာမှာ နိုင်ငံရေးဆွေးနွေးပွဲမှာမှ အဖြေထွက်မှာ။ ဒီဆွေးနွေးပွဲဆိုတာက ဘယ်တော့ လောက် စမလဲ။ ဒါက ၂၀၁၅ မှာ စနိုင်ရင်လည်း စနိုင်မယ်။ ဘယ်တော့ စနိုင်မလဲ မသိဘူး။ ဒီတော့ ဖွဲ့စည်းပုံပြင်တာက လွှတ်တော် ဘက်က ကျနော်တို့ဘက်ကို စောင့်နိုင်ချင်မှ စောင့်နိုင်မယ်။ ဒါကိုလည်း စဉ်းစားကြရမယ်။ ကျနော်တို့က New Myanmar (မြန်မာ သစ်) ဆိုတာကို ဘယ်လို ပုံဖော်မှာလဲ။ ဒါအဓိကပဲ။ ပုံဖော်ဖို့ ဆိုတာက နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နိုင်မှ ရမယ်။

မေး။      ။ တိုင်းရင်းသားတွေ ဘက်က ပြောနေကြတာက သမ္မတဘက်က ငြိမ်းချမ်းရေး လိုချင်တယ်။ တပ်မတော် ဘက် ကျတော့ ညှိထားတာတွေတောင် အထက်ကို ပြန်တင်မယ် ဆိုတာနဲ့ ဖြစ်နေတယ် ဆိုတော့ ပြောဆိုကြတာက တပ်ဟာ သမ္မတစကားကို လွန် ဆန်တာကြောင့် ဒီလိုဖြစ်တာလားလို့ မေးခွန်းထုတ်တယ်။ ဒီတော့ တပ်အနေအထားကို ဘယ်လို အနီးစပ်ဆုံး ပြောပြနိုင်မလဲ။

ဖြေ။       ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော်တို့ တွေ့ဖူးပါတယ်။ နောက် အောက်ခြေက တပ်မတော်သားတွေနဲ့လည်း တွေ့ဖူးပါတယ်။ သူတို့တွေ တကယ်ကို ငြိမ်းချမ်းရေး လိုချင်တယ်လို့ ကျနော် ပြောနိုင်တယ်။ နောက် ကျနော်တို့ ပြောနိုင်တာ သူတို့ စစ်မတိုက်ချင်ဘူး။ စစ်တိုက်တာက ပန်းနဲ့ပေါက်တာမှ မဟုတ်တာဗျာ။ ဒါဆိုတော့ တကယ် လုပ်နေရသူတွေက ဘယ်သူက လိုချင်မလဲ။ ဒါပေမယ့် တယောက်နဲ့ တယောက် ချဉ်းကပ်ပုံ မတူကြတာ။

တခုပြောချင်တာက တိုင်းရင်းသားတွေဘက်က ဒါကို ပါးနပ်စွာ ချဉ်းကပ်ဖို့ လိုအပ်မယ်။ အခုထိတော့ ကျနော် ပြောနိုင်တာ တပ် မတော်က ငြိမ်းချမ်းရေး လိုလားတယ်၊ သူတို့ မပါဘဲ ဒီအဆင့်ထိ ရောက်ကို မရောက်နိုင်ပါဘူး။ ဒါကို အတပ်ပြောနိုင် ပါတယ်။ အမြင်တွေ မတူဘူးပေါ့။

ကျနော်တို့ နိုင်ငံခြားသားတွေနဲ့ ပြောရင်သူတို့က ဒီအခြေအနေကို ပြောလာတယ်။ ပျက်မယ် ထင်တာက အခုဆို ၇၀ ရာခိုင်နှုန်း လောက် လုပ်လာနိုင်တာကို သူတို့ သိပ်အံ့သြတယ်။ ခင်ဗျားတို့ ဘက်က မြင်တာနောက်ကြောင်း ပြန်တယ် ထင်တယ်။ ဘယ်ဟာမှန် လဲ မပြောလိုဘူး။ ဆက်လျှောက် ကြတာပေါ့။

ဒီလောက်အဖွဲ့ ၃၀လောက်ရှိတာကို ကျနော်တို့ ညှိနေကြတာက ကမ္ဘာပေါ်မှာတောင် မရှိပါဘူး။ အောင်မြင်နိုင်လား လို့ မေးရင် အောင်မြင်ချင်လည်း အောင်မြင်မှာပေါ့။ မပြောနိုင်ပါဘူး။ နောက်ကြောင်း ပြန်ကောင်းလည်း ပြန်နိုင်တယ်။ ဒါပေမယ့် အခုချိန်ကတော့ နောက်ကြောင်း ပြန်နေတာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။

မေး။      ။ ဟုတ်ကဲ့ပါ။ MPC ရပ်တည်မှုကို မေးချင်ပါတယ်။ သူရဲ့ ရပ်တည်မှု အချိန်သတ်မှတ်ချက်က ဘယ်လောက် ပါလဲ။ လက်မှတ်ထိုးပြီး အထိလား။ နိုင်ငံရေးဆွေးနွေးပွဲ အထိလား။

ဖြေ။       ။ ကျနော်တို့က သမ္မတ လုပ်ပိုင်ခွင့်ဘောင်ကနေ ဖွဲ့ပေးထားတာပါ။ အဖွဲ့မှာ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ပါတဲ့ အစိုးရရဲ့ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦးပါ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီမှာ အကြံပေး ၄ယောက်ပါတယ်။ အရပ်သား ပေါ့။ ကျနော်တို့က ဝန်ထမ်း မဟုတ်ဘူး။ ကျနော်တို့ ဘယ်လောက်အထိ ရှိမလဲဆိုရင် သမ္မတက သူဆောင်ရွက်မယ့် အချိန် လုပ်ရမယ့် လုပ်ငန်းစဉ်တိုင်း ရှိနေရင် တော့ ကျနော်တို့ ဆက်ရှိနေမှာပါ။

ဒါက ကျနော်တို့ အခေါ်ဆို Quasi-government Organization (အစိုးရတပိုင်း အဖွဲ့အစည်း) လို့ပြောရမှာပါ။ Government က လည်း ပါတယ်။ အကြံပေးတွေ ပါတယ်။ လစာမရှိဘူး။ ခံစားခွင့် မရှိဘူး ပေါ့။ ဒီက ပညာရှင်တွေ ကျတော့ EU ဘက်ကနေ သူတို့ ဝန်ထမ်းအနေနဲ့ ခန့်ထားတာ ပေါ့။

မေး။      ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နားလည်သလောက် တတိယ အုပ်စုကနေ နှစ်ဘက်ကို ညှိပေးရတာလို့ ယေဘုယျ နား လည်ထားတော့ MPC က တတိယအုပ်စု တခုတော့ မဟုတ်နိုင်ဘူးလို့ ပြောရမယ်ဆို။ ရပ်တည်မှုက ဘယ်လိုပါလဲ။

ဖြေ။       ။ MPC ကို သမ္မတက ဖွဲ့တယ်။ ဝန်ကြီးတွေ ပါတာ မှန်တယ်၊ ဒါပေမယ့် အကြံပေးတွေနဲ့ ပညာရှင်တွေက ဒီငြိမ်းချမ်းရေး ဆိုတာကို Professional ဆန်ဆန် လုပ်ဆောင်တယ်။ ဒီတော့ ဘာပြောနိုင်မလဲ ဆိုရင် အခုဆိုရင် တိုင်းရင်းသားတွေနဲ့ ကျနော်တို့ကြား ယုံကြည်မှုက ဒီလောက် တခါမှ မရှိဘူး ပြောရမှာပါ။ မီဒီယာနဲ့ အခြား လူတွေ ပြောတာကိုတော့ ကျနော်တို့ခံရမှာပေါ့။ ဒီ အဖွဲ့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်အောင် ထောက်ပံ့ပေးတဲ့ အဖွဲ့ပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက နှစ်ဘက်မကသော၊ ဘက်ပေါင်းစုံ ကြားထဲမှာ ကျနော်တို့က ဘက် အားလုံးကြားထဲမှာ Professional ဆန်ဆန် လုပ်ဆောင် နေကြတာပေါ့။

မေး။      ။ ဒါဆို ကြားထဲက ညှိပေးရတော့ နှစ်ဘက်စလုံးကို မြင်တွေ့နေကြရတာပေါ့။ အစိုးရနဲ့တိုင်းရင်းသား ဒီနှစ်ခုကို ရှင်းလင်းစွာ မြင်တွေ့ဆက်ဆံရတော့ နှစ်ဘက်စလုံးရဲ့ အားနည်းချက် အားသာချက် သူတို့လုပ်ဆောင်နေမှုက ဘယ်လိုလဲ ဆိုတာကို အန်ကယ် က အလယ်ကနေ ဓမ္မဓိဋ္ဌာန်ကျကျ မြင်မယ် ထင်ပါတယ်။ အဲဒီ အမြင်ကို ပြောပြပေးနိုင်မလား။

ဖြေ။       ။ ခက်တယ် ဆိုလည်း နှစ်ဘက်စလုံး လို့ ပြောရမှာပါ။ မခက်ဘူး ဆိုလည်း နှစ်ဘက်စလုံး လို့ ပြောရမှာပါ။ နှစ်ဘက်စလုံး က စိတ်ဝင်စားမှု၊ နက်နက်နဲနဲ လုပ်ဆောင်မှုတွေက တူညီတယ်လို့ ပြောရပါမယ်။ တိုင်းရင်းသားတွေ ထဲမှာလည်း ကျနော်တို့ကို နားလည်ပြီးတော့ တကယ့်ငြိမ်းချမ်းရေးကို In time (အချိန်မီ) ဖြစ်ချင်သူတွေ ကျတော့ တကယ့်ကို ရဲဘော်ရဲဘက် စိတ်နဲ့ လုပ်ဆောင်နေတာ ရှိသလို တချို့ကျတော့ အဲဒီလောက် အဆင့် မရောက်ပေမယ့် သံသယနဲ့ ချဉ်းကပ်နေတာလည်း ရှိတယ်။ အဲဒီ လူတွေကို ကြည့်ရင် မြန်မာနိုင်ငံထဲလာတာ အရောက်အပေါက်နည်းပြီး နှစ်ပေါင်းတော်တော်ကြာ ပြည်ပမှာနေသူတွေပဲ ဖြစ်ပါတယ်။ တဖွဲ့နဲ့ တဖွဲ့ကတော့ မတူဘူး ပေါ့။

မေး။      ။ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ သမ္မတကြီးရဲ့သက်တမ်းဟာ မကြာခင် ကုန်ဆုံးတော့မှာ ဆိုတော့ ငြိမ်းချမ်းရေး ရှေ့ဆက် လုပ်ငန်းစဉ် အတွက် ဘယ်လို ဆက်ဖြစ် မလဲ။ တိုင်းရင်းသားတွေ ဘက်ကလည်း အခုချိန်က ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး အချိန်ဆိုတာ ကြတော့လေ၊ သမ္မတသက်တမ်း မကုန်ခင် လက်မှတ်ထိုးဖို့ ဖြစ်နိုင်မလား။

ဖြေ။       ။ ကျနော်တို့ စဉ်းစားတာတော့ ပြည်သူကရွေးပြီး သမ္မတ တင်မြှောက်မှာဖြစ်တော့ ဘယ်သူသမ္မတ ဖြစ်ဖြစ် ဒါကို လက်ခံရ မယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ် သဘောသဘာဝ နိုင်ငံတကာမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေရင် ပြဿနာရှိတယ် ဆိုတာ ရှိတယ်။ ဒါပေမယ့်ချွင်းချက် ဝ၊ မိုင်းလားတို့ နှစ်၂၀ ကျော် လုပ်ထားပြီး မပျက်တာ ရှိတယ်။ ပြဿနာက နိုင်ငံရေး ပြဿနာပဲ။ အဖွဲ့အစည်းတိုင်း စဉ်းစားမယ်။ တပ်မတော် ဘက်ကလည်း ဒါကို စဉ်းစားတယ်။

ပြောရရင် ၂၀၁၅ အတွင်းမှာ မဟုတ်ဘဲ တဘက် ၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်။ ပြန်စရမှာ ဆိုတော့ ခက်ခဲစေမယ်။ သေချာတယ်။ အခုလုပ်နေတဲ့သူတွေက နှစ်ဘက် ပဋိပက္ခထဲ ပါခဲ့သူတွေ ဖြစ်နေတော့ နည်းနည်းခက်မှာပေါ့။

မေး။      ။ ဒါဆို လက်ရှိ သမ္မတသာ သမ္မတ အဖြစ် ဆက်ရှိနေမယ် ဆိုရင် ငြိမ်းချမ်းရေးက ပိုလွယ်မယ်လို့ ဆိုလိုတာလား။

ဖြေ။       ။ ကျနော် ဆိုလိုတာက ဘယ်သူ သမ္မတဖြစ်ဖြစ် ဒီလုပ်ငန်းစဉ်ကို ဆက်လို့ ရတဲ့သူ ဖြစ်စေချင်တယ်။ ဒီသဘောပါ။ အခုကတည်းက စထားမယ်၊ ဟိုဘက်ကျရင် ဘယ်သူပဲ ဖြစ်ဖြစ်၊ ဒါက ဆက်သွားနိုင်မယ်။ ဒါဆို သက်သာမယ်။ ရွေးကောက်ပွဲ မစခင် ဒီအချိန်မှာကို ဒီလိုလက်မှတ်ထိုးထားတာလည်း မရှိ၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲလည်း မရှိသေးဘူး ဆိုရင် ဟိုဘက်မှာ အသစ် ပြန်စရမယ်။ ဒါကို ပြောတာပါ။ ဘယ်သူ ဘယ်ဝါလို့ မပြောဘူး။

သမ္မတကြီး အနေနဲ့ သူ့သက်တမ်း အတွင်းမှာ သူလုပ်ဆောင်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ် လို့ သူယုံကြည်ထားတယ်လို့ မြင်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တော်တော်လေး ခက်ခဲပါတယ်။ သူ့အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စတင် အောင် သူက ချပေးခဲ့ချင်တယ်။ ဒီသဘောပေါ့။

မေး။      ။ တိုင်းရင်းသားတွေ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ရင် ငြိမ်းချမ်းရေးက ရှေ့ဆက် မရနိုင်ဘူး ပြောနေတယ်။ တပ်ဘက်က လည်း မပြင်ချင်တာ ရှိနေတော့ ဒီအပေါ်မှာ ဘာများပြော ချင်ပါသလဲ။ ငြိမ်းချမ်းရေး ဝေးနိုင်လား။ ဘယ်လို အားနည်းချက် အားသာ ချက်တွေ ရှိနေမလဲ။

ဖြေ။       ။ ၂၀၀၈ ဖွဲ့စည်းပုံက အသေ မဟုတ်ပါဘူး။ ပြင်လို့ ရတယ်။ ဘယ် အချိန်မှာ ပြင်မလဲ ဆိုတာကတော့ အချိန် ပြောရတာ ခက်ပါတယ်။ တဘက်နဲ့ တဘက်က ဒါက လုပ်သင့်တဲ့ အချိန်လို့ သတ်မှတ်ပုံခြင်းလည်း တူချင်မှ တူမယ်။ တပ်မတော်ဘက် က လည်း ဒီ အပေါ် တခြားနိုင်ငံတွေ မူတွေ ပြောင်းလဲမှုတွေကို လေ့လာထားပြီးပြီလို့ ကျနော် ထင်တယ်။

ဥပမာ – အင်ဒိုနီးရှား ပုံစံပေါ့။ တပ်မတော်ဘက် ကလည်း သင့်တော်တဲ့ အချိန် လုပ်မယ်လို့ ပြောထားပြီးပြီ ဆိုတော့ ဒါကတော့ ညှိရ မှာပေါ့။ ငြိမ်းချမ်းရေးကို ထိခိုက်မယ် မထင်ဘူး။ ဒီလိုဖြစ်ဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်မှ ရမယ်။ ရှုထောင့်တွေက အသီးသီးရှိတယ်။ ဘက်တိုင်းမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိတယ်။ တဘက်တည်း ပြောရမှာ မဟုတ်ဘူး။ ကျနော်တို့က အဲဒါတွေကို စုပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမှာပါ။

ဘက်တိုင်းမှာ အခြေခံကောင်းတွေလည်း ရှိပါတယ်။ ဒါကနေ တဆင့် ဆက်သွားရ ပါမယ်။ ဖက်ဒရယ် ကိစ္စတွေ၊ နောက် လူ့အခွင့် ရေး ကိစ္စတွေ ရှိတယ်။ ဒါတွေက ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုတွေ ဖြစ်ဖို့က နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်မှ ရမယ်။ ဒါမှ ပိုကောင်းတဲ့ အနာဂတ်ကို ရနိုင်ပါမယ်။

မေး။      ။ လက်ရှိ MPC ရဲ့ ငွေကြေး လည်ပတ်မှု၊ MPC က လူတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကို ငွေကြောင့် လုပ်ဆောင်နေတယ် လို့ ဝေဖန်မှုတွေ ကြားရမှာပါ။ ဒီအပေါ်ဘာများ ပြောချင်ပါသလဲ။

ဖြေ။       ။ ပြောရရင် ရေးနေတာ တလွဲ။ လစာနဲ့ အစည်းအဝေးက လွဲရင် ကျနော်တို့က ဘာမှ မရှိဘူး။ ကျနော်တို့က လမ်းလုပ်ပေး တာ၊ အိမ်ဆောက်တာတွေ ဘာမှ မလုပ်ပေးဘူး။ နီပွန်ဖောင်ဒေးရှင်းကပဲ ပေးတယ်။ ဒီမှာ ဥရောပ သမဂ္ဂ(EU) ပါတယ်။ ဒီအဖွဲ့က ကမ္ဘာမှာ ဘတ်ဂျက် စစ်ဆေးမှု အတင်းကျပ်ဆုံး။ လွှတ်တော်မှာလည်း ရှင်းနိုင်တယ်။ EU ကိုလည်း မေးလို့ရတယ်။ ကျနော် တို့က ဆေးလည်း မဝယ်ပေးဘူး။ နောက် ဒီကို ငွေလည်း မဝင်ဘူး။ ပြောရမယ်ဆို သူတို့ဘာသာပဲ လုပ်တာ။ ကျနော်တို့က တပြားမှ မရဘူး။ ကျနော်တို့ အကြံပေးတွေက ကိုယ့်ပိုက်ဆံ ကိုယ်သုံးလုပ်နေတာ။ တပြားမှ ရမနေဘူး။ ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ် လုပ်နေတာပါ။ တခါတလေတော့ မခံချင်ဘူး။

မေး။      ။ အခုအချိန် စစ်ပွဲတွေ ပြန်ဖြစ်နေတော့ တပ်ဘက်က စစ်ရေးကို ပိုလိုတယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးမှာလည်း လွှတ်တော်ထဲမှာ တပ်က တင်းမာနေတယ်။ ဒီ နှစ်ချက်ကြောင့် တချို့က အာဏာသိမ်းမလား၊ ငြိမ်းချမ်းရေး ပိုခက်လာမလား ဆိုပြီး စိုးရိမ်နေကြတယ် ဒီအပေါ်မှာ ဘာပြော နိုင်မလဲ။

ဖြေ။       ။ လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရှိနေတော့ ဘယ်တော့မှ မဖြစ်ဘူး။ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောတာ ရှိပါတယ်။ တပ်မတော်က အဏာ မသိမ်းလိုလို့ တပ်ကိုယ်စားလှယ်ကို ထားတာလို့ပြောတယ်။ ဒီလိုဘဲ နောက် ငြိမ်းချမ်းရေး ကော်မတီမှာ နိုင်ငံတော်သမ္မတ အပြင် တပ်ချုပ်လည်း ပါတယ်။ အဲဒီသူတို့က ချမှတ်တာကို လုပ်ငန်း ကော်မတီတွေက လိုက်လုပ်ရ တာပါ။

ဒီတော့ တဘက် တဘက်ညှိနှိုင်း မရတာကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိနှိုင်းရမှာ ဖြစ်တယ်။ အခုကတော့ ညှိလို့ မရသေးတော့ နိုင်ငံ ရေး ဆွေးနွေးပွဲ မရောက်သေး တာပါ။ ဒီမှာ ပြောနိုင်တာကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တဘက် တဘက် လိုချင်တာ ညှိရမယ်။ ဒီ အခြေအနေ ရောက်ဖို့ ငြိမ်းချမ်းရေးလုပ်နေတာ ဖြစ်တော့ ဒီအထဲမှာ တပ်ပါ ပါဝင်နေတာ ဖြစ်တယ်။ ဒီတော့ သူတို့ သဘောကို တွေ့ရမှာပါ။ ဆွေးနွေးပွဲပြီးမှ ညှိပြီး ရတာကို အကောင်အထည် ဖော်ရမယ်။ အကောင်ထည်ဖော်မှ ဘာဆိုတာ ဖြစ်လာမယ်ပေါ့။

မေး။      ။ ငြိမ်းချမ်းရေး လုပ်ငန်းက နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်လို့ ပြောကြပါတယ်။ နိုင်ငံရေး အပြောင်းလဲ ဖြစ်ချင်ရင် ငြိမ်းချမ်းရေး လုပ်လိုက်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောကြတယ်။ ရှင်းရှင်း ပြောရရင် အာရုံလွှဲတာပေါ့။ ဒီလိုမျိုး နိုင်ငံရေး Player ကို တပ်အနေနဲ့ ရပ်တည်ထားတာ များလား။

ဖြေ။       ။ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် Super Man တွေ အုပ်ချုပ်နေတာ မဟုတ်တော့ လူတိုင်းမှာ အားသာ၊ အားနည်းချက် ရှိပါတယ်။ နိုင်ငံရေး ရေချိန်က တဦးတယောက်က လုပ်ဖို့ခက်တယ်။ နိုင်ငံရေး လှည့်ကွက် အတွက် ငြိမ်းချမ်းရေး လုပ်တာလည်း မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။ လက်ရှိ ဘယ်လို အကောင်းဆုံး သွားနိုင်ဖို့ပဲ ကျနော်တို့ စဉ်းစားရပါမယ်။     ။

Loading