တရားမျှတမှု ဘယ်မှာလဲ
This article has been converted from Zawgyi One to Unicode
“Transitional Justice” အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာဟာ နိုင်ငံတနိုင်ငံရဲ့ အပြောင်းအလဲအတွက် အရေးအပါဆုံး အချက်တချက်ဖြစ်ပါတယ်။ဒီအကြောင်းကို ပြောတဲ့အခါ ပညာရှင်လိုလို NGO လိုလို လူတချို့က တမျိုးထင်ကြတယ်။ ဒီကိစ္စကို အတိုက်အခံတွေက စိတ်ခံစားချက်နဲ့ မာနကြောင့် ရှေ့တန်းတင်နေသလိုမျိုး ဝေဖန်ကြတယ်။ “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်” ဆိုပြီးလည်း နားချပြီး ဘာလုပ်လုပ် ငုံ့ခံခိုင်းကြတယ်။ လက်ရှိ ရ ထားသလောက်လေးယူပြီး ဖြေးဖြေးချင်း ချော့မော့ဆက်ဆံရင် အာဏာရှင်တွေ ပြောင်းလဲလာမှာပါဆိုပြီး ဖျားယောင်းကြတယ်။
ဒါကြောင့် ၈၈၈၈ ငွေရတုပွဲမှာတုန်းက “အတိတ်တုန်းက စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ်လွန်ကျူးခဲ့သမျှကို လက်ရှိအစိုးရအနေနဲ့တရားဝင်တောင်းပန်ရမယ်”လို့ ကျနော်တယောက်တည်း ကျယ်ကျယ်လောင်လောင်ဟစ်ကြွေးတောင်းဆိုခဲ့တဲ့အခါ အပြောင်းအလဲလှိုင်းမူးနေသူအတော်များများဟာ ပေါ်ပေါ်တင်တင်မထောက်ခံရဲခဲ့ကြတဲ့အပြင် အချို့က ဒီကောင် ဟော့ရှော့လုပ်နေတယ်ဆိုတဲ့အထာနဲ့ နှာခေါင်းပါရှုံ့ခဲ့ကြပါသေးတယ်။ ကျနော့်စကားကြောင့် သမ္မတအကြံပေးဦးမြင့် voice သတင်းစာ ခေါင်းကြီးမှာဖော်ပြခံရပြီး အကျပ်ရိုက်ခဲ့တော့ လူကြီးကို ဒုက္ခမပေးပါနဲ့လို့တောင် ဆုံးမသလိုလာပြောခဲ့သူတွေရှိတယ်။ ကျနော်တို့က ဘယ်လူကြီးကိုမှ ဒုက္ခမပေးပါဘူး။ အဲ့လိုယောင်ဝါးဝါးအတွေးအခေါ်တွေနဲ့ လူကြီးလုပ်ချင်နေကြတဲ့သူတွေကသာ တတိုင်းပြည်လုံးကို ဒုက္ခလှည့်ပတ်ပေးနေကြတာပါ။
အဓိကပြောချင်တာပြန်ကောက်ရရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ ဘာကြောင့် ဒီလောက် အရေးကြီးရပါသလဲဆိုတာ ရှင်းရပါမယ်။ ကျနော်တို့ပြည်သူတွေဟာ အာဏာနဲ့လက်နက်အားကိုးပြီး မတရားကျူးလွန်မှုတွေ နိုင့်ထက်စီးနင်းပြုမှုတွေအောက်မှာ ချောက်ချောက်ချားချား ပြိုလဲခဲ့ကြရတာပါ။ ကျနော်တို့ပြည်သူတွေ လိုချင်တာ အများကြီးမဟုတ်ပါဘူး။ တရားမျှတမှု၊ လူသားတယောက်ချင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ လွတ်လပ်စွာ ရှင်သန်နိုင်မှု၊ စားဝတ်နေရေး အာမခံချက်ရှိပြီး ခြိမ်းခြောက်မှုတွေမရှိတဲ့ သူလိုကိုယ်လို နေ့စဉ်ဘဝလေးလောက်ပါ။
အာဏာရှင်စနစ်ဆိုးအောက်က အတိတ်နောက်ကြောင်းကို ပြန်ကြည့်တဲ့အခါ နေရာတကာမှာ ခြိမ်းခြောက်ဓါးပြတိုက်နေတဲ့ အစိုးရအုပ်ချုပ်ရေးယန္တရား၊ တရားတဘောင်ရယ်လို့ဖြစ်လာရင် အာဏာရှိသူ ငွေရှိသူကသာ အနိုင်ယူလေ့ရှိတဲ့ တရားရေးစနစ်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုတာနဲ့ ခေါင်းငုံ့လိုက်ရတဲ့ ဥပဒေပြုရေးစနစ်၊ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့ဆိုပြီး အသံတိတ်ကြိတ်မှိတ် ငိုကြရတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးမှု၊ ဒီလို အခြေခံအခွင့်အရေး မှန်သမျှရစရာမရှိအောင် ဆုံးရှုံးခဲ့ရတဲ့ ဆယ်စုနှစ်ငါးခုကျော်ဟာ ခုထိ လတ်ဆတ်နေဆဲပါ။
၂၀၀၈အခြေခံဥပဒေကို ပြည်သူ့ခေါင်းဆောင်တွေ ပါဝင်ခွင့်မရှိပဲ အတည်ပြုရေးဆွဲပြီးလို့ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်ကြိုက် ကုလားဖန်ထိုးကျင်းပပြီးတဲ့ အရပ်ဝတ်လဲထားတဲ့ အစိုးရဟာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကို သူတို့လောက် လိုချင်တဲ့သူမရှိတော့သယောင် ငယ်သံပါအောင် အော်ဟစ်လို့ နိုင်ငံတကာကို ဆိုင်းဘုတ်အမျိုးမျိုးထောင်ပြီး မြှုဆွယ်ပါတော့တယ်။ သူတို့အစွယ် ရိုက်ချိုးလိုက်နိုင်ပြီလို့ ယူဆထားတဲ့ အတိုက်အခံပြည်သူ့ခေါင်းဆောင်တွေကိုလည်း ချော့လိုက်ခြောက်လိုက်နဲ့ ၂၀၀၈ ထောင်ချောက်ထဲ မရမက ဆွဲသွင်းလိုက်ပြန်ပါတယ်။ ဒီနေရာမှာ အသွင်ကူးပြောင်းရေးဖြစ်စဉ်ထဲက အဓိကအချက်တွေကို ကျော်ရစ်ပြီး သူတို့လိုချင်တဲ့ ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်းဆိုတဲ့ အခန်းကိုပဲပြဖို့ ကြိုးပမ်းကြပါတယ်။
ဒီနေရာမှာ အရေးကြီးဆုံးဖြစ်တဲ့ ခံခဲ့ရတာတွေအတွက် တရားမျှတမှု ဘယ်မှာလဲဆိုတဲ့မေးခွန်းကို ဘယ်လိုပဲ ဖျောက်ဖျက် ကျော်ခွဖို့ ကြိုးစားကြတယ်။ ပြီးခဲ့တာတွေ ခွင့်လွှတ်လိုက်ပါ။ အနာဟောင်းတွေ ပြန်မဆွကြပါနဲ့။ မေ့သင့်တာတွေ မေ့ပြီး ရှေ့ဆက်ဖို့ကို ပြောရအောင်။ မတူတာတွေ ခဏထားတူတာတွေ အရင်တွဲလုပ်ကြတာပေါ့ဆိုတဲ့ လေပြေထိုး နှစ်သိမ့်စကားတွေမှာ တချို့တွေလည်း နားယောင်ကြ၊ တချို့ကြလည်း မြေဝယ်မကျ နားထောင်ကြနဲ့ ဝေခွဲမရဖြစ်နေတဲ့ ကာလမှာ စစ်တပ်ရဲ့ အတိတ်က အဓမ္မအနိုင်ကျင့်မှုတွေဟာ ပြစ်ဒဏ်စီရင်မှုက ကင်းလွတ်ခွင့်ရနေရုံမက ဘယ်သူမှတောင် ပါးစပ်ကျယ်ကျယ် မပြောခဲ့ကြပါဘူး။ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းက အစီရင်ခံစာ တစောင်မှာဆို ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ အထူးစစ် ဆင်ရေး အဖွဲ့မှူး(ကစထ) ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ဟာ ၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ကရင်ပြည်နယ် စစ်ပွဲတွေမှာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုထားတယ်။ ဒါပေမယ့် အစိုးရရော စစ်တပ်ရော လွှတ်တော်တွေကပါ မသိချင်ယောင်ဆောင် မျက်နှာလွှဲထားနေကြတယ်။
ခေတ်ပြောင်းနေပြီ၊ ဒီမိုကရေစီကို သွားနေပြီ။ တိုင်စာပို့ပါ၊ အရေးယူပါ့မယ်။ လူ့အခွင့်အရေးကော်မရှင် ရှိတယ်၊ စစ်ဆေးပေးလိမ့်မယ်။ လွှတ်တော်ကိုတင်လိုက် ဆွေးနွေးပေးမှာပေါ့ဆိုတာတွေကြား ဟုတ်နိုးနိုးနဲ့ နတ်ကရာ ကြည့်မောနေရတဲ့ ကျနော်တို့ပြည်သူတွေဟာ လယ်သိမ်းခံရ၊ လုပ်ခဖြတ်ခံရ၊ လာဘ်မပေးလို့ မတရားလုပ်ခံရတုန်းပါ။
အစိုးရကပြောနေသလို ပြီးခဲ့တာတွေ ပြည်ဖုံးကားချကြမယ် ဆိုပါတော့။ အာဏာနဲ့ လက်နက်ရှိသူတွေဟာ ပြည်သူကို အနိုင်ကျင့်ခဲ့မိပါတယ်၊ ဒါဟာ မှားပါတယ်လို့ သူတို့ကိုယ်တိုင် အသိတရားရှိရှိ ဝန်ခံထုတ်ဖော် မပြောသရွေ့ ဒီလို နောက်ထပ် မလုပ်တော့ဘူးလို့ ကျနော်တို့ပြည်သူက ဘယ်လို ယုံကြည်စိတ်ချပေးရမှာလဲ။
အသွင်ကူးပြောင်းရေးမှာ တရားမျှတမှုဆိုတာ အသက်ဖြစ်သလို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ သက်သေထူမယ့် မှတ်ကျောက်တခုလည်း ဖြစ်ပါတယ်။ ဒါကို မကြာသေးခင်ကတင် အသက်ပါ ပေးဆပ်ခဲ့တဲ့ ကိုပါကြီးရဲ့ အမှုက မေးခွန်းထုတ်နေပါတယ်။ တရားမျှတမှုကိုမမေ့ကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။
(မိုးဃ်းသွေးသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်သည်။)