ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သံဃာတော်များ အနေဖြင့် ပါဝင်ခြင်း၊ ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန် တတိယ အကြိမ်မြောက် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် အာရှ ၅ နိုင်ငံမှ ဘုန်း တော် ကြီးများက သဘောတူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Swissotel Nai Lert Park ၌ အာရှ ၅ နိုင်ငံ မှ သံဃာတော်များ စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ဆရာတော် ၇ ပါး တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အလိုတော်ပြည့် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက မိန့်သည်။
အရှင်ကုမာရက “ပုထုဇဉ်တွေကို ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးထမ်း စဉ်လာ တွေကို ပိုနားလည်အောင် လုပ်ဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက နီးစပ်ရာလူထုကို တိုက်တွန်းဖို့လည်း သဘောတူခဲ့ကြတယ်”ဟု လည်း မိန့်ကြားသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ များ အပေါ်တွင် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။
ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရီလင်္ကာ နိုင်ငံတို့မှ ထေရဝါဒ ဘုန်းတော်ကြီးပေါင်း ၂၉ ပါးနှင့်ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များ၊ အကြံဉာဏ်များ ကူညီမှု ပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Center For Humanitarian Dialogue (HD Center) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးမှု အပြီးတွင် “ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများတွင် သံဃာတော်များ မပါဝင်ရေး”ကို သဘောတူညီ ဆွေးနွေးနိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗုဒ္ဓဘာသာ မဟုတ်သည့် အခြား ဘာသာဝင်များ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့များအား အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် လူမှု အဖွဲ့အစည်းများတွင် ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုများ ရရှိလာမည်ကို ယုံကြည်သဖြင့် ထိုလမ်းစဉ်အတိုင်း ကျင့်သုံးကြရန် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးများက သဘောတူညီခဲ့သည်ဟု သိရသည်။
ပဋိပက္ခများ ငြိမ်းချမ်းစေရန် လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ အနေဖြင့် တတ်နိုင်သည့် နေရာများမှ ကူညီမှု ပြုရန်၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည့် အကြမ်းဖက်မှုများနှင့် ကင်းကင်းကွာကွာ နေရန်၊ ဘာသာရေး ခုတုံးလုပ်သည့် ဖြစ်ရပ်များ ထပ်မံ ရှိလာပါက လက်ရှိတွင် သဘောတူညီထားသည့် နိုင်ငံ ၅ နိုင်ငံမှ ဆရာတော်များ ပူးပေါင်းပြီး ထိန်းသိမ်း လုပ်ဆောင်မည်ဟု ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထိုဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ရွှေညဝါ ဆရာတော် အရှင်ပညာသီဟက “ဒီဆုံးဖြတ်ချက်တွေကို လက်ခံတယ်၊ အပြန်အလှန် နားလည်ပြီး အတူငြိမ်းချမ်းစွာ နေဖို့ကို ထောက်ခံတယ်၊ ဗုဒ္ဓရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတွေမှာ သေးသိမ်တဲ့ အမြင်တွေ အယူ အဆတွေ လက်ခံနေတာကို မဖြစ်စေချင်ဘူး၊ ကိုယ့်လူမျိုးမှ ကိုယ့်ဘာသာမှ စွဲနေလို့ မရဘူး၊ စွဲနေရင် ဒီမိုကရေစီကို သွားနိုင်မှာ မဟုတ်ဘူး”ဟု မိန့်ကြားသည်။