သတင်း

NLD ကို မဲဆွယ် စည်းရုံးရေး သင်တန်းပေးသည့် အမေရိကန် အဖွဲ့ သတိပေးခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို မဲဆွယ်စည်းရုံးရေးနှင့် ဆိုင်သော နည်းပညာများ သင်ပေးခဲ့သည့် အမေရိကန် အခြေစိုက် International Republican Institute (IRI) အဖွဲ့ အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိ ပေးကြောင်း သိရသည်။

IRI အဖွဲ့ သည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ NLD ပါတီဝင်များအား သီးသန့် သင်တန်းများပေးနေကြောင်း၊ ပြည်ပနိုင်ငံ၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ပါတီ တခုခုကို သင်တန်းပေးခြင်း၊ ဟောပြောခြင်း ပြုလုပ်ပေးမည်ဆိုပါက နိုင်ငံရေး ပါတီများဆိုင်ရာ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြား ခွင့်ပြုချက်တောင်းခံပြီးမှသာ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချို က ဧရာဝတီ ကို ပြောသည်။

“နိုင်ငံခြား အဖွဲ့အစည်း တခုခု အနေနဲ့ နိုင်ငံရေး ပါတီတခုခုကို သင်တန်းပေးမယ်ဆိုရင် ခွင့်ပြုချက်တင်ပြဖို့လိုတယ်၊ တကယ်လို့ လုပ်မယ်ဆိုရင်လည်း နိုင်ငံရေး ပါတီတွေကို စုပေါင်းပြီးတော့ သင်တန်းတွေ ပေးနိုင်တယ်ဆိုတာကို ကျနော်တို့က အသိပေးအကြောင်းကြားတာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

NLD ပါတီ ဖျာပုံ ခရိုင် ဒု ဥက္ကဋ္ဌ ဦးသက်တင်က မဲဆွယ် သင်တန်းပေးမှုနှင့်ပတ်သက်၍ IRI အဖွဲ့ ထံ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားစာ ပေးပို့သည် ဆိုသော်လည်း NLD ပါတီကိုမူ တစုံတရာ ပြောဆိုအကြောင်းကြားမှု မရှိဟု ပြောသည်။

“ကျနော်တို့ ပါတီရုံးမှာ လုပ်တာလည်း မဟုတ်ပါဘူး၊ ဖျာပုံမြို့က တရုတ်ကလပ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က တရက်တည်း လုပ် သွားတာပါ၊ သင်တန်းသား အများစုကတော့ ကျနော်တို့ပါတီဝင်တွေ ဖြစ်ပါတယ်၊ ဖိတ်တာကတော့ တခြား ပါတီ တွေကိုလည်း ဖိတ်ပါတယ်”ဟု ဦးသက်တင်က ရှင်းပြသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၄၀၇ (ဂ) အရ နိုင်ငံရေးပါတီ တခုခုသည် နိုင်ငံခြား တိုင်းပြည်မှ ဘာသာရေး အဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် သို့မဟုတ် တခြား အဖွဲ့အစည်း တခုခုထံမှ ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ တခြား အထောက်အကူ ဖြစ်စေ သည့် မည်သည့် အရာကိုမဆို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ရယူသုံးစွဲခြင်း မရှိစေရဟု ပါရှိ ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ပြောသည်။

ထို့အတူ ပုဒ်မ ၄၀၈ တွင်လည်း နိုင်ငံရေး ပါတီ တခုခုသည် ပုဒ်မ ၄၀၇ နှင့် ငြိစွန်းပါက နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်နိုင် သည် ဟု ပြဌာန်းထားကြောင်း ဦးလှမောင်ချို က ရှင်းပြသည်။

“နိုင်ငံရေးပါတီ တခုခုဟာ အဲဒီ ပုဒ်မတွေနဲ့ ငြိနေရင် မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီအဖြစ်မှ ပယ်ဖျက်နိုင်တယ်လို့ ပါတယ်၊ ဒါဟာ NLD မို့လို့ ကျနော်တို့က လုပ်တာ မဟုတ်ပါဘူး၊ ဥပဒေကြောင်းအရ ပြောတာပါ”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပါတီများ အနေဖြင့် ရုံးတွင်း သင်တန်း ဖြစ်စေ၊ ပြင်ပ သင်တန်း ဖြစ်စေ တခုခု လုပ်ဆောင်မည် ဆိုပါက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ အရ ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြားရမည်ဟု ပြဌာန်းထားကြောင်း၊ ထို လမ်းညွှန်ချက် များကိုလည်း နိုင်ငံရေး ပါတီများ အားလုံးထံ ပေးပို့ထားပြီး ဖြစ်ကြောင်း ကော်မရှင် ထံမှ သိရသည်။

NLD ပါတီ ဧရာဝတီတိုင်း ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ကလည်း IRI အဖွဲ့အနေဖြင့် မိမိတို့ပါတီ ဝင်များကိုသာ သီးသန့်ပေးခြင်း မဟုတ်ကြောင်း၊ ဖျာပုံမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ(တစည) အပါအဝင် နိုင်ငံရေးပါတီ အားလုံးကို ဖိတ်ကြားသော်လည်း မတက်ရောက်ကြ ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

IRI အဖွဲ့မှာ ပုသိမ်မြို့တွင်လည်း သင်တန်းများပေးခဲ့ကြောင်း၊ NLD ပါတီ၊ ကြံ့ခိုင်ရေး၊ တစည၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) စသည့် ဒေသခံ ပါတီများ အားလုံးကို ဖိတ်ကြား၍ မဲဆွယ်ခြင်း၊ စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ၊ စောင့်ကြည့် လေ့လာခြင်းများကို ရှင်းလင်းပို့ချပေးခြင်းသာ ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုအဖွဲ့ဝင် ဦးဝင်းမြင့် က ရှင်းပြသည်။

“IRI အဖွဲ့က NLD ပါတီ တခုတည်းကို သင်တန်းပေးတာ မဟုတ်သလို ဖျာပုံတမြို့တည်းမှာ ပေးတာလည်း မဟုတ်ဘူး၊ ပါတီ တွေအကုန်ပေးတာပဲ၊ မတက်တာ တက်တာတို့ သူတို့ အပိုင်းပေါ့၊ နောက်တခုက IRI က သင်တန်းပေးတာဟာလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေနဲ့ ဘာမှ မငြိစွန်းပါဘူး”ဟုလည်း ၎င်းက ဆက်ပြောသည်။

IRI အဖွဲ့မှ ပို့ချပေးသည့် အစီအစဉ်များသည် NLD ပါတီက ဦးဆောင်ခြင်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ အားလုံး ကို ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာများ ပို့ချပေးခြင်းသာ ဖြစ်ကြောင်း NLD က ဆိုသည်။

ဦးဝင်းမြင့် က “ဒီသင်တန်းလေး ပို့ချတာက ငွေရေးကြေးရေးအရ လုပ်နေတာလည်း မဟုတ်ဘူး၊ ဒါကို အပြစ်ပြောနေမယ် ဆိုရင် အခုကတည်းက ငွေတွေ အကုန်ခံပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်လို့ စည်းရုံးနေတာတွေကို ဘယ်လို ပြောမလဲ၊ ဒါတွေကိုပါ ထည့်သွင်း စဉ်းစားမှ တရားမျှတမှာပေါ့”ဟု ပြောဆိုသည်။

IRI အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချပေးနေသည့် အဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးအတွက် နှစ် ပေါင်းများစွာ ကူညီပေးနေသည့် အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading