Human Rights

မြေယာ လက်ဝါးကြီးအုပ်မှုများ ဆက်ရှိနေဦးမှာလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည် ဆိုသော လက်ရှိအစိုးရ သက်တမ်းအတွင်း ဖြစ်ပေါ်နေသော ပြဿနာများထဲတွင် မြေ ယာနှင့်ပတ်သက်သော ပြဿနာသည် အများဆုံးဟု ပြော၍ရသည်။

ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်နှင့် ခရိုနီများ သိမ်းယူထားခဲ့သည့် လယ်ယာမြေများကို ပြန်လည်ဖော်ထုတ် တောင်းဆိုမှုများ၊ စီမံကိန်းများနှင့် မြေသိမ်းဆည်းမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ၊ ဈေးကစားမှုများကြောင့် အဆမတန် မြင့်မားလာနေ သော မြေယာဈေးနှုန်း ကြီးမြင့်မှု စသည့် အခြေအနေအမျိုးမျိုးနှင့် မြေယာပြဿနာများမှာ ရှုပ်ထွေးလျက် ရှိသည်။

မြေယာပြဿနာ များနှင့် ပတ်သက်၍ ယခုအစိုးရ သက်တမ်း လွှတ်တော်အတွင်း လယ်ယာမြေဥပဒေနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့ကို အတည်ပြု ပြဌာန်းခဲ့ပြီး ထိုဥပဒေများနှင့် ဖြေရှင်းဆောင်ရွက်မှုများ ရှိသော်လည်း များပြားလှသည့် အငြင်းပွားမှုများနှင့် မြေယာခွဲဝေမှု ပြဿနာများက ရှိနေဆဲ ဖြစ်သည်။

ထိုသို့ အခြေအနေများရှိနေသော မြေယာများကို မျှတပြီး ရေရှည် အကျိုးရှိစွာ အသုံးပြုသွားနိုင်ရန် လမ်းညွှန်နိုင်မည့် အမျိုးသားမြေ ယာ အသုံးချမှု မူဝါဒတခု ရှိရန် လိုအပ်သကဲ့သို့ အမျိုးသား မြေယာ ဥပဒေ ထွက်ပေါ်လာရန်လည်း လိုအပ်နေသည်။

အမျိုးသား မြေယာဥပဒေ ထွက်ပေါ်မလာသေးသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ထွက်ရှိလာခဲ့သည်။

သို့သော် ထိုမူကြမ်းတွင် လက်ရှိဖြစ်ပေါ်နေသော မြေယာပြဿနာများကို ဖြေရှင်းနိုင်မည့် အခြေအနေများနှင့် ပတ်သက်သည့် မူများ၊ မြေဈေးနှုန်းများ ကြီးမြင့်မှု ဖြစ်စဉ်အပေါ် မည်သို့ ရှေ့ဆက်သွားသင့်သည်ဆိုသော အချက်များ၊ သိမ်းဆည်းထားသည့် မြေယာများအား မည်သို့ ပြန်လည် လုပ်ဆောင်သွားကြရမည် ဆိုသောအချက်များ မပါရှိသကဲ့သို့ အိုးပစ်အိမ်ပစ် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပတ်သက်၍ မြေနေရာ ပြန်လည် ချထားရေး ဆိုင်ရာ မူများလည်း မပါရှိခြင်းတို့အပေါ် အရပ်ဘက် အဖွဲ့အစည်းများ တိုင်းရင်းသား များနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းဝေဖန်ကြသည်။

မြေယာပြဿနာများနှင့် ပတ်သက်၍ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (FSWG)က လုပ်ဆောင်ထားသော စစ်တမ်း အရ မြန်မာနိုင်ငံတွင် စစ်တပ်၊ အစိုးရဌာနများနှင့် ကုမ္ပဏီများက သိမ်းထားသည့် မြေဧကပေါင်းသည် ၆ သန်းခန့် ရှိကြောင်း သိရပြီး လွှတ်တော်တွင်း အစီရင်ခံစာများတွင် ပါဝင်သည့် အချက်များအရ လယ်ယာမြေနှင့်ပတ်သက်သည့် အမှုပေါင်းမှာ ၉၀၀၀ ကျော်ရှိသည့် အနေအထား ဖြစ်သည်။

ထိုအမှုပေါင်း ၉၀၀၀ ကျော်တွင် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ဖြေရှင်းပေးနိုင်သည့် အခြေအနေဖြစ်သည်ဟု တောင်သူ လယ်သမား အကျိုးဆောင် ကွန်ရက်က ထုတ်ပြန်ထားသည်။

လယ်ယာမြေ သိမ်းယူ အသုံးချမှုများနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေ အခန်း ၁၀ ပုဒ်မ ၃၁ တွင် ခွင့်ပြုသည့်နေ့မှ ၆ လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလှျှင် သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင် လည်းကောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပြန်လည်သိမ်းယူနိုင်သည်ဟု ပါရှိပြီးသား ဖြစ်သော်လည်း လက်ရှိအနေ အထားမှာ ဥပဒေ သက်ရောက်မှု အားနည်းသည်ဟု ပြောရမည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့် ယင်းပြဿနာများနှင့် ပတ်သက်၍ ရေရှည်လုပ်ဆောင် ဖြေရှင်းရမည့် အချက်များ မူကြမ်းတွင် ပါဝင်သင့်သည်ဟု အရပ် ဘက် အဖွဲ့အစည်းများက ထောက်ပြကြသည်။

မြေယာအရေး ဆောင်ရွက်နေသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ဒေါ်ဘောက်ဂျာ က“ရေးထားတဲ့ မူဝါဒထဲမှာ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ ကိုဖြေရှင်းပေးမယ်ဆိုတဲ့ဟာ တခုမှမပါဘူး။ စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့လည်း တောထဲတောင်ထဲ ကနေများ လုပ်စားဖို့ ရောက်လာခဲ့ရင် နေစရာမရှိဘူးပေါ့။ ဒီအမျိုးသား မြေအသုံးချမှု မူဝါဒမှာလည်း ထည့်ထားခြင်းမရှိတဲ့ အတွက် တိုင်းရင်းသားတွေ အတွက် လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”ဟု ပြောသည်။

ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းဒေသရှိ မြေယာများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ယုဇနကုမ္ပဏီက သိမ်းယူခဲ့မှုအတွက် ဒေသခံ လယ်သမားများဘက်မှ ဦးဆောင်၍ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့သူလည်း ဖြစ် သည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ကလည်း အမျိုးသား မြေယာမူဝါဒတွင် မြေယာနှင့် ပတ်သက်သော အဓိက ပြဿနာများနှင့် ဦးစားပေးဖြေရှင်းရမည့် အချက်များကို ထည့်သွင်းသင့်ကြောင်း ထောက်ပြထားသည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ(မူကြမ်း)တွင် မြေယာဈေးနှုန်းများ ကြီးမြင့်မှုနှင့် ပတ်သက်ပြီး ရေရှည် ဆောင်ရွက်သွားရမည့် အချက် များလည်း မပါရှိပေ။ မြန်မာနိုင်ငံ၏ လက်ရှိ မြေဈေးနှုန်းကြီးမြင့်မှုက တိုင်းပြည်စီးပွားရေးအင်အားကို တိုးချဲ့နိုင်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေမှုကို အဟန့်အတားဖြစ်စေသော အကြီးဆုံး စိန်ခေါ်မှုတခုလည်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် မိုးဘိုင်းဖုန်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သော နာမည်ကြီး Samsumg ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သော်လည်း ယခုဗီယက်နမ်သို့ ပြောင်းလဲ ရောက်ရှိသွားခြင်း၏ အဓိကအကြောင်း ရင်း၂ချက်မှာ မြန်မာနိုင်ငံ၏ မြေယာအခက်အခဲနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်ကြောင့်ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်း ကပြောသည်။

မြန်မာနိုင်ငံ၏ တချို့သော မြေဈေးနှုန်းများသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြေတန်ဖိုးထက် ပိုမိုမြင့်မား နေသည်ဟုပင် ဝေဖန်ကြသူများ ရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က “ဒါနဲ့ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာ သိပ်အရေးကြီးနေပါပြီ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ မြေဧရိယာ အကျယ်ဆုံးပဲ။ ဒီလောက်အကြီးကြီး ဖြစ်နေတာကို လာတဲ့သူတွေက မြေမရလို့ ပြန်သွားတာ၊ မြေဈေးကြီးလို့၊ အလုပ်လုပ်လို့မရဘူးဖြစ်နေ တဲ့အတွက် ဒီမှာဝင်မယ့် နိုင်ငံတကာက လုပ်ငန်းတွေကို အခက်ဖြစ်စေတာပေါ့။ ဒါဟာ အများပြည်သူ ချောင်လည်ဖို့၊ အလုပ်အကိုင် ရရှိဖို့နဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အဟန့်အတား အရမ်းဖြစ်ပါတယ်။ နိုင်ငံတော်က ဒါကို သတ်သတ်မှတ်မှတ် ရဲရဲဝံ့ဝံ့ ဥပဒေတွေချ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း အစိုးရကို ယုံကြည်မှုရှိတော့မှာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က မြေယာ ရရှိထားသူများ ရှိနေပြီး လက်ရှိအချိန်တွင် အစိုးရအနေဖြင့် ထိုမြေယာများကို ပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးကြောင်းလည်း ဒေါက်တာ မောင်မောင်လေးက ပြောဆိုသည်။

၎င်းက “အရင်တုန်းက ယူထားတဲ့သူတွေလည်း တိတ်တိတ်လေး ငြိမ်နေတယ်။ ပေါ်မှာစိုးလို့ နေမှာပေါ့။ နိုင်ငံတော်ပိုင်းက သိတဲ့ ဟာ လည်း သိတာပေါ့။ ဒါပေမယ့် အဲ့ဒီသူတွေကို တချို့ကပြောတယ်။ ထိလို့မရတဲ့ အပိုင်းတွေတဲ့။ ဒီမိုကရေစီ လမ်းကြောင်းသွားတဲ့ အခါမှာ ဒါမျိုးက မရှိသင့်တော့ပါဘူး”ဟုလည်း ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်း လက်ရှိ အမျိုးသား မြေယာမူဝါဒနှင့် ပတ်သက်ပြီး “အမျိုးသားမြေအသုံးချမှုမှာ တည့်တည့် ပြောရရင် မြေ ၁ ဧက ကနေ ရမယ့် အကျိုးအမြတ် ဘာရှိမလဲ။ ငွေရေးကြေးရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း အကျိုးအမြတ်ပေါ့။ ဒီနိုင်ငံရဲ့ ၅၁ သန်းရှိသော လူတွေ စားလောက်တဲ့ စိုက်ပျိုးမြေ၊ ဒါမှမဟုတ် သီးနှံ၊ ဒါကို အရင်ဆုံး စဉ်းစား ရမယ်။ အဲ့ဒီဟာထက် ပိုတဲ့ ဟာတွေကို အမျိုးသားမြေအသုံးချမှု မူဝါဒက စီးပွားရေးအရ တွက်ခြေကိုက်မှု ဘာလဲ၊ အလုပ် အကိုင် အခွင့်အလမ်းရမှာ ဘာလည်း၊ နည်းပညာ ရမှာဘာလဲ၊ ဆိုတဲ့ဟာတွေအပေါ်မှာ အသုံးချသင့်တယ်လို့ သုံသပ်ချင်တယ်”ဟု ပြောဆိုသည်။

ထိုမြေအသုံးချမှု မူဝါဒ(မူကြမ်း)နှင့်အတူ ကန့်ကွက်သံများ၊ ဝေဖန်သံများ၊ တင်ပြ အကြံပြုချက်များသည် အဖွဲ့အစည်းမျိုးစုံထံမှ ထွက် ပေါ်ခဲ့သည်။

ထိုကန့်ကွက်သံများကြားတွင် အမျိုးသား မြေအသုံးချမှု မူဝါဒ မူကြမ်းအား ပြည်သူများသို့ ချပြရန်၊ တနိုင်တပိုင်ဆွေးနွေးပွဲများ ပြုလုပ် ၍ ပြည်သူများနှင့်ဆွေးနွေးရန် သစ်တောဝန်ကြီးဌာနက တာဝန်ယူထားပြီး တွေ့ဆုံပွဲများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

ထို့အပြင် သမ္မတ အနေဖြင့် မြေယာမူဝါဒအား အမြန်ဆောင်ရွက်စေလိုပြီး ပြည်တွင်း မြေအသုံးချမှုများ စေ့စပ်စေရန်၊ မြေနှင့် ပတ် သက် သည့် စီမံကိန်းများကို ဥပဒေထွက်ရှိလာပါက လုပ်ဆောင်ရန်၊ နည်းဥပဒေများ ထပ်မံရေးဆွဲရန် တို့ကိုလည်း စီစဉ်လျက် ရှိ သည်ဟု သိရသည်။

သို့သော် ယခုမူဝါဒထဲတွင် အမှန်တကယ် အဓိက လိုအပ်သော ပြဿနာ ဖြေရှင်းရမည့် အချက်များ ပါဝင်ရန်လိုအပ်လျက်လည်း ရှိသည်။

ထိုအချက်များ မပါရှိပါက နိုင်ငံ၏ အမျိုးသား မြေအသုံးချမှု မူဝါဒသည် ဖြစ်နေသည်က တခြား၊ လုပ်ဆောင်မည်က တလွဲနှင့် မြေယာ လက်ဝါးကြီးအုပ်မှုများ ဆက်လက်ရှိနေဦးမည့် သဘောသာ ရှိနေပါသည်။     ။

ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့် ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading