၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောင်မြင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတ ဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကိုယ်စား လှယ် တဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တောင်းဆိုထားပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ကာချုပ် မင်းအောင်လှိုင် တို့က ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို လက်မခံဘဲ ပယ်ချလိုက်တာမို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံရေးအကျပ်အတည်းက ထွက်ပေါက်ပိတ်သွားပါပြီ။
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးတဲ့နောက် နိုဝင်ဘာ လ ၂၇ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ မဖြစ်နိုင် ဘူး လို့ ငြင်းဆိုပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ ကာချုပ်မင်းအောင်လှိုင်ကလည်း ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ လက်မခံ ဘူး လို့ ငြင်းဆိုလိုက်တာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ရဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ရတဲ့ ပြောဆိုချက်တွေမှာ လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင် တောင်းဆိုမှုက လူပုဂ္ဂိုလ်ကို အခြေခံပြီး လက်တွေ့မကျလို့ ဘူးလို့ ပြောဆိုထားပြီး ကာချုပ်မင်းအောင်လှိုင်ရဲ့ ငြင်းဆိုချက်မှာတော့ ၆ ပွင့်ဆိုင်ရုံနဲ့ ပြဿနာ မဖြေရှင်းနိုင်ဘဲ အားလုံးတွေ့ဆုံဖြေရှင်းမှ အဆင်ပြေနိုင်မှာမို့ ၆ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်မခံတာဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းပြချက်တွေက သီးခြားစီဖြစ်နေပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ၂ ဦးမှာ ၆ ပွင့်ဆိုင် ဆွေးနွေးရေးဆိုတဲ့ လွှတ်တော်ရဲ့ တောင်းဆိုမှုကို လက်မခံဘူးဆိုတဲ့ တူညီတဲ့ သဘောတူညီချက်ရှိနေတာ သိသာ ထင်ရှား ပါတယ်။ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုနဲ့ ငြင်းပယ်မှုက နောက်ဆုံးဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းဖြစ်ပြီး လွှတ်တော်နဲ့ အစိုးရ ကြား ထိပ်တိုက်တွေ့ဆုံမှု တခုလို့လည်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖြစ်လာနိုင်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွွှေမန်း ထုတ်ဖော် ပြောဆိုထားတဲ့ ၂၀၁၅ ခုနှစ် မေလမှာကျင်းပဖို့ ရှိတယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဆိုတာက လည်း ဖြစ်လာဖို့ လုံး၀ မဖြစ်နိုင်တော့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အိမ်မက်ဆိုတာကလည်း ရေပေါ် အရုပ်ရေးသလို ဖြစ်တော့မယ့် အခြေအနေဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာတော့ လွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သမ္မတဦးသိန်းစိန်ဘက်က ငြင်းပယ်တာက လွှတ်တော်ကို မလေးစားတာ၊ အလေးမထားတာလို့ ပြောဆိုပြီး အစိုးရနဲ့ လွှတ်တော်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့ကြုံရဖွယ်ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ငြင်းပယ်မှုကို အကြောင်းပြုလို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဘက်က သမ္မတကို စွပ်စွဲပြစ်တင်လာနိုင်တဲ့ အခြေအနေရှိတယ်ဆိုပြီး သုံးသပ်ပြောဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ နိုင်ငံတော်အကြီးအကဲ ၊ ပုဒ်မ ၇၁ ၊ အပိုဒ်ခွဲ က ကြီးမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ တွေကို လွှတ်တော်က စွပ်စွဲ ပြစ်တင်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပြဋ္ဌာန်းထားပြီး အဲဒီပြဋ္ဌာန်းချက်တွေမှာ “ဥပဒေအရ ပေးအပ် ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့အခါ” နိုင်ငံတော်သမ္မတကို လွှတ်တော်က စွပ်စွဲ ပြစ်တင် နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တခုလည်း အပါအဝင်ဖြစ်ပါတယ်။ လွှတ်တော်က အရေးကြီးအဆို တင်ပြီး တောင်းဆိုလိုက်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်တာက သမ္မတဦးသိန်းစိန်အနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင် ကို မလေးစားတာ၊ ဥပဒေပြုရေးမဏ္ဍိုင်က ပေးအပ်လိုက်တဲ့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့ အဓိပ္ပာယ်သက်ရောက် တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပြောဆိုပါတယ်။
“လွှတ်တော်က တိုက်တွန်းတာကို မလုပ်တဲ့အတွက်ကြောင့်မို့လို့ ပေးအပ်ထားတဲ့ တာဝန်ကို မထမ်းဆောင်ဘူးဆိုတဲ့ ယူဆချက်နဲ့ စွပ်စွဲပြစ်တင်မယ်ဆိုရင် အရေးကြီးတာက လွှတ်တော်က ဆုံးဖြတ်ရမှာမို့လို့ လွှတ်တော်က လိုအပ်တဲ့ မဲအရေ အတွက်တွေ ရမလားပေါ့။ လွှတ်တော်တရပ်က စွပ်စွဲပြစ်တင်မယ့် အဆို အောင်သွားရင် နောက် လွှတ်တော်တရပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရမယ်လို့ ပါထားတာကိုး” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၇၁ မှာ နိုင်ငံတော်သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်လိုတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော် မှာပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော် တရပ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတပုံက လက်မှတ်ရေးထိုး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံတင်ပြရမယ်၊ အဲဒီစွပ်စွဲ ချက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံး ၃ ပုံ ၂ ပုံက ထောက်ခံ မှသာ ဆက်လက်အရေးယူဆောင်ရွက်ရမယ်၊ လွှတ်တော်တရပ်ရဲ့ စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ဖို့ ထောက်ခံလျှင် အခြားလွှတ်တော်တရပ်က စွပ်စွဲချက်ကို အဖွဲ့ဖွဲ့ စုံစမ်းစစ်ဆေးရမယ်၊ စွပ်စွဲချက်မှန်ကန်ကြောင်း လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ ၂ ပုံထောက်ခံရင် သမ္မတအား ရာထူးမှ ရပ်စဲဖို့ ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ တင်ပြရမယ်၊ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက တင်ပြချက်ကို ရရှိလျှင် ရရှိချင်း စွပ်စွဲခံရတဲ့ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို ရာထူးမှ ရပ်စဲကြောင်း ကြေညာရမယ်ဆိုပြီး ပြဋ္ဌာန်း ထားပါတယ်။
လွှတ်တော်အနေနဲ့ အခြေခံဥပဒေအတိုင်း နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်နိုင်သလို သမ္မတအနေနဲ့လည်း အရေးပေါ် အခြေအနေ ကြေညာလို့ လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ ဥပဒေပါ အခွင့်အရေးရှိတယ်နေလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။
“သမ္မတမှာလည်း အရေးပေါ်အခြေအနေကြေညာပြီး ကာချုပ်ကို အာဏာပေးအပ်လို့ လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ အာဏာရှိသလို လွှတ်တော်မှာလည်း သမ္မတကို စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်တဲ့ အာဏာရှိတယ်။ အဲဒီတော့ အစိုးရနဲ့ လွှတ်တော် ထိပ်တိုက်တွေ့မှာမျိုးက တိုင်းပြည် မကောင်းနိုင်ဘူး။ တဖက်နဲ့ တဖက် အပြန်အလှန်လေးလေးစားစားနဲ့ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ လွှတ်တော်နဲ့ အစိုးရကြား တင်းမာမှုတွေက ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို အခြေခံလို့ အရှိန်မြှင့်တက်လာမယ့် အခြေအနေတွေရှိနေပါတယ်။ ၆ ပွင့်မဆိုင်နိုင်တဲ့ နိုင်ငံရေး အကျပ်အတည်းက စစ်တပ်ကို အာဏာ အပ်နှင်းတဲ့ အရေးပေါ် အခြေအနေကြေညာတဲ့အထိဖြစ်လာနိုင်သလို၊ သမ္မတကို စွပ်စွဲ ပြစ်တင် တာမျိုးတွေလည်းဖြစ်လာနိုင်တာမို့ အလွန်ကို အန္တရာယ်ကြီးတဲ့ အခြေအနေပါပဲ။ ၆ ပွင့်ဆိုင်နိုင်ရင်တော့ အလုံးစုံ အဆင်ပြေချောမွ့နိုင်မှာကတော့ အသေအချာပါပဲ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကတော့ “ အခု ပြုပြင်ပြောင်းလဲမှုတွေ Evolution လို့ ခေါ်တဲ့ ဆင့်ကဲ ဖြစ်စဉ်အရ ပြောင်းနေတာ။ အဲဒီ ဆင့်ကဲဖြစ်စဉ် လေးကိုတောင်မှ လက်မခံနိုင်ရင် Revolution ကို ဘယ်လို လက်ခံ ကြမှာလဲ။ Evolution ကို လက်ခံရင် Revolution မလာတော့ဘူး။ ကျနော်တို့က Evolution ဖြစ်အောင် အထွေထွေသဟဇာတဖြစ်ရေး မူအရ တွန်းအား ပေးနေတာ။ ပြေရာ ပြေကြောင်း သွားနေတာကို လက်ခံပေးဖို့ လိုတယ်။ အတွေး မတိမ်စေချင်ဘူး ”လို့ သတိပေးပြောဆိုပါတယ်။
(သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်)