မြန်မာတွေ ကွဲသလား

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တယောက်ယောက်က မြန်မာတွေကွဲသလားဟု မေးလာလျှင် စီးပွားရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေမှာတော့ ကွဲလေ့ကွဲထ ရှိပါတယ်၊ ဘာသာရေးအခြေခံတဲ့ အဖွဲ့အစည်းတွေမှာတော့ ကွဲလေ့ကွဲထ နည်းတယ်လို့ ထိန်းထိန်းသိမ်းသိမ်း ဖြေရပါလိမ့်မယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အကွဲအပြဲ ဇာတ်လမ်းတွေက မနည်းမနော ရှိခဲ့တာ အသေအချာပင်။ လူရွှင်တော်တွေက ၂ ယောက် ရှိရင် ၃ ဖွဲ့ကွဲတယ်ဟု ပြက်လုံးထုတ်ရလောက်အောင်အထိ ကွဲခဲ့ပြဲခဲ့ကြတယ်။

သတင်းစာဆရာ ဂါးဒီယန်းဦးစိန်ဝင်းက မြန်မာ့နိုင်ငံရေး အကွဲအပြဲနဲ့ပတ်သတ်ပြီး “အကွဲအပြဲ” ဆိုတဲ့ စာအုပ်ထုတ်ခဲ့ရတဲ့အထိ အောင်မြင်စွာ ကွဲခဲ့ကြတယ်။ အကွဲအပြဲနဲ့ ပတ်သက်ပြီး ကောက်ချက်ချတာကလည်း အမျိုးမျိုးပဲ။ နယ်ချဲ့က သွေးထိုးလို့ကွဲခဲ့ရတယ်လို့ ဆိုသူရှိသလို ကိုလိုနီဆိုးမွေလို့ သုံးသပ်ကြသူတွေလည်း ရှိတယ်။ တချို့ကတော့ သပ်လျှိုလို့ ကွဲတာတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းမှာ မြန်မာတွေ ကွဲကြပြဲကြတာ (လက်မခံချင်သည့်တိုင်) တကယ်ဖြစ်ခဲ့တာပါ။ ရယ်စရာလိုလိုနဲ့ အတည်ဖြစ်နေတဲ့ စကားတစ်ခွန်းရှိတယ်။ “ဘယ်သူခွဲခွဲ
ဒို့မကွဲ ကိုယ့်ဖာသာကွဲမည်”တဲ့။

အကွဲအပြဲများတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ မလွန်ဆန်လှူအသင်း(၁၁၈နှစ်)၊ ပဋိယတ္တိ သာသနဟိတအသင်း (၁၁၆နှစ်)၊ ဝေနေယျသုခရေချမ်းစင်အသင်းကြီးတွေက နှစ်ပေါင်းရာချီ တည်ရှိနေတာ ဂုဏ်ယူစရာ ကောင်းတယ်။ အသင်းအဖွဲ့တခု နှစ်ပေါင်းတရာကျော် တည်တံ့ခိုင်မြဲဖို့ ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို အကွဲအပြဲတွေနဲ့ အကျွမ်းထွန်းဝင် ဖြစ်နေတဲ့နိုင်ငံမှာ ပိုလို့တောင် မလွယ်သေးတယ်။ စနစ်အမျိုးမျိုး ခေတ်အမျိုးမျိုးအောက်မှာ နှစ်တရာကျော်တဲ့အထိ ရပ်တည်နိုင်ဖို့ဆိုတာ ဇွဲ၊ ဉာဏ်ပညာ၊ လုံ့လ၊ဝီရိယ ဘက်စုံထူးချွန်မှသာ တောင့်ခံနိုင်မှာပါ။

နှစ်တရာကျော်တဲ့ အသင်းကြီးတွေကို လေ့လာကြည့်ရင် မှန်ကန်တဲ့မူဝါဒ ကိုယ်စီရှိတာ တွေ့ရမှာဖြစ်တယ်။ မန္တလေးမြို့က မလွန်ဆန်လှူအသင်းကြီးနဲ့ ပဋိယတ္တိ သာသနဟိတ အသင်းကြီးတွေဟာ ရဟန်းသံဃာနဲ့ သီလရှင်တွေအတွက် ဆွမ်းဆန်စိမ်းတမျိုးထဲကိုသာ မူချမှတ်ပြီး နှစ်စဉ်လောင်းလှူခဲ့ကြတဲ့ အသင်းကြီးတွေဖြစ်ကြတယ်။ ဗုံးတွေ
တဝုန်းဝုန်းကျဲ စက်သေနတ်တွေ တဒိုင်းဒိုင်း ပစ်ခတ်နေတဲ့ စစ်အတွင်းကာလတွေမှာလည်း လောင်းလှူစရာရှိတဲ့ ဆွမ်းဆန်ကို မပျက်မကွက် လောင်းလှူခဲ့ကြတယ်။ ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တပါတီအာဏာရှင်ခေတ်၊ စစ်အာဏာရှင်ခေတ်မှသည် ယခု ဒီမိုကရေစီကို ဖော်ဆောင်နေတယ် ဆိုတဲ့ခေတ်အထိ တနှစ်မှ မပျက်ကွက်ပဲ လောင်းလှူနိုင်ခဲ့တာ သာဓု ခေါ်စရာကောင်းတယ်။ အလားတူ ရန်ကုန်မြို့က ဝေနေယျသုခ ရေချမ်းစင်အသင်းကြီးကလည်း မြန်မာနိုင်ငံအနှံ့က ဘုရားကျောင်းကန်တွေမှာ ရေကုသိုလ်လုပ်နေတာ ယနေ့ထိတိုင် တွေ့မြင်နိုင်ပါတယ်။ ခေတ်ကာလအလျောက် စက်တွေအထိ အဆင့်မြှင့်တင်လှူဒါန်းလာနိုင်တာ အသင်းသူအသင်းသားတွေရဲ့ အမြော်အမြင်ကြီးမှုပါပဲ။

ဒီလောက်နှစ်တွေ အကြာကြီး တည်မြဲနေကြတဲ့ အသင်းကြီးတွေမှာ ဦးစီးဦးဆောင်လုပ်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အစဉ်အမြဲ သဘောမျှတနေမှာပါလို့ တထစ်ချ မဆိုနိုင်ပါဘူး။ သဘောထားကွဲတာ အယူအဆ မတူတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် အမြင်မတူဘူးဆိုရုံနဲ့ အသင်းကခွဲထွက်ပြီး စင်ပြိုင်ထောင်တာ မလုပ်ခဲံ့ကြဘူး။ ညှိနှိုင်းဆွေးနွေး အဖြေရှာကြတယ်။ ဘယ်လိုမှ ညှိလို့နှိုင်းလို့ မရတော့ဘူးဆိုရင်လည်း ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာအသင်းက ထွက်သွားတာပဲ ရှိတယ်။ မူလအသင်းကြီးနဲ့ ယှဉ်ပြိုင်ဖို့
စင်ပြိုင်ထောင်တာ မရှိကြဘူး။

ယခုအစိုးရ လက်ထက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ မိုးဦးကျ မှိုပွင့်တွေလို အပြိုင်းအရိုင်း ပေါ်ပေါက်လာတယ်။ ရပ်ကွက်လူမှုကူညီရေးအသင်းမှသည် နိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်အထိ ဖွဲ့စည်းတည်ထောင်လာကြတယ်။ သတင်းနဲ့ ပတ်တတ်တဲ့ ဂျာနယ်လစ်အဖွဲ့အစည်းတွေသည်ပင် လေးငါးဖွဲ့ရှိလာတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ)၊ သတင်းစာဆရာများအသင်း၊ သတင်းစာဆရာများ သမဂ္ဂ၊ သတင်းသမားများ ကွန်ယက် စတဲ့အဖွဲ့တွေ တည်ထောင်လာကြတယ်။ နယ်ပယ်အသီးသီးမှာလည်း ကွန်ယက်၊ ကောင်စီ၊ အသင်း၊ အဖွဲ့၊ ကော်မရှင်၊
အစည်းအရုံး၊ အဖွဲ့ချုပ်၊ သမဂ္ဂ၊ အသင်းချုပ်တွေဖွဲ့စည်းလာကြတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ များလာတာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်ပါတယ်။ အဖွဲ့တိုင်းကတော့ လောကအကျိုး သယ်ပိုးဖို့ဆိုပြီး ဖွဲ့ကြတာပါပဲ အသင်းအဖွဲ့တွေ ရေရှည်တည်တံ့စေဖို့ တိကျတဲ့ မူဝါဒ၊ ခိုင်မာတဲ့ ဖွဲ့စည်းပုံ ရှိရမယ့်အပြင် ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ရှိရမှာဖြစ်တယ်။ ထိပ်ပိုင်းခေါင်းဆောင် အချင်းချင်း သဘောထား မတိုက်ဆိုင်ရုံနဲ့ အသင်းက ထွက်တာ စင်ပြိုင်အဖွဲ့ ဖွဲ့တာ မလုပ်သင့်ပါဘူး။ အဖွဲ့အစည်း ယဉ်ကျေးမှု အားကောင်းမှသာ ဒီမိုကရေစီ အားကောင်းမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ အင်မတန် အရေးပါတယ်။ (အာဏာရှင်အလိုကျ မိုးကျရွှေကိုယ်တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ မပါ)။ မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေ များလာတာနဲ့အမျှ သူတို့နဲ့တိုက်ရိုက်ထိတွေ့နေရတဲံ့ ပြည်သူတွေ အကျိုးခံစားခွင့်တွေ ရလာတယ်။ မြင်သာထင်သာတဲ့ အဖွဲ့အစည်းက နာရေးလုပ်ငန်းတွေကို ကုသိုလ်ဖြစ် ပထမဆုံးလုပ်ကိုင်တဲ့ ဗြဟ္မစိုရ်လူမှူကူညီရေးအသင်းကြီး ဖြစ်ပါတယ်။ ယခုအခါ လူမှုရေး ပညာရေး ကျန်းမာရေးကိစ္စတွေမှာ ဗြဟ္မစိုရ်ဟာ မြို့လူထုရဲ့ အားကိုးရာအသင်းကြီး ဖြစ်လာပါပြီ။

အချို့သော အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အသင်းတည်ထောင်တာ တနှစ်မပြည့်ခင်မှာပဲ အက်ရာထင်လာတာကို စိတ်မကောင်းဖွယ် တွေ့လာရပါတယ်။ အကွဲအပြဲကြောင့် သက်ဆိုင်ရာအသင်းအဖွဲ့တွေမှာ “အား” ကုန်ရသလို အကြောင်းကြောင်းကြောင့် နုတ်ထွက်သွားသူတွေမှာလည်း အချိန်ကုန် လူပမ်းဖြစ်ကြရတယ်။ ကိုယ်တိုင်ဝင်ပြီး ပူးပေါင်းဆောင်ရွက်မယ့် အသင်းအဖွဲ့အကြောင်း မဝင်ခင်ကတည်းက သေချာလေ့လာဖို့ လိုပါတယ်။ အသင်းအဖွဲ့က ချမှတ်ထားတဲ့ မူဝါဒတွေက ကိုယ်နဲ့ကိုက်ညီရဲ့လား သေချာချိန်ဆကြရမှာပါ။

အသင်းအဖွဲ့တွေအနေနဲ့ကလည်း ကိုယ်လုပ်ရမယ့် အလုပ်ကို သေချာသိဖို့ လိုသလို ကိုယ်မလုပ်ရမယ့် ကိစ္စကိုလည်း ဂဃနဏသိဖို့ လိုပါတယ်။ လုပ်ရမယ့် အလုပ်မလုပ်ဘဲ မလုပ်ရမယ့်အလုပ်တွေ လုပ်ပြီး အချိန်ကုန်နေရင် ငသိုင်းများပြီး ဟင်းဟုန်သွားနိုင်ပါတယ်။ ရေသာများ ငါးမတွေ့ဖြစ်သွားနိုင်ပါတယ်။ လူမှုကူညီရေးလို့ အမည်ခံထားရင် လူမှုရေးလုပ်ငန်း ပီပီပြင်ပြင် လုပ်ဖို့ လိုပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေကလည်း ဘာသာရေးအလုပ်တွေကို တည်တည်ငြိမ်ငြိမ် လုပ်ကြရမှာ ဖြစ်တယ်။ နိုင်ငံရေးအဖွဲ့တွေကလည်း နိုင်ငံရေးကိစ္စတွေ သေသေချာချာ လုပ်ကြရမှာပါ။ နိုင်ငံရေးယောင်ယောင် လူမှုရေးယောင်ယောင် ဒွေးရောယှက်တင် လုပ်နေရင် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ခရီးဖင့်ပါတယ်။

တိကျရေရာမှု မရှိတဲ့ အဖွဲ့အစည်းအချို့ကြောင့် အမှန်တကယ် လုပ်နေတဲ့ အဖွဲ့အစည်းတွေ အခက်တွေ့စေတယ်။ အဖွဲ့အစည်းတွေမှာ လုပ်နေကြသူတွေကို အကြံပြုလိုပါတယ်။ သက်ဆိုင်ရာ ရုံးခန်းရဲ့ မြင်သာထင်သာတဲ့နေရာမှာ ဝေနေယျသုခ ရေချမ်းစင်အသင်းကြီးရဲ့ ပြက္ခဒိန်ကို ချိတ်ဆွဲထားကြပါ။ “အကွဲအပြဲ”ကိစ္စတွေ ကြုံကြိုက်လာရင် နံရံမှာ ချိတ်ထားတဲ့
ပြက္ခဒိန်ကို ကြည့်ပြီး ပူးပေါင်းညှိနှိုင်း အဖြေရှာကြပါ။ တစုံတစ်ယောက်က အရပ်ဘက်အဖွဲ့အစည်းတွေ အခြေအနေဘယ်လိုရှိလဲလို့ မေးလာရင် အရပ်ဘက်အဖွဲ့အစည်းတွေ များလာသလို အားလည်း ပိုကောင်းလာပါပြီလို့ ဖြေချင်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading