ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံ ကျေးရွာတွင် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်မှု ဖြစ်ပွားလာ၍ စိုးရိမ်နေကြကြောင်း သိရသည်။
ရွှေတူးဖော်သည့် နေရာတွင် အသုံးပြုသော ဆိုင်ရာနိုက် အက်ဆစ်၊ ထုံး၊ ပြဒါး စသည့် ဓာတုပစ္စည်းများကြောင့် ဒေသခံများ၏ ကျန်း မာရေး ထိခိုက်မှု ဆိုးရွားလာကြောင်း၊ ထို့အပြင် မြစ်ချောင်းများ တိမ်ကောမှုနှင့်လည်း ကြုံတွေ့နေရကြောင်း ဒေသခံ သူနာပြု ဆရာမ နန်းလာက ဧရာဝတီသို့ ပြောသည်။
“ဒီနှစ်ဆိုရင် လူကြီးတွေ တော်တော်များများ သဲခြေနာတာတွေ၊ အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးတွေ လမပြည့်ဘဲ မွေးတာတွေ တော်တော် များလာတယ်။ ဒေသခံ တော်တော်များများက ချောင်းရေကို အသုံးပြုနေရတော့ ဒါကြောင့် ဖြစ်နေတယ်လို့ ကျမအနေနဲ့ သံသယ ရှိပါတယ်”ဟု သူနာပြု ဆရာမ နန်းလာက ပြောပြသည်။
ရွှေတူးဖော်သည့် ကုမ္ပဏီများ လုပ်ငန်း လုံးဝ ရပ်ဆိုင်းရန်၊ ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်ပြုပြင်ပေးရန်နှင့် လျော်ကြေး ငွေ ပေးရန်တို့ကို ရှမ်းပြည်နယ် အစိုးရ သတ္တုတွင်းနှင့် သစ်တောဝန်ကြီး ဌာနသို့ တောင်းဆိုထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း ဒေသခံ တချိူ့က ပြောဆိုသည်။
နားဟိုင်းလုံ ကျေးရွာ ဒေသခံတဦးဖြစ်သူ ကိုစိုင်းနွမ်က“ကျနော်တို့ တောင်းဆိုထားတာတွေ အခုထိ မရသေးဘူး။ ရွှေတူးဖော်တာ တွေ ရပ်ဆိုင်းဖို့ ပြောထားတာလည်း အခုအထိ မရပ်သေးဘူး။ ညဆို စက်တွေ လည်ပတ်နေတာ ကြားနေရတုန်းပဲ။ လျော်ကြေးငွေ ရဖို့နဲ့ လယ်ယာတွေ လာပြုပြင်ပေးဖို့ပဲ ကျနော်တို့ မျှော်နေရတယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့အပြင် ဒေသခံများ အရေးပြားရောဂါကို ခံစားနေရကြောင်း၊ လယ်ယာမြေများ ပျက်စီးမှုကြောင့် စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေသ ခံများ၏ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြောင်းလည်း ကိုစိုင်းနွံက ဆက်ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သတ္တုတွင်း လုပ်ငန်းရှင်များနှင့် ကွင်းဆင်း ဆောင်ရွက်နေကြောင်း၊ ကွင်းဆင်းညှိနှိုင်းပြီးပါက ဒေသခံများကို လျော်ကြေး ငွေ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိစစ်ဆေးချက်အရ ဧကအားလုံး ပျက်စီးမှု မရှိကြောင်း ပြောဆိုသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၆၃ ခု ရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့် ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် အစိုးရ သတ္တုတွင်းနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်း၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မင်းထွန်းအောင်က “လျော်ဖို့ လုပ်နေပါတယ်။ ဧက ၁၆၀ ကျော်ကို အရင် လျော်ကြေးပေးဖို့ လုပ်နေပါတယ်။ တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင် သက် ဆိုင်ရာကို တိုင်ကြားလို့ ရပါတယ်။ လုပ်ငန်းရှင်တွေကို လယ်ယာတွေ ပြန်ပြင်ဖို့ ရပ်ဆိုင်းဖို့အတွက် ပြောပြီးပါပြီ”ဟု ဧရာဝတီကို ပြော သည်။
အာဏာပိုင်များက ရွှေတူးဖော်ရေး လုပ်ငန်းခွင်များကို ရပ်ဆိုင်းရန် ပြောကြားထားသော်လည်း ကုမ္ပဏီများက ဆက်လက် လုပ်ဆောင် နေပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ယခင်က ရွှေတူးဖော်မှုလုပ်ငန်းကို တပိုင်တနိုင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှစတင်၍ ကုမ္ပဏီကြီးများဝင်ရောက်လာပြီး စက်ကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြကြောင်းလည်း သိရသည်။