တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားရေး၊ ငြိမ်းချမ်းရေး နှင့် အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး တို့တွင် ပါဝင်ဆောင်ရွက်နိုင်ရန် နာဂ အမျိုးသား ရေးရာ ကောင်စီကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်၌ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ ပထမဆုံးအကြိမ် တရားဝင်ကျင်းပသည့် နာဂ အမျိုးသား ညီလာခံတွင် နာဂ အမျိုးသားရေးရာ ကောင်စီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ထံမှ သိရ သည်။
“ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၇၀၀ ကျော်ရဲ့ တညီတညွတ်တည်း တခဲနက် ဆန္ဒပြုချက်အရ သဘောတူပြီး ဖွဲ့စည်း ခဲ့တာပါ။ ကောင်စီမှာ အဖွဲ့ဝင် ၄၉ ဦး ပါပါတယ်”ဟု နာဂ အမျိုးသား ညီလာခံ ကျင်းပရေး ဦးစီး ကော်မတီဝင် ဦးနော်အောင်ဆန်းက ဧရာဝတီသို့ ပြောသည်။
နာဂ အမျိုးသားရေးရာ ကောင်စီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နာဂ အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံတော် အစိုးရကြား၊ လူထုကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး ကဏ္ဍများ ရရှိစေရန် နည်းလမ်းကောင်းများ ရှာဖွေ၍ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက်လည်း နည်းပညာ ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ညီလာခံ ဆွေးနွေးပွဲ ရလဒ်များကိုမူ တရားဝင် အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ဆွေးနွေးပွဲ ရလဒ်များအား ပြန် လည် အနှစ်ချုပ်ပြီးပါက တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
၅ ရက်ကြာ ပြုလုပ်ခဲ့သည့် နာဂအမျိုးသား ညီလာခံတွင် မြန်မာတနိုင်ငံလုံးတွင် နေထိုင်ကြသည့် နာဂ တမျိုးသားလုံး အကျုံးဝင်စေ မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ခေတ်နှင့် မလျော်ညီသော ရိုးရာဓလေ့ ထုံးတမ်း ဥပဒေများကို ပြန် လည် ပြင်ဆင်ရန်များ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း နာဂအမျိုးသားညီလာခံ ကျင်းပရေး ဦးစီးကော်မတီဝင်များက ပြောဆို သည်။
နာဂ အမျိုးသား အမျိုးသား ညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်ကလည်း “ရလဒ်တွေကိုတော့ ချက်ချင်း ထုတ်ပြန်နိုင်မယ် မထင်သေးဘူး။ ညီလာခံမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို တူညီတဲ့ ကဏ္ဍအလိုက် ပြန်လည်စုစည်းပြီးမှ ထုတ်ပြန်ရမှာဖြစ်ပါတယ်။ တပတ်အတွင်း ထုတ်ပြန် နိုင်အောင် ကြိုးစားမှာပါ”ဟု ပြောသည်။
ထိုနာဂအမျိုးသား ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးတဦး တက်ရောက်ကြောင်း၊ နာဂဒေသ လွှတ်တော် ကိုယ်စားလှယ်များ၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နာဂ လူမျိုးများသည် မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသများဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီး၊ ဟုမ္မလင်း၊ တမူး မြို့နယ်များနှင့် ကချင်ပြည်နယ် အတွင်းရှိ ရှင်ဘွေယန်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် မြစ်ကြီးနား မြို့တို့တွင် ပျံ့နှံ့နေထိုင်ကြ ပြီး လူဦးရေ သုံးသိန်းခွဲခန့် ရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် အစိုးရက သတ်မှတ်ပေးထားသည်။