Crime

ကိုပါကြီး သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက် ပြည့်စုံမျှတမှု မရှိဟု ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဒီဇင်ဘာ ၂ ရက် က ထွက်ရှိသော စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်သည် ပြည့်စုံ မျှတမှု မရှိကြောင်း သိရှိရသည်။

ယင်း အစီရင်ခံစာသည် ပွင့်လင်းမြင်သာမှု မရှိဟုလည်း ကိုပါကြီး၏ ဇနီးနှင့် ထိုအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတို့က ပြောကြားခြင်း ဖြစ်သည်။

“အခု ထုတ်ပြန်တဲ့အစီရင်ခံစာဟာ ပြည့်စုံလုံလောက်မှု မရှိတဲ့ အစီရင်ခံစာအဖြစ် ကျနော်နဲ့မသန္တာနဲ့က တသဘောတည်း သုံးသပ် တယ်။ သူတို့ သုံးသပ်တာက ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ ပတ်သက်ပြီး မျက်မြင် မရှိဘူးဆိုပြီး ထွက်တယ်။ ရရှိတဲ့ ဒဏ်ရာတွေ အရ တွက်ကြည့်မယ်ဆိုရင် ညှဉ်းပန်းနှိပ်စက်တဲ့ စကားမပြောသော မျက်မြင်သက်သေ ရှိနေတာတောင် ထမင်းရည်ပူလာ လျှာလွှဲပြီး တော့မှ ဖော်ပြတာကတော့ ကျနော်တို့အတွက် များစွာဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်”ဟု ကိုပါကြီး အမှုရှေ့နေ ဦးရောဘတ်စန်း အောင် က ဆိုသည်။

၎င်းက ဆက်ပြီး“ဆေးစာမှာ နံရိုးကျိုးတဲ့ ကိစ္စရှိတယ်။ ညိုသူကြီးကျိုးတာ ရှိတယ်။ ညိုသူကြီးမှာ ညိုမည်းနေတဲ့ သစ်သားလုံးနဲ့ ကျိတ်တယ် လို့ ယုံကြည်ရတဲ့ ဒဏ်ရာတွေ ရှိတယ်။ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဦး ကိုယ်တိုင် ပြထားတဲ့အချက်၊ အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်လဲ၊ ကျနော်တို့ ဘာမှ မသိရဘူး။ အဲဒီတော့ ဒါဟာ ပြည့်စုံမှု မရှိဘူးလို့ ကျနော်ရော မသန္တာ ပါ ခံယူ တယ်။ ကျနော်တို့က ပြည့်စုံလုံလောက်တဲ့ စုံစမ်းမှုမျိုး ထပ်မံဖြစ်ပေါ်လာဖို့အတွက် သမ္မတထံ ဆက်လက် တင်ပြသွားမှာပါ”ဟု လည်း ပြောဆိုသည်။

ယမန်နေ့က ထုတ်ပြန်ချက်တွင် ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် ရရှိသည့် သေနတ်ဒဏ်ရာ ၅ ချက်ကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ညှဉ်းပန်းနှိပ်စက်ထားခြင်း တစုံတရာ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးစစ်မြိုင်က“ကျနော်တို့ ထွက်ဆိုချက်တွေ အရလည်း ညှဉ်းပန်းနှိပ်စက်တယ် ဆိုတဲ့ အထောက်အထား မတွေ့ဘူး။ နောက်ပြီး ရင်ခွဲစစ်ဆေးချက်အရလည်းပဲ မှုခင်းဆရာဝန်က ညှဉ်းပန်းနှိပ်စက်ထားတယ် ဆိုတဲ့ အနေအထားမျိုး ထွက်ဆိုတာ မရှိဘူး”ဟု ပြောသည်။

ယင်းထုတ်ပြန်ချက် အစီရင်ခံစာတွင် ပါရှိသည့် ဖော်ပြချက်များတွင် အငြင်းပွားဖွယ်ရာ အချက်များလည်း ပါဝင်နေကြောင်း ကိုပါကြီး ၏ ဇနီး မသန္တာက ပြောသည်။

“ဆေးစစ်ချက်မှာ နံရိုး ၂ ချောင်းကျိုးတယ်။ လက်ဖျံရိုး ၁ ချောင်း ကျိုးတယ်။ နောက်ပြီး သေနတ်ဒဏ်ရာက ၅ ချက်ဖြစ်တယ်လို့ ပြော ထားတယ်။ ဒီအပေါ်မှာ ကြည့်ရင် ကျမအနေနဲ့က လုရင်းနဲ့ ခေါင်းကို ပွင့်သွားတဲ့ လူတယောက်ကို နောက်ထပ် သေနတ် ၄ ချက်ပစ်ဖို့ မလိုအပ်ဘူးထင်တယ်။ ဒါမှမဟုတ် ၄ ချက်ပစ်ထားတယ် ဆိုရင်လည်း သူဟာ သေနတ်ကို မလုနိုင်တော့ဘူး။ ဒီအပေါ်မှာလည်း ဒွိဟဖြစ်စရာတွေ ရှိတယ်”ဟု ဧရာဝတီ၏ မေးမြန်းမှုကို မသန္တာက ဖြေကြားခဲ့သည်။

ထို့နောက် စစ်တပ်၏ ထုတ်ပြန်ထားချက်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင်လည်း ကွဲလွဲမှုတချို့ကို တွေ့ရှိရကြောင်း မသန္တာက ပြောဆိုသည်။

“ကိုပါကြီး သေဆုံးခဲ့တဲ့နေရာမှာ တိတိကျကျ ဖော်ပြထားခြင်းမျိုး မရှိဘူး။ အမှန်တကယ်ဆို ကျမတို့ဘက်က တိတိကျကျ တင်ပြ ထား တာတွေ ရှိတယ်။ စစ်တပ်က ဖော်ပြထားတဲ့အထဲမှာ ကိုပါကြီးက သေနတ်ကိုလုပြီး ထွက်ပြေးသွားတယ်။ အခု ထုတ်ပြန်ချက် မှာက သေနတ်ကို လုံးထွေးလုယူခဲ့လို့ ကျည်ဆန် ထွက်သွားတယ်လို့ ဖော်ပြထားတယ်။ လုပြီး ထွက်ပြေးသွားတာနဲ့ လုံးထွေးတာနဲ့ဟာ အဓိပ္ပာယ် ကွာခြားပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနှင့် ကိုပါကြီးအမှုကို စုံစမ်းစစ်ဆေးနေဆဲ အချိန်ကတည်းက စုံစမ်း စစ်ဆေး ရာတွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိကြောင်း၊ ယင်းသို့ ပွင့်လင်းမြင်သာမှု မရှိခဲ့သည့်အတွက် မသန္တာတို့ဘက်က အစီရင်ခံ စာ ထွက်ရှိလာမှုအပေါ် ယုံကြည်လက်ခံခြင်း မရှိကြောင်းလည်း သတင်းမီဒီယာများကို ပြောကြားထားသည်။

“စ စစ်ဆေးတဲ့ အချိန်ကတည်းက ကျနော်တို့အပေါ် သူတို့ရဲ့ ပြောဆိုဆက်ဆံ ပြုမှုပုံ၊ ကျနော်တို့ကို ပေးတဲ့ ပေးစာတွေမှာ တရားမျှတမှုကို မရရှိစေနိုင်တဲ့ အချက်အလက်တွေ ပါနေတယ်။ ဒါကြောင့် ကျနော်တို့ဘက်က အဲဒီအစီရင်ခံစာပေါ်မှာ လုံး၀ လက်မခံနိုင်ပါဘူး”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကိုပါကြီး သေဆုံးမှု စုံစမ်းစစ်ဆေးချက်များနှင့် ပတ်သက်၍ သုံးသပ်ချက်တွင် ကိုပါကြီးသည် အလွတ်တမ်း သတင်းထောက် တဦး ဖြစ်သော်လည်း သတင်းစာဆရာ အသင်းဝင်တဦး မဟုတ်ကြောင်း၊ ကိုပါကြီး ကို ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များသည် ရဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြချက်များအရ သိရသည်။

ထို့နောက် စုံစမ်းစစ်ဆေးမှုများ အရ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ကိုအောင်နိုင် ဆိုသူ သည် ကလိုထူးဘော ကရင် အစည်းအရုံး(KKO) အဖွဲ့ဝင်တဦးဟု လည်းကောင်း၊ သတင်းထောက် တဦးဟု လည်းကောင်း တထစ် ချ ကောက်ချက်ချနိုင်ရန် ခက်ခဲသည့် အနေအထား ရှိကြောင်း၊ ကိုအောင်နိုင် (ခ) ကိုပါကြီးတွင် ၎င်းနှင့် မသက်ဆိုင်သည့် မှတ်ပုံ တင် တခုကို ကိုင်ဆောင်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုပါကြီး သေဆုံးမှုကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနှင့် စစ်ဆေးနေစဉ်အတွင်း ကိုပါကြီး၏ဇနီး မသန္တာဘက်က လုံး၀ ပူးပေါင်းပါဝင်မှု မရှိခဲ့ကြောင်းလည်း ဦးစစ်မြိုင်က ပြောသည်။

“သူက ကျနော်တို့ကို မလေးစားဘူးလေ။ ကျနော်တို့ဆီကို တိုင်စာ ၃ စောင်ပို့တယ်။ ကျနော်တို့ ခေါ်စာ ၃ စောင်ပို့တာ သူ့ဘက်က မလာဘူး။ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ အချိန်အတွင်းမှာ မသန္တာက လုံး၀ ပူးပေါင်းပါဝင်ခြင်း မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

မသန္တာတို့ဘက်က လူ့အခွင့်အရေး ကော်မရှင်သို့ သွားရောက်တိုင်ကြားထားရာတွင် တပ်မတော်နှင့် ပတ်သက်သော ဥပဒေတွင် ပါသည့် ပုဒ်မ ၇၂ အရ တပ်မတော်သား တဦး၏ ပရောဂကြောင့် မြန်မာနိုင်ငံသားတဦး သေဆုံးသွားလျှင် နယ်ဘက်တရားရုံးတွင် စစ်ဆေးရမည်ဟု ဖော်ပြထားချက်အတိုင်း ယခုအမှုကို နယ်ဘက်တရားရုံးတွင် စစ်ဆေးရန် ကော်မရှင်ဘက်မှလည်း အကြံပြုထား သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အဝင်၊ အထွက်များအား စစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးကို တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈)ခြေမြန်တပ်ရင်း သို့ လွှဲပြောင်းစစ်ဆေးရာ KKO မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အနေဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် စစ်တပ်ဘက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

အလွတ်တန်း သတင်းထောက် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ရန် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ပိုင်းတွင် သေမှုသေခင်း အမှတ် ၁၁/၂၀၁၄ နှင့် ကျိုက်မရော မြို့မ ရဲစခန်းတွင် ကိုပါကြီး၏ဇနီး မသန္တာက အမှုဖွွင့်ခဲ့ပြီးနောက် ကိုပါကြီး အလောင်းကို ပြန်လည် တူးဖော်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading