လွန်ခဲ့တဲ့ ရက်ပိုင်းက တိုင်းရင်းသား ခေါင်းဆောင်တယောက်နဲ့ တွေ့တော့ သူက “ကျနော်တို့အလုပ်က ကမ္ဘာမှာ ရိုးသားမှု မရှိဆုံး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေရတာ ဆိုတော့ ဘယ်လောက်ခက်မလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့” လို့ ရယ်ရယ်မောမောနဲ့ ပြောတယ်။
မကြာခင်က ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး ဦးအောင်သင်းက “အစိုးရဆိုတာ အစပဲ ရိုးတာ”လို့ ရယ်စရာ မောစရာ ပြောခဲ့ဖူးတယ်။ မုသား ယဉ်ကျေးမှုကြီးက မြန်မာတွေနဲ့ အသားကျနေတယ်။ မုသား ယဉ်ကျေးမှုကို မြန်မာတွေက ရယ်စရာ မောစရာလို သဘောထားတယ်။ မြန်မာပြည်မှာ စစ်အစိုးရဟာ နှစ်ပေါင်းများစွာ အလိမ်အညာတွေကို ဝါဒဖြန့်ခဲ့တယ်။ လူတွေက သိပေမယ့် မတတ်သာတဲ့ အဆုံး ရယ်စရာ မောစရာလို သဘောထား တယ်။ ဆရာ ဦးအောင်သင်းရဲ့ စကားနဲ့ ပြောရရင် ရယ်စရာ နောက်မှာ မောစရာတွေချည်းပါပဲ။
စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရပ်ဝတ်လဲပြီး သမ္မတဦးသိန်းစိန် ဖြစ်လာတဲ့အခါ အပြောင်းအလဲကို ကတိပြုတယ်။ ဒီလို အပြောင်းအလဲ လုပ်တဲ့အထဲမှာ တလျှောက်လုံး ဝါဒ ဖြန့်နေတဲ့ စစ်အစိုးရ မီဒီယာတွေကို “အများပြည်သူဝန်ဆောင်မှု” မီဒီယာဖြစ်အောင် ပြောင်းလဲတဲ့ အစီအစဉ်လည်း ပါဝင်တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းက မန္တလေး လေဆိပ်ကနေ ဟဲဟိုးကို ပျံသန်းတဲ့ Air Bagan လေကြောင်းလိုင်းက မတော်တဆဖြစ်ပြီး လမ်းပေါ်က ဆိုင်ကယ်ကို ဝင်တိုက်လိုက်တယ်။ ဆိုင်ကယ်မောင်းနေတဲ့ ဦးပြားကြီး သေဆုံးခဲ့တယ်။
ဝမ်းနည်းဖွယ် အဖြစ်အပျက်ကို လူတွေ မမေ့သေးခင်မှာပဲ အစိုးရပိုင် သတင်းစာတွေမှာ ဦးပြားကြီး သေဆုံးနေတဲ့ ရုပ်ပျက်ဆင်းပျက် ပုံကို လူတွေ ပြန်တွေ့ရတယ်။ ဒါပေမယ့် ဓာတ်ပုံအညွှန်းကတော့ ကေအိုင်အေအဖွဲ့က တိုက်ခိုက်လို့ သေဆုံးသွားတဲ့ ဒေသခံ တဦးလို့ ဆိုတယ်။ ဦးပြားကြီး နှစ်ခါ သေရတယ်။ လူမှုကွန်ယက် မီဒီယာ အသိုင်းအဝိုင်းမှာ အစိုးရသတင်းစာက ပုံကို ပြန်ရှယ်ကြတယ်။ ဝေဖန်ကြတယ်။ ရယ်ကြလှောင်ကြတယ်။ နောက်တော့ အစိုးရ လူကြီးမင်းတွေဟာ အကျင့်ဟောင်းတွေကို မစွန့်ပစ်သေးပါလားလို့ သတိရသွားတဲ့အခါ မောသွားကြတယ်။
ဒီနှစ် အောက်တိုဘာလထဲမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က မွန်ပြည်နယ် ကျိုက်မရောမြို့က လမ်းဆုံတခုမှာ ဖမ်းဆီးခဲ့တယ်။ ရက်သတ္တပတ်ပေါင်း များစွာ သတင်းအစ ပျောက်နေခဲ့တယ်။ နောက်ဆုံးမှာ ဇနီးသည်က နယ်ခံ သတင်းထောက်တွေ၊ မျက်မြင်တွေကို အဆင့်ဆင့် မေးမြန်းပြီးတော့ နယ်ခံ စစ်တပ်မှာ စုံစမ်းတယ်။ စစ်တပ် တာဝန်ရှိသူက အတွေ့မခံဘူး။ နယ်ခံ ရဲစခန်းမှာ လူပျောက် အမှုဖွင့်ပြီး ရန်ကုန် ပြန်လာရတယ်။
ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး နောက်ရက်တွေကျတော့မှ စစ်တပ်က ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးသွားတဲ့အကြောင်း သတင်းထုတ်ပြန်တယ်။ လက်မှတ်ထိုးသူမပါ၊ ဌာနမပါ၊ တံဆိပ်တုံးမပါတဲ့ သတင်းထုတ်ပြန်ချက် အနှစ်ချုပ်ကတော့ ကိုပါကြီးကို စစ်တပ်ရဲ့ စစ်ဆင်ရေး တခုအတွင်း မြစ်ဆိပ်တခုမှာ တကိုယ်လုံး ရေတွေ စိုနေလို့ မသင်္ကာဖြစ်ပြီး ဖမ်းမိခဲ့တယ်။ ဒီကေဘီအေ လက်အောက်ခံ ကေကေအို ဗိုလ်ကြီး ဖြစ်တယ်လို့ ထွက်ဆိုတယ်။ တောတွင်းက လက်နက်ဝှက်ထားတဲ့ နေရာကို လိုက်ပြခိုင်းရင်း ညအချိန် သေနတ်လုထွက်ပြေးလို့ အစောင့် တပ်သားက သေနတ်နဲ့ပစ်လို့ သေတယ်။ ကောင်းမွန်စွာ သင်္ဂြ ိုလ်ထားပြီး မိသားစုကိုလည်း ထောက်ပံ့သွားမယ်လို့ ဆိုတယ်။
စစ်တပ်ရဲ့ အဲဒီ သတင်းထုတ်ပြန်ချက်ကို ဘယ်သူမှ မယုံပါဘူး။ နယ်ခံသတင်းထောက်တွေ၊ မျက်မြင်တွေက ကိုပါကြီးကို ဖမ်းသွားတာ စစ်တပ်က ပြောသလို မြစ်ဆိပ်မဟုတ်ဘဲ လမ်းဆုံအဝိုင်းမှာ ဆိုတာကို သိကြတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ကလည်း ဒါကို မငြင်းပါဘူး။ ဒီကေဘီအေကလည်း ကိုပါကြီးဟာ သူတို့ အဖွဲ့ဝင်မဟုတ်ဘူး။ ကေကေအို အဖွဲ့ရဲ့ ဖွဲ့စည်းပုံအရလည်း ဗိုလ်ကြီးရာထူး ပေးလို့ ရတဲ့အဖွဲ့ မဟုတ်ဘူးလို့ အခိုင်အမာ ပြောတယ်။
စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုပါကြီးကို ဖမ်းဆီးတဲ့နေရာကိုတောင် ဖြောင့်ဖြောင့်မှန်မှန် မထုတ်ပြန်ခဲ့တဲ့အတွက် အဲဒီ သတင်းထုတ်ပြန်ချက်ထဲက ဘယ်အချက်ကမှ ယုံကြည်စရာမရှိတာ သဘာဝကျပါတယ်။ ဒါပေမ့ယ် စစ်တပ်က ပထမ သတင်းထုတ်ပြန်ချက်ကို ပိုပြီး ခိုင်မာစေအောင် နောက်ထပ် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တယ်။
စစ်တပ်တင် မကပါဘူး။ အစိုးရ ပြန်ကြားရေး ဝန်ကြီး အသစ် စက်စက် ဦးရဲထွဋ် ကိုယ်တိုင်က ကိုပါကြီးဟာ ကေကေအို အဖွဲ့က ဗိုလ်ကြီးဖြစ်တယ်။ ဖမ်းမိတဲ့အချိန်မှာ ကေကေအို ဗိုလ်ကြီးဖြစ်တဲ့ အထောက်အထားကတ်ကိုပါ မိတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေကို အခိုင်အမာ ပြောခဲ့တယ်။ အခု အဲဒီကတ် ဘယ်မှာပါလဲ။ ပြန်ကြားရေး ဝန်ကြီးအနေနဲ့ ကိုယ့် စကားကို ဘယ်လို တာဝန်ယူမလဲ မေးရင် ဘယ်လို ဖြေမလဲ။
အခုတော့ သမ္မတ ဦးသိန်းစိန် တာဝန်ပေးတဲ့ လူ့အခွင့်အရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကိုပါကြီးကို ဖမ်းတဲ့ နေရာဟာ မြစ်ဆိပ်မှာ မဟုတ်ဘဲ လမ်းဆုံ အဝိုင်းမှာ ဆိုတာ ငြင်းလို့ မရတော့ဘူး။ ဒါပေမယ့် သေနတ်လုထွက်ပြေးဖို့ ကြိုးစားရင်း အစောင့်တပ်သားက ပစ်ခတ်လို့ သေဆုံးသွားတယ်ဆိုတဲ့ ဇာတ်ညွန်းကတော့ မပြောင်းပါဘူး။
ကော်မရှင်ရဲ့ အစီရင်ခံစာ အနှစ်သာရကို ကြည့်မယ်ဆိုရင် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေ သတင်းဌာနကို အင်တာဗျူးပေးတဲ့အခါ ပြောသွားတာနဲ့ တထပ်တည်း တူတာကို တွေ့နိုင်ပါလိမ့်မယ်။ အနှစ်ချုပ်ကတော့ ကိုပါကြီးကို ကေကေအို ဗိုလ်ကြီးအဖြစ် ခိုင်လုံတဲ့ အထောက်အထား မတွေ့ရဘူး။ ဖမ်းမိတဲ့ နေရာဟာ စစ်မြေပြင် ဖြစ်နေတယ်။ သေနတ်လုထွက်ပြေးဖို့ ကြိုးစားရင်း အစောင့်တပ်သား လက်ချက်ကြောင့် သေဆုံးသွားတယ်။ ဒါပါပဲ။ ရဲတွေ၊ တရားရုံးတွေက လုပ်ရမယ့် ကိစ္စကို စစ်တပ်က လုပ်ခဲ့တဲ့အတွက် အကာအကွယ် ဖြစ်ပါတယ်။
ကိုပါကြီး ဘယ်လို သေဆုံးသွားသလဲဆိုတာကို မျက်မြင်တွေ့သူတွေက စစ်တပ်က လူတွေချည်းပဲဖြစ်လို့ စစ်တပ်ရဲ့ ဇာတ်ညွန်းအတိုင်းပါပဲ။ ဖမ်းဆီးတဲ့အချိန်မှာ ရဲလုပ်ထုံးလုပ်နည်းအရ မှတ်တမ်းမရှိ၊ မသေခင် စစ်ဆေးချက်တွေကို မှတ်တမ်းတင်ထားတာ၊ သေပြီး အလောင်းကို မြေမြှုပ်တဲ့အခါ မှတ်တမ်းတွေ၊ သေမှုသေခင်းဖွင့်တာ ဘာတခုမှ အထောက်အထား မရှိပါဘူး။ တလနီးပါးကြာအောင် အလောင်းကို ဖျောက်ထားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ သုံးသပ်ချက်က ဒီလိုပါ။
“အမှတ်၂၁၀ ခြေမြန်တပ်ရင်းမှူး ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးသည် အချုပ်သားကို စနစ်တကျ ချုပ်နှောင်ခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်း၊ ထွက်ပြေးပါက အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်နည်း စနစ်များအား ရှင်းလင်းညွန်ကြားခြင်းများ အားနည်းခဲ့ကြောင်း စစ်ဆေးသိရှိရပါသည် “ တဲ့။
ဦးပြားကြီး ဓာတ်ပုံကို အစိုးရသတင်းစာက ရည်ရွယ်ချက်တမျိုးနဲ့ ဖော်ပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အေ ဒုစစ်ဦးစီးချုပ်က ဝန်ကြီး ဦးအောင်မင်းကို မေးတဲ့အခါ ဝန်ကြီးက “ ခင်ဗျားတို့ သိတဲ့ အတိုင်း ကျနော်တို့ မီဒီယာတွေက မလုပ်တတ် မကိုင်တတ်ပါဗျာ” ပြန်ဖြေခဲ့တယ်လို့ ကြားခဲ့တဲ့ လူတယောက်က ပြန်ပြောပြဖူးပါတယ်။ ကိုပါကြီးကို စစ်တပ်က တရားမဲ့ ဖမ်းဆီးပြီး လူမသိ သူမသိ သတ်ဖြတ်ခဲ့တဲ့ ကိစ္စမှာ လူ့အခွင့်အရေးကော်မရှင် သုံးသပ်ချက်ကရော ဦးအောင်မင်းရဲ့ မှတ်ချက်မျိုးနဲ့အတူတူပါပဲ။ ရယ်စရာ နောက်က မောစရာ ကိစ္စတွေပါပဲ။
လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဦးစစ်မြိုင်ကိုယ်တိုင်က အစီရင်ခံစာ မထွက်ခင်မှာ ကိုပါကြီးရဲ့ မေးအောက်ကနေ သေနတ် ပေါက်သွားတာဟာ ကိုပါကြီးဟာ သေနတ်လုရင်း လှိမ့်ချခဲ့တာကြောင့်ပါလို့ အင်တာဗျူးတခုမှာ ဖြေခဲ့လို့ လူရယ်စရာ ဖြစ်ခဲ့ပါသေးတယ်။
အခုတော့ အစီရင်ခံစာမှာ ဇာတ်ညွန်းက ပြောင်းသွားပြန်ပါတယ်။ ကိုပါကြီးဟာ အစောင့်သေနတ်ကို လုတဲ့အချိန်မှာ အစောင့်သေနတ်က ကျည်တချက် ပေါက်သွားပြီး လဲကျသွားတယ်လို့ ဆိုပါတယ်။ သေချာပါတယ်။ အဲဒီ ပေါက်သွားတဲ့ သေနတ်တချက်ဟာ ကိုပါကြီးရဲ့ မေးအောက်ကနေ ဖောက်သွားတဲ့ တချက်ပဲ ဖြစ်မှာပါပဲ။ ဇနီးမသန္တာကို မှုခင်းဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဦး ကိုယ်တိုင် ပြထားတဲ့ နံရိုး ၂ ချောင်းနဲ့ လက်ဖျံကျိုးတာ၊ ညို့သကြီးက အညိုအမဲစွဲနေတာတွေလည်း ဘယ်ပျောက်သွားသလဲ မသိပါ။
စစ်တပ်လက်ထဲမှာ ကိုပါကြီး ဘယ်လို အသက်ပျောက်သွားသလဲ။ အမှန်တရားနဲ့ တရားမျှတမှု မပေါ်ပေါက်သေးပါဘူး။ မုသားတွေကြားမှာ ဦးပြားကြီး နှစ်ခါ သေခဲ့ရသလိုပဲ၊ ကိုပါကြီးကတော့ အခါခါ သေနေရတုန်းပါပဲ။