တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ယခုလ အတွင်း ထပ်မံတွေ့ဆုံနိုင်ရန် ယမန်နေ့က အကြိုညှိနှိုင်းမှု ပြုလုပ်ကြောင်း သိရသည်။
NCCT နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၂ ရက်က တွေ့ဆုံတွင် UPWC နှင့် NCCT တို့ အကြား ထပ်မံတွေ့ဆုံမည့် အချိန်၊ ဆွေးနွေးပွဲ၌ ပါဝင်မည့် အကြောင်းအရာများကို အကြို ညှိနှိုင်းခဲ့ကြကြောင်း NCCT အဖွဲ့ ဒု ခေါင်းဆောင် ပဒို ကွယ်ထူးဝင်း က ဧရာဝတီ ကို ပြောသည်။
၎င်းက“UPWC နဲ့ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ပြီးတော့ MPC နဲ့ တွေ့တဲ့ သဘောပါ၊ ဒါပေမယ့် ဆွေးနွေးတဲ့ အကြောင်း အရာတွေနဲ့ပတ်သက်ပြီးတော့ အရင်ထက်ပိုပြီးတော့ အပြုသဘော ဆောင်လာတာ တွေ့ရပါတယ်”ဟုလည်း ပြောဆိုသည်။
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဗိုလ်သင်တန်းကျောင်းကို အစိုးရ တပ်မတော် က နိုဝင်ဘာလ ၁၉ ရက်က ပစ်ခတ်မှု ကြောင့် သင်တန်းသား ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဒဏ်ရာရမှုနှင့်ပတ်သက်၍ အစိုးရထံသို့ မေးခွန်း တချို့ မေးမြန်းထားကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်က တုံ့ပြန်လာမည့် အဖြေပေါ် မူတည်၍ NCCT နှင့် UPWC တို့ တွေ့ဆုံမှု ဖြစ်ပေါ်လာ မည် ဖြစ်ကြောင်းလည်း ပဒို ကွယ်ထူးဝင်း က ဆက်ပြောသည်။
အစိုးရထံ မေးမြန်းထားသည့် အချက်များ၌ သေဆုံးသွားသည့် KIA ဗိုလ်လောင်း ၂၃ ဦး၏ အကြောင်းအရာများ အပြင် တခြား ဒေသ များ၌ စစ်ပွဲများ ထပ်မံ မဖြစ်ပွားရေးအတွက် တာဝန်ယူဆောင်ရွက်မည့် အနေအထား၊ NCCT အဖွဲ့ဝင်များ ခရီးသွား လာရေး အတွက် လုံခြုံရေး အခြေအနေ စသည်တို့ကို အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ထံ တင်ပြမေးမြန်းထားကြောင်း NCCT အဖွဲ့ဝင် များထံ မှ သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟို အဖွဲ့ဝင် ခွန်ဥက္ကာက ပြောရာတွင် MPC နှင့် တွေ့ဆုံ ဆွေးနွေးရာ၌ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးမီ နှစ်ဘက်စလုံးမှ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး ဆိုင်ရာများကိုလည်း ဆွေးနွေး နိုင်ခဲ့ကြောင်း၊ ဆွေးနွေးမှုများသည်လည်း အပြုသဘောဆောင်ကြောင်း၊ သို့သော် NCCT နှင့် UPWC တွေ့ဆုံမည့် ကိစ္စသည် လက်ရှိနိုင်ငံရေး အခြေအနေ ပြောင်းလဲမှု အပေါ် မူတည်သည်ဟု ဧရာဝတီ ကို ပြောသည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ကိုယ်စားလှယ် အဖွဲ့မှ ဦးလှမောင်ရွှေက ၎င်းတို့အနေဖြင့် နှစ်ဦး နှစ်ဘက် အဆင်ပြေစေရေး အတွက် အဓိကထား ဆွေးနွေးခဲ့ပြီး NCCT နှင့် UPWC တို့လည်း အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမည်ဟု မျှော်လင့်ကြောင်း၊ တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးကိုလည်း ယခု အစိုးရ လက်ထက်တွင် ပြီးစီးသွား စေလိုကြောင်း ဧရာဝတီ ကို ပြောသည်။
UPWC နှင့် NCCT တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ အထိ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သော်လည်း တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး အတွက် လက်မှတ်ရေးထိုးနိုင်မည့် အချက်များကိုမူ နှစ်ဘက်စလုံးမှ ညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။
အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ကဏ္ဍများ ဆွေးနွေးမှု၌ သဘောတူညီမှု မရနိုင် ဖြစ်နေကြကြောင်း သိရသည်။