မသန်စွမ်းသူများ အတွက် ဘာတွေ ဖြည့်ဆည်းပေးကြမလဲ

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အခု ဒီဇင်ဘာလဟာ ဥရောပနဲ့ မြောက်အမေရိကားတိုက်မှာ ဆောင်းဝင်လို့ အလွန်အေးတဲ့အချိန်၊ မြန်မာနဲ့ အာရှမှာ နွေ ရောက်လို့ နွေးနွေးထွေးထွေး ရှိလှတဲ့အချိန်ပေါ့။ ဒီလို ခရစ္စမတ်အကြို ဟောလီးဒေးကာလမှာ အနောက်တိုင်းသား အတော်များများ အာရှဒေသဆီ ခရီးထွက်လေ့ ရှိပါတယ်။

အဲဒီလို ဟောလီးဒေးခရီး ထွက်မယ့် လူတွေထဲမှာ နော်ဝေးရောက် မြန်မာတွေလည်း ဘယ်နည်းပါ့မလဲ။ ဒါပေမယ့် တနေ့ က ကျနော် တွေ့ခွင့်ရခဲ့တဲ့ ခရီးသွားတဦးကတော့ သူ့အနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲ သွားပြီး မြန်မာနိုင်ငံဆီ သွားဖု့ိ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။

ဘာဖြစ်လို့လဲ၊ ဗီဇာ မရလို့လား၊ အစိုးရကို မကြိုက်လို့လားဆိုပြီး ကျနော်က ထပ်မေးမိပါတယ်။

“မဟုတ်ပါဘူး။ ကျနော်တို့လို မသန်စွမ်းခရီးသွားတွေ အတွက် မြန်မာနိုင်ငံမှာ ဘာမှမရှိသေးဘူးလေ။ လမ်းဖြတ်ကူး ရင်တောင် ကားတွေက ရပ်ပေးပါ့မလား မသိဘူး” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ဖြေပါတယ်။ ပြီးတော့ “ဒီကထုတ်ပေးထားတဲ့ ထိုင်ခုံကားတွေ ဘာတွေလဲ ဟိုမှာ သုံးနိုင်မှာ မဟုတ်သေးဘူးလေ” လို့ သူက ဆက်ပြောပါတယ်။

သူစိုးရိမ်မယ်ဆိုလဲ စိုးရိမ်ဖွယ်ပါပဲ။ မသန်စွမ်းမပြောနဲ့ သန်သန်စွမ်းစွမ်း တွေတောင် ရန်ကုန်က လမ်းမတွေပေါ် မနည်း ဖြတ်ပြေးနေရတယ် မဟုတ်ပါလား။ မျဉ်းကျားပေါ် လူကူးနေတာကို မြင်ရဲ့သားနဲ့ ကားတွေက ရပ်ပေးတာ မဟုတ်။ ဟွန်း တရပ်စပ်တီး မောင်းဝင်လာတာကို ပြီးခဲ့တဲ့ ရန်ကုန်ခရီးစဉ်တွေ အတွင်း ကျနော်ကိုယ်တိုင် ကြုံခဲ့ရဖူးပါတယ်။

ပြီးတော့ ပလက်ဖောင်းတွေက စနစ်တကျ ဆောက်ထားတာ မဟုတ်တော့ မသန်စွမ်းတွေရဲ့ ထိုင်ခုံကားတွေ၊ ကလေး လှည်းတွေ တွန်းသွား တွန်းလာဖို့ မလွယ်ပါ။ ဘတ်စ်ကား တွေကလည်း ပလက်ဖောင်းဘေးမှာ စနစ်တကျ ရပ်တာ မဟုတ်။ ပြီးတော့ လှေခါးထစ်တွေနဲ့ ဆိုတော့ ကလေးလှည်းရော၊ လူကြီးလှည်းပါ တက်ဖို့မလွယ်။ တက်လို့ ရရင်လည်း အဲဒီအတွက် ကားပေါ်မှာ သီးခြားနေရာမရှိပါ။ ရထားဆို အခြေနေပိုဆိုးပေါ့။ ကလေးလှည်းတွေ၊ မသန်စွမ်း လှည်းတွေအတွက် နေရာရဖို့ နေနေသာသာ သာမန်လူတွေတောင် ခြေချဖို့ တနေရာရအောင် မနည်းလုတက် နေရတယ် မဟုတ်ပါလား။

လူကောင်းတွေတောင် စိုးရိမ်ရင် မသန်စွမ်းဆို ပိုစိုးရိမ်မှာပေါ့။ ဒါကြောင့် သူ ရန်ကုန်မသွားရဲတာ နားလည်နိုင်ပါတယ်။ ဒါက နော်ဝေးမှာနေတဲ့ ကျနော်က နော်ဝေးမှာ တွေ့ရတဲ့ မသန်စွမ်းတွေအတွက် လုပ်ပေးထားတဲ့ အခြေနေနဲ့ မြန်မာနိုင်ငံက အခြေအနေ ကွာခြားချက်အပေါ် နှိုင်းယှဉ်ပြီး နားလည်မှုပေးတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံက စာဖတ်ပရိသတ်က ကျနော်နားလည်သလို နားလည်ပါ့မလား။ “မသန်စွမ်းတွေက ကိုယ့်အိမ်မှာ ကိုယ် ငြိမ်ငြိမ်မနေဘဲ ဘယ်တွေလျှောက်သွားချင် နေသေးတာလဲ” လို့များ ပြောကြလေမလား မသိပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ မသန်စွမ်းတွေလည်း သာမန်လူတွေလိုပဲ ဟောလီးဒေးကာလ ခရီးရှည်ထွက်တာ၊ အပန်းဖြေကြတာမျိုး ရှိသလို၊ သူတို့အတွက် အဆင်ပြေအောင် ဖန်တီးဖြည့်ဆည်း ပေးထားတာမျိုး တွေလည်း ရှိပါတယ်။

သတင်းတွေထဲ ဖတ်ရသလောက်ဆိုရင် မြန်မာနိုင်ငံမှာ မသန်စွမ်းတွေအတွက် သီးခြားဥပဒေတွေ၊ သီးခြားခံစား ခွင့်တွေ၊ အများထက်ပို ဦးစားပေးရမယ် ဆိုတာတွေ မရှိသေးသလို၊ ဒီလိုလုပ်ပေးဖို့ လိုအပ်တယ် ဆိုတာကိုလည်း ပညာပေးမှု အားနည်းနေ သေးတယ်လို့ သိရပါတယ်။

နော်ဝေးမှာတော့ မသန်စွမ်းသူအားလုံး စားဝတ်နေရေး အဆင်ပြေအောင် ပင်စင်ပေးသလိုမျိုး အစိုးရက ထောက်ပံ့ကြး ပေးထားပါတယ်။ အဲဒီအထဲမှာ ရှေ့မှာ ကျနော်ပြောခဲ့တဲ့ မြန်မာနိုင်ငံကနေ နော်ဝေးကို ရောက်ပြီးမှ မတော်တဆနဲ့ မသန်စွမ်း ဖြစ်သွားသူတွေ၊ တောတွင်းတိုက်ပွဲတွေ အတွင်း ဒဏ်ရာရပြီး မသန်စွမ်းဘဝနဲ့ နော်ဝေးရောက်လာတဲ့ ABSDF (ကျောင်း သားတပ်မတော်) နဲ့ KNU တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းတွေလည်း ပါဝင်ပါတယ်။

သူတို့ကို အစိုးရက ထောက်ပံ့ကြေး အပြည့်အ၀ ပေးထားတဲ့အပြင် ဟိုနား၊ ဒီနား သွားနိုင်ဖို့ (Motor Rolleston) စက်တပ် ထိုင်ခုံကားလေးတွေ ကိုပါ ထုတ်ပေးထားပါတယ်။ အခုလို ဆောင်းတွင်းဆိုရင် အအေးဒဏ် ခံနိုင်ဖို့အတွက် အဲဒီ ထိုင်ခုံကားကို အမိုးအကာပါ တပ်ပေးထားလိုက်ပါ သေးတယ်။ ဒါက ချိုင်းထောက်နဲ့တောင် လမ်းမလျောက်နိုင်တော့တဲ့ သူတွေအတွက်ပါ။ ခုနက ရှေ့မှာ ကျနော်နဲ့ စကားပြောမိသူကတော့ ဘီးတပ်ထိုင်ခုံ သုံးစရာ မလိုသေးပါဘူး။ ချိုင်းထောက်နဲ့ လမ်းလျှောက်နိုင်နေဆဲ ဖြစ်ပါတယ်။

ဒီလို ချိုင်းထောက်နဲ့ လာသူတွေ၊ ခုနက ထိုင်ခုံကား စီးလာသူတွေ၊ မျက်စိမမြင်လို့ တုတ်နဲ့ထောက်ပြီး လမ်းလျှောက် လာသူတွေကို တွေ့ရင် လမ်းသွားလမ်းလာ အားလုံးက သူတို့ကို ဦးစားပေးဆက်ဆံပြီး ဘတ်စ်ကားတွေ၊ မြို့ပတ် ရထားတွေ အတက် – အဆင်း လုပ်တိုင်း ကူညီပေးကြပါတယ်။

ကူညီပေးတယ်ဆိုတာ အဲဒီ စက်တပ်ထိုင်ခုံပါတဲ့ ကားငယ်ကို ဝိုင်းမပြီး ဘတ်စ်ကားပေါ် တင်ပေးလိုက်တယ်လို့ မထင် လိုက်ပါနဲ့။ ဒီက ဘတ်စ်ကား အားလုံးမှာ မသန်စွမ်း ထိုင်ခုံကားတွေ၊ ကလေးလှည်းတွေ တင်နိုင်ဖို့ အတက်-အဆင်း အထူးလှေကား ရှိပါတယ်။ နေရာအတော်များများ မှာတော့ ပလက်ဖောင်းအမြင့်နဲ့ ဘတ်စ်ကား တံခါးဝင်ပေါက်က ကွက်တိပါပဲ။ မြိုပတ်ရထားတွေမှာလည်း အဲဒီလိုပဲ ကွက်တိဖြစ်အောင် လုပ်ပေးထားပါတယ်။ တခါ မျက်မမြင်သူတွေ အတွက်လည်း ခြေဖဝါးနဲ့ စမ်းပြီး သွားနိုဖို့ ဘတ်စ်ကားမှတ်တိုင်တွေ၊ ရထားဘူတာတွေမှာ အထူးသင်္ကေတ လမ်းကြောင်း လေးတွေ လုပ်ပေးထားတာ တွေ့ရပါတယ်။

“ဒီက အခြေအနေနဲ့ ဟိုက အခြေအနေက အရမ်းကွာတော့ ကျနော်ပြောတာတွေကို ရွာကလူတွေက မယုံကြဘူးဗျ။ ဘာမှ မလုပ်ဘဲနဲ့ ဒီအတိုင်း ထောက်ပံ့ကြေး ပေးထားတယ်ဆိုတာ ဟုတ်ပါ့မလားတဲ့။ ဒီက အစိုးရ စစ်သားတွေတောင် ဘာမှ ရတာ မဟုတ်ဘဲနဲ့ မင်းကဘယ်လိုလုပ် ရနေတာလဲဆိုပြီး ကျနော့်ကို ပြန်မေးကြတယ်” လို့ အခုနှစ် အစောပိုင်းက မြန်မာနိုင်ငံဆီ ပြန်လည်ပတ်ခဲ့တဲ့ နယ်သာလန်ရောက် ဒဏ်ရာရ ABSDF ရဲဘော်ဟောင်း တဦးကလည်း ပြောပါတယ်။

တကယ်ဆိုရင် သူ့ဒဏ်ရာက ရှေ့မှာပြောခဲ့တဲ့ ရဲဘော်ဟောင်းတွေလို ချိုင်းထောက်တွေ၊ ဘီးတပ်လှည်းတွေနဲ့ သွားနေ ရတဲ့အဆင့်ထိ ဆိုးတာမျိုးမဟုတ်။ ဒါပေမယ့် တိုက်ပွဲတခုအတွင်း ရခဲ့တဲ့ လက်နက်ကြီး အစတွေက ခြေသလုံးထဲ ပြန့်နေတဲ့အတွက် အခုလို ဆောင်းတွင်းကာလဆို မခံနိုင်အောင် ကိုက်တယ်လို့ဆိုပါတယ်။ ဒါကြောင့် သူ့ကို သက်ဆိုင်ရာ အစိုးရက အလုပ်လုပ်ခွင့် မပေးဘဲ မသန်စွမ်းစာရင်းထဲ ထည့်ပြီး ထောက်ပံကြေး အပြည့် ပေးထားတယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံက လူတွေအဖို့ ယုံတမ်းစကားလို ဖြစ်နေနိုင်ပါတယ်။ ပြည်တွင်းစစ် နှစ် ၆၀ ကျော်အတွင်း ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ၂ ဘက်စစ်သားတွေ ဘယ်နည်းပါ့မလဲ။ ရန်ပုံငွေမရှိ၊ နယ်မြေမရှိတဲ့ သူပုန် စစ်သားတွေကို ခဏထားဦး၊ ဘက်ဂျက် အများဆုံးရပြီး ဦးပိုင်ကုမ္ပဏီနဲ့ သူဌေးဖြစ်နေတဲ့ မြန်မာ့ တပ်မတော်ထဲမှာတောင် ဒဏ်ရာရ စစ်သည်တွေကို အကူညီမပေးနိုင်သေးပါဘူး။

ရန်ကုန်က လမ်းမကြီးတွေ၊ ဘူတာတွေ၊ ကားဂိတ်တွေမှာ ဒဏ်ရာရ စစ်သည်ဟောင်းတွေ ဒုက္ခရောက်နေတာကို ပြီးခဲ့တဲ့ ခရီးစဉ်တွေအတွင်း ကျနော်ကိုယ်တိုင် မြင်ခဲ့ဖူးပါတယ်။ နိုင်ငံတော်ရဲ့ ဘက်ဂျက်အများဆုံး ရထားတဲ့ အစိုးရ တပ်မတော် တောင် အဲဒီလိုဖြစ်နေရင် ဘာဝင်ငွေမှ မရှိတဲ့ သူပုန်တပ်သားတွေဆို အခြေအနေ ပိုဆိုးမှာပေါ့။ ဒါက ၂ ဘက် တပ်သားတွေရဲ့ ဒဏ်ရာရ စစ်သားဟောင်း စာရင်းပဲ ရှိပါသေးတယ်။

၂ ဘက်တပ်တွေအကြား မြေဇာပင်ဖြစ်ခဲ့ရတဲ့၊ ပေါ်တာလိုက်ရင်း မိုင်းနင်းမိသူတွေ၊ ငါးရှာ၊ ဖားရှာရင်း မိုင်းနင်းမိသူတွေ၊ ကားတိုက်လို့ဖြစ်စေ၊ ဆိုက်ကယ်တိုက်လို့ ဖြစ်စေ တခြား အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဘဝ ရောက်သွားသူ ဦးရေ ဘယ်လောက်တောင် ရှိနေလေမလဲ။ သူတို့အတွက် သက်ဆိုင်ရာ အစိုးရက ဘာတွေ ဆောင်ရွက်ပေးထားပါသလဲ။

တိုင်းပြည်အတွက် စွန့်စားခဲ့တဲ့ ၂ ဘက် ဒဏ်ရာရ မသန်စွမ်း စစ်သည်တွေကိုတောင် အစိုးရက ဘာမှလုပ်မပေးနိုင် မှတော့ ကားတိုက်လို့ မသန်စွမ်းဖြစ်သွားသူတွေ၊ မွေးရာပါ မသန်စွမ်းသူတွေ အတွက်ဆို ဝေလာဝေးပေါ့။ ဒီလိုပဲ တသက်လုံး နေလာတော့လည်း ဒီလူတွေကို ကူညီပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီးလည်း ဘယ်သူကမှ စဉ်းစားမိမှာ မဟုတ်ပါ။

ဒါပေမယ့် ဖွံံဖြိုးပြီး နိုင်ငံတွေမှာတော့ ဒီလူတွေကို ဒါမျိုးကူညီပေးထားတာ ရှိနေပါတယ်။ အဲဒီအထဲမှာ ဒီနိုင်ငံတွေဆီ ရောက်နေတဲ့ ၂ ဘက် ဒဏ်ရာရ စစ်သည်ဟောင်းတွေလည်း ပါဝင်ပါတယ်။ သူပုန်မှ၊ အစိုးရ စစ်သားမှ၊ သာမန်အရပ် သားမှလို့ ခွဲခြား ဆက်ဆံတာမျိုး ဒီနိုင်ငံတွေမှာ မရှိပါ။ ဒါတွေကို အနောက်တိုင်းရောက် မြန်မာတွေအားလုံး သိပါတယ်။

အဲဒီလို အပြည့်အဝ အကူညီပေးတဲ့ အဆင့်အထိ ရောက်အောင်သွားဖို့ ကတော့ မြန်မာနိုင်ငံအတွက် ချက်ချင်း မဖြစ်နိုင်သေးပါ။ ဒါပေမယ့် ဒါတွေကို အမြန်ဆုံး စဉ်းစားဖို့ လိုအပ်ပါတယ်။ မသန်စွမ်းတွေဟာ လူထဲကလူတွေပဲ ဖြစ်တယ်၊ တိုင်းပြည်အတွက် တဘက်တလမ်းက အသုံးကျခဲ့တဲ့၊ အသုံးကျနေဆဲ ဖြစ်တဲ့သူတွေ ဖြစ်တယ် ဆိုတာ အစိုးရက ထည့်သွင်း စဉ်းစားပေးရပါမယ်။

မြို့ပြစီမံကိန်းတွေ ဖော်ဆောင်ရာမှာလည်း မသန်စွမ်းတွေ အတွက်ပါ ထည့်သွင်း စဉ်းစားပေးရပါမယ်။ စူပါ မားကတ်တချို့၊ ဘဏ်တွေနဲ့ တချို့ အဆောက်အအုံသစ်တွေ၊ ဟိုတယ်ကြီးတွေမှာ မသန်စွမ်းတွေ သုံးတဲ့ ဘီးတပ် ကုလားထိုင်တွေ သွားနိုင်ဖို့အတွက် ဆင်ခြေလျှောတွေ ရှိနေပြီ ဆိုပေမယ့်၊ တကယ့်လက်တွေ့ လမ်းပေါ်မှာ သွားလာနေရတဲ့ မသန်စွမ်းတွေ အတွက်ပါ ထည့်စဉ်းစားသင့်ပါပြီ။ ပလက်ဖောင်းတွေ၊ ဘတ်စ်ကားနဲ့ မြို့ပတ်ရထားတွေကို သူတို့အတွက် အဆင်ပြေအောင် လုပ်ပေးဖို့ အကြံပေးလိုပါတယ်။ အလုပ် မလုပ်နိုင်တော့တဲ့ မသန်စွမ်း ပင်စင်စားတွေ၊ ဝန်ထမ်း ဟောင်းတွေအတွက် တိုင်းပြည်က ထောက်ပံ့ကြေး လုံလုံလောက်လောက် ပေးနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။

မသန်စွမ်းတွေနဲ့ ပတ်သက်လို့ အများပြည်သူ ပညာပေးမှု လုပ်ငန်းတွေ ရှိပေမယ့် အားနည်းနေသေးတဲ့ အတွက် အဲဒီ လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံ တဝှမ်းက မသန်းစွမ်းတွေ အတွက် တစုံတရာ အကျိုးရှိလာစေမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးအားဖြင့် မသန်စွမ်းတွေမှာ ဒီလို အခွင့်အရေးတွေ၊ ရပိုင်ခွင့်ရှိတယ် ဆိုတာကို အများပြည်သူ သိအောင် ပြောပြပေးကြဖို့ ဒီကနေ့ (ဒီဇင်ဘာ ၃ ရက်နေ့) မှာ ကျရောက်တဲ့ နိုင်ငံတကာ မသန်စွမ်းနေ့မှာ တိုက်တွန်းတင်ပြ လိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading