Politics

အမျိုးသား လွှတ်တော်၌ PR ကျင့်သုံးရန် အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဆုံးအဖြတ် ယူမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့် ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိမရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

လက်မှတ်များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ထံသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က ပေးပို့လိုက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ၍ PR စနစ် ကျင့်သုံးရန် သင့်မသင့် ခုံရုံး၏ဆုံးဖြတ်ချက်ကို ရယူသွားမည် ဖြစ်ကြောင်း လက်မှတ်ထိုး တောင်းဆိုထားသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့် စနစ်မဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့် စနစ် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွ့ဲချုပ်(NLD)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က“ဥပဒေပါ အချက်အလက် တွေကိုတော့ ကျနော်တို့ဘက်က ပြည့်ပြည့်စုံစုံ တင်ပြထားတယ်။ ခုံရုံးအနေနဲ့ ဥပဒေပေါ်မှာ သေသေချာချာ လေ့လာစိစစ်ပြီးတော့ အဆုံးအဖြတ်ပြုပေးမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖြစ်သင့်တဲ့ ပုံစံတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ အနည်း ဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် များကို တင်သွင်းခွင့်ရှိသည်ဟု ပြဌာန်းထားသည်။

ယင်းပြဌာန်းချက်အရ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၂၁၆ ဦးရှိသည့်အတွက် ကိုယ်စားလှယ်ဦးရေ ၂၁ ဦးက လက်မှတ် ထိုး တင်ပြပါက လုံလောက်သဖြင့် NLD နှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များက PR စနစ်ကို ခုံရုံး၏ အဆုံးအဖြတ် ရယူ ပေးရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း“ခုံရုံးက PR စနစ် အမျိုးသားလွှတ်တော်မှာ မကိုက်ညီ သော် လည်းပဲ ကိုက်ညီပါတယ်လို့ ဖြေရင်လည်း သမိုင်းပဲ၊ ဒီပုဂ္ဂိုလ် ၉ ဦးရဲ့တာဝန်ပဲ။ မကိုက်ညီတာကို မကိုက်ညီပါဘူး လို့ ပြောရဲတယ် ဆိုရင်လည်း ခုံရုံးရဲ့သမိုင်းပဲ။ သူတို့က တာဝန်အရယူထားလို့ တာဝန်အရ ဖြေကြားတာကို သိချင်တာ”ဟု ဧရာဝတီသို့ ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ ရွေးချယ်သူ ၃ ဦးစီ စုစုပေါင်း ၉ ဦး ပါဝင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် အငြင်းပွားမှုမှန်သမျှကို ဖြေရှင်းပေးရသော တာဝန်ရှိ အဖွဲ့အစည်းတခုဖြစ်၍ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။

အမျိုးသား လွှတ်တော်တွင် PR စနစ်ကျင့်သုံးရန် ၂၀၁၄ ခုနှစ် ဇွန်လကတည်းက အတည်ပြုခဲ့ပြီးနောက် PR စနစ် ကျင့်သုံးရေး ဆိုင်ရာ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် PR စနစ် ကျင့်သုံးရေး ပုံစံများ ရေးဆွဲပြီး အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် အမျိုးသား လွှတ်တော်က PR စနစ် ကျင့်သုံးရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော်တွင်မူ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိသောကြောင့် ကျင့်သုံးရန် မသင့်ကြောင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

PR စနစ် ကျင့်သုံးရန် လွှတ်တော်တွင် ဆွေးနွေးနေချိန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တနိုင်ငံလုံးရှိ မြို့ကြီးများ၌ PR စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading