Travel

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု ပပျောက်ရေး ခုံးကျော်တံတားသစ် ၃ စင်း ထပ်ဆောက်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပပျောက်ရန် ခုံးကျော်တံတား အသစ် ၃ စင်း ထပ်မံ တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

“ဆိုးရွားလွန်းတဲ့ ယာဉ်လမ်းကြောတွေအတွက် အခုလို စီစဉ်တာဖြစ်ပါတယ်။ ဒီဟာတွေပြီးရင်တော့ ယာဉ်လမ်းပိတ်ဆို့မှု တော်တော် လေး လျော့သွားမယ်။ နောက်ထပ်လည်း သွားလာမှုပုံစံတွေကို ပြောင်းလဲသွားဖို့ စီစဉ်ထားပါတယ်”ဟုလည်း ဦးလှမြင့်က ဧရာဝတီ သို့ ပြောသည်။

ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန် တိုင်း ဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်းလျာထားချက်ကို ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်ပြပြီး ဘဏ္ဍာငွေတောင်းခံခဲ့ ရာတွင် အဆိုပါတံတားသစ် ၃ စင်း တည်ဆောက်ရန်အတွက်လည်း တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ခုံးကျော်တံတား ၃ စင်းကို တာမွေအဝိုင်း လမ်း ၅ ခွဆုံ၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်းဆုံနှင့် ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံ တို့တွင် ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အထူး စီမံကိန်း လုပ်ငန်းအနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ထိုခုံးကျော်တံတားများကို လာမည့် ၂၀၁၅အတွင်း တည်ဆောက်ရန်စီစဉ်ထားပြီး တာမွေ ခုံးကျော်အတွက် ကျပ် ၂၂ ဘီလီယံကျော်၊ ၈မိုင်လမ်းဆုံ ခုံးကျော်အတွက် ၁၆ ဘီလီယံကျော်နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်အတွက် ၁၅ ဘီလီယံကျော်ကို တည်ဆောက်ရေး ကုန်ကျစရိတ် အဖြစ် ဘတ်ဂျက်တွင် ထည့်သွင်း တောင်းခံထားသည်ဟုလည်း ဆိုသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ် ခဲ့ရာတွင် မူလက လှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေ ၅ ခွဆုံ၊ ဘုရင့်နောင် စသည့် ၄ နေရာတွင် ခုံးကျော်တံတားများ တည်ဆောက် မည် ဟု စီစဉ်ပြီး စစ်တမ်းများ ကောက်ယူခဲ့ရာ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် စသည့် နေရာများတွင်သာ တည်ဆောက်ရန် လို အပ်သဖြင့် တာမွေ ၅ ခွဆုံကို တည်ဆောက်ခြင်း မပြုခဲ့ဘဲ ယခုအခါမှသာ ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ စစ်တမ်းတွေ ကောက်ယူထားတာတွေ ရှိပါတယ်။ စစ်တမ်းတွေအရ ကျနော်တို့ လိုအပ်လာပြီမို့ တည်ဆောက်တာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့က အခုအချိန်မှာ ဘယ်လိုလုပ်ဆောင်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ၂၀၁၅ ပြီးဖို့ အတွက် တော့ ကျနော်တို့ လုပ်ဆောင်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ လမ်းတံတား ဌာနမှ အကြီးတန်းအရာရှိ တဦးက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းနိုင်ရန်အတွက် အရေးကြီးမီးပွိုင့် ၆၅ ပွိုင့်တွင် Control Center တပ်ဆင်၍ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် ရှိကြောင်း မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ယာဉ်အသွားအလာ အဆင်ပြေရေး လုပ်ငန်းများ လုပ်ဆောင်သွားရန်အတွက်လည်း စီစဉ်ထားကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် သို့ တင်ပြဆောင်ရွက်ရန် အစီအစဉ်များတွင် ဖော်ပြထားပြီး ထိုသို့လုပ်ဆောင်ရန် ဘီလီယံ ၃၀ လျာထား သည်ဟု တင်ပြထားကြောင်း သိရသည်။

“တကယ်လိုအပ်လားဆိုတာကို သေချာစိစစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆို ကုက္ကိုင်း လမ်းဆုံက တကယ်လိုရဲ့လား။ နောက်တခု က ၈မိုင်မှာ လုပ်လို့ သမိုင်းနားမှာ ကြပ်သွားမလားဆိုတာ စဉ်းစားရမယ်။ ဆောက်ဆိုတိုင်း ဆောက်နေလို့မရဘူး။ တည်ဆောက်ရေး တွေကြောင့် သက်သက်ငွေကုန်တာ ရှိပြီး တကယ်ယာဉ်ကြောမရှင်းရင် အဆင်မပြေပါဘူး။ တည်ဆောက်ရေးတွေက ငွေသုံးစွဲမှုများတော့ မလိုအပ်ဘဲ ငွေလေလွင့်တာ များတယ်။ နောက်တခုကတော့ ငွေစစ်ဖို့လည်း ခက်တယ်။ မသမာမှုတွေ ဖြစ်နိုင်တယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ရန်ကုန်မြို့တွင် ဆိုးရွားလာသော ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန်အတွက် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်လမ်းကြောကြပ်တည်းမှုသည် လျော့သွားခြင်း မရှိသေးကြောင်း အငှားယာဉ်မောင်း ဦးသက်အောင်ကလည်း ပြောဆိုသည်။

“တံတားတွေက ဟိုနေရာဆောက် ဒီနေရာဆောက်၊ လှည်းတန်းမှာဆောက်တော့ မြေနီကုန်းကြပ်တယ်။ နောက် ဘုရင့်နောင် ဆောက် တော့ တခြားနေရာကြပ်တယ်။ သံသရာလည်နေတာ။ ရွှေဂုံတိုင်မှာ ဆောက်တာကလည်း ခုံးပေါ်မှာပဲ ချောင်တယ်။ အောက်ဘက် မြို့ထဲနဲ့ မြေနီကုန်းဘက်သွားတာ ကြပ်နေတာပဲ”ဟုလည်း ၎င်းက ပြောသည်။

လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် စသည့်နေရာများ၌ ခုံးကျော်တံတားများ တည်ဆောက်ရန် ၂၀၁၁ ခုနှစ်အတွင်းက တရားဝင် ထုတ်ပြန်ခဲ့သည်။ လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ဧပြီတွင် စတင် အသုံးပြုနိုင်ခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အသုံးပြု နိုင် ခဲ့သည်။ ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခု နှစ် ဒီဇင်ဘာအတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ဒီဇင်ဘာတွင် စတင်အသုံးပြုနိုင်ခဲ့သည်။

လှည်းတန်း ခုံးကျော်တံတားကို ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ဘုရင့်နောင် ခုံးကျော်တံ တား ကို FMI ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်၍ ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital D ရော့မန့် ကုမ္ပဏီက တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြေနီကုန်းလမ်းဆုံ ခုံးကျော်တံတားကို ၂၀၁၄ စက်တင်ဘာမှစတင် တည်ဆောက်နေပြီး ၂၀၁၅ ခုနှစ် မတ်လ ကုန်တွင် အပြီး တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading