Crime

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာ ၂ ဦးအမှု ယနေ့ ရုံးတင်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၂ ဦး၏ အမှုတွဲကို ယနေ့ ကော့စမွေ ခရိုင် တရားရုံးသို့ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ကို တရားစွဲဆိုမည့် အမှုတွဲပါ ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရား ထိန်ချန်မှု၊ ပစ္စည်းခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရား မဝင် လာရောက်မှု၊ တရားမဝင်နေထိုင်မှု စသည့် ပြစ်မှု ၇ ခုပါဝင်ကြောင်း မြန်မာသံရုံး အထူး ကိုယ်စားလှယ် အဖွဲ့ က ပြောပြသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ အမှုတွဲအား ကော့စမွေ ခရိုင် တရားရုံးမှ တရားသူကြီး က လက်ခံထား လိုက်ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်တွင် ရုံးထုတ် ကြားနာမည် ဖြစ်ကြောင်း၊ ထိုအမှုအား လိုက်ပါ ကူညီပေးနေသည့် ထိုင်း ရှေ့နေများ ကောင်စီ အဖွဲ့မှ ရှေ့နေ မစ္စ အမ်ဖွန် ဆုမန်သုမ် က ဧရာဝတီ ကို ပြောသည်။

၎င်းက“ကော့စမွေ ခရိုင်တရားရုံး တရားသူကြီးက အမှုတွဲကို ဒီနေ့ လက်ခံထားလိုက်ပါတယ်၊ လာမယ့် တနင်္လာနေ့မှာ ရုံး ထုတ်ပြီး တော့ စတင်ကြားနာမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုအတွက် ကူညီရန် မြန်မာ သံရုံး အထူးအဖွဲ့နှင့်အတူ ထိုင်းရှေ့နေများ ကောင်စီ အဖွဲ့မှ ရှေ့နေ ၂၀ ခန့်ကလည်း လိုက်ပါ ကူညီ၍ ရှေ့နေလိုက်ပေးကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံး အထူးအဖွဲ့မှ အဖွဲ့ဝင် ဦးမင်းဦး က “ဒီနေ့တင်တဲ့ အမှုတွဲမှာ ဘာတွေပါတယ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လက် လုပ်ဆောင်မယ့် အရာတွေကို ကျနော်တို့ သံရုံးအဖွဲ့က တိုင်ပင် နေကြပါတယ်၊ တနင်္လာနေ့ ရုံးထုတ် စစ်ဆေးတဲ့ အခါမှာ အာမခံ လျှောက်ထားနိုင်အောင်လည်းပဲ သံရုံးအဖွဲ့က ကြိုးစားနေကြပါတယ်”ဟု ပြောပြသည်။

လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ စာမျက်နှာ ၈၀၀ ပါရှိသည့် အမှုတွဲကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့က ကော့စမွေ ခရိုင် တရားရုံးသို့ တင်သွင်းခဲ့ရာ ခိုင်မာသည့် အထောက်အထား မပါ၍ ပြည့်စုံလုံလောက်မှု မရှိဟုဆိုကာ ပြန်လည် ပြင် ဆင် ဖြည့်စွက်၍ တင်သွင်းရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ပြီးခဲ့သည့် နိုဝင်လအတွင်း ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ခဲ့ စဉ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ၊ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တို့နှင့်တွေ့ဆုံ၍ လိပ်ကျွန်း လူသတ်မှုတရားခံ အဖြစ် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလူငယ် ၂ ဦး၏ အမှုကို တရားမျှတစွာ စိစစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သေးသည်။

ဗြိတိတိန် နိုင်ငံသား ၂ ဦးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင် ခေါ် လိပ်ကျွန်း၌ စင်တင်ဘာလ ၁၅ ရက်က အ သတ်ခံခဲ့ရခြင်း ဖြစ်သည်။

Loading