ဟားဗတ်တက္ကသိုလ် International Human Rights Clinic မှ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော လေ့လာသုံးသပ်မှု အစီရင်ခံစာတစောင်၌ မြန်မာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် ပတ်သက်နေကြောင်း သံသယရှိနေသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။ မြန်မာနိုင်ငံမှ အရပ်သား တပိုင်းအစိုးရတွင် အရေးပါသည့် နေရာရယူထားသော ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအဝင် အရာရှိကြီး ၃ ဦး ထိုသို့ စွပ်စွဲခံရခြင်းသည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ယုံကြည်မှု၏ အချို့သော အစိတ်အပိုင်းများနှင့် ပတ်သက် ၍ မေးခွန်းများ ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ အစီရင်ခံစာကို International Human Rights Clinic က ၃ နှစ်ကြာ လေ့လာစုံစမ်းစစ်ဆေးခဲ့ပြီး နောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှ ဖမ်းဆီးရန် ဝရမ်းထုတ်ပေးနိုင်ရန် လုံလောက်သော အထောက်အထား ရရှိခဲ့သည်ဟု ဆိုသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ကရင်ပြည်နယ် အရှေ့ပိုင်းတွင် စစ်တပ်က ထိုးစစ်ဆင်နွဲခဲ့ရာတွင် အရပ်သား ၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အမြောက်အမြားသည် စစ်သားများ၏ လက်တွင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
ဧရာဝတီက အစီရင်ခံစာကို ကြီးမှူးရေးသားခဲ့သူဖြစ်သော Matthew Bugher နှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများ နှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တရားမျှတမှုအတွက် အရှုပ်အထွေးများ၊ အခြားသော ပဋိပက္ခများအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများဆက်လက်ဖြစ်ပေါ်နေခြင်း အကြောင်းများကို မေးမြန်းခဲ့ပါသည်။
မေး။ ။ ဘာကြောင့် ဒီအစီရင်ခံစာကို ခင်ဗျားတို့ ထုတ်ပြန်ခဲ့တာလဲ။ ဒီအချိန်မှာ ထုတ်ပြန်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရ တာလဲ။
ဖြေ။ ။ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ရဲ့ မှတ်တမ်းက မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ အပေါင်းလက္ခဏာဆောင်တဲ့ ပါဝင်မှုတခု ဖြစ်မယ် လို့ ကျနော်တို့ တွေးခဲ့ကြပါတယ်။ ကျနော်တို့ စဉ်းစားမိခဲ့တဲ့ အကြောင်းရင်းတွေထဲက တခုက ဒါက ပြည်သူတွေအတွက် လိုအပ်တယ်။ လက်ရှိတပ်မှူးကြီးတွေလည်း သူတို့တွေမှာ တာဝန်ရှိတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး အသိုင်းအဝိုင်း အနေနဲ့လည်း ကျနော်တို့ရဲ့ ဖော်ထုတ်ပေးမှုကြောင့် ကျူးလွန်သူတွေကို သေချာသိနိုင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာ သေချာစေဖို့ ဖြစ်ပါတယ်။
ဒီမှာ စစ်ရေးဆိုင်ရာမူဝါဒတွေ ကာလကြာရှည်စွာရှိခဲ့သလို ဆက်လက်ပြီးတော့လည်း အကောင်အထည်ဖော်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးအကြောင်း ပြောဆိုတဲ့အခါ လူ့အခွင့်အရေးကိစ္စတွေ လုံလုံလောက်လောက် ဆွေးနွေးနေခြင်း မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မဖြေရှင်းရင် အသွင်ကူးပြောင်းရေးဟာ ရပ်တန့်နေမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။
နောက်ဆုံး မြန်မာပြည်သူတွေအနေနဲ့ အတိတ်နဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ပြောဆိုဆွေးနွေးရမယ်လို့ ကျနော်တို့ထင်ပါတယ်။ ကျနော်တို့ စုစည်းတင်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကရင်ပြည်သူတွေ အတွက် အလွန်ကို အလေးအနက် စိုးရိမ်ပူပန်ရမယ့်ဟာတွေ ဖြစ်ပါတယ်။ တိုင်းပြည်တခုလုံးက ပြည်သူတွေအတွက်လည်း အလားတူ စိုးရိမ်စရာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မှတ်တမ်းစာ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အရေးထားမှုတွေကို ဆွဲဆောင် နိုင်လိမ့်မယ်၊ ဆွေးနွေးပြောဆိုရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
မေး။ ။ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း ဒီလိုပြောဆိုဆွေးနွေးမှုတွေဖြစ်လာနေတဲ့ သင်္ကေတတွေ တွေ့ရပါ သလား။
ဖြေ။ ။ သေချာပါတယ်။ မီဒီယာ အမြောက်အမြားမှာ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုတွေ ရှိနေတဲ့ အရိပ်လက္ခဏာတွေ ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ တခါတလေမှာ သူတို့တွေ ဒါကို ပြောဆိုဆွေးနွေးဖို့ အရမ်းခက်ခဲပါတယ်။ လူတွေကလည်း အမြဲတမ်း လက်မခံကြပါဘူး။ ဒါပေမယ့် လူတွေ ဒီအကြောင်းကို ပြောနေကြတဲ့အတွက် ကျနော်တို့ ပျော်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပဋိပက္ခဖြစ်စဉ်ရဲ့ ၂ ဘက်လုံးက ကျူးလွန်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အစိုးရဖက်က တုန့်ပြန်တာကိုလည်း ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျနော်တို့ တခြားခြေလှမ်းတလှမ်း ဆက်သွားပြီးတော့ ၂ ဘက်လုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် သမ္မတရုံးက တုန့်ပြန်မှု ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတခု အဖြစ် အသိအမှတ်ပြုရပါလိမ့်မယ်။ သူတို့က “ဟုတ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပါတယ်” လို့ ပြောပါတယ်။
ဒီအကြောင်းအရာကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့မှာ အခြေခံအားဖြင့် ကွဲပြားတဲ့ အမြင်တခု ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးရမယ်၊ တာဝန်ယူမှုဟာ အဖြေရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အစိုးရကတော့ ခုချိန်မှာ ဒါတွေဖြေရှင်းဖို့ အချိန်မဟုတ်သေးဘူးလို့ ပြောပါတယ်။
မေး။ ။ ခင်ဗျားတို့ရဲ့ အစီရင်ခံစာအတိုင်းဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပဋိပက္ခဖြစ်စဉ်ရဲ့ ၂ ဘက်လုံးမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ခင်ဗျားတို့ရဲ့ စုံစမ်းမှုကို မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဘာကြောင့် ကန့်သတ်ထားခဲ့ရတာလဲ။
ဖြေ။ ။ ကျနော်တို့ ဒီစုံစမ်းစစ်ဆေးမှုကို စတင်တဲ့ အချိန်မှာ မြန်မာနိုင်ငံက အလွန်ကွဲပြားခြားနားတဲ့ အခြေအနေတခု ရှိနေပါတယ်။ International Human Rights Clinic အနေနဲ့ ၂၀၀၉ ခုနှစ်တုန်းက “Crimes in Burma” အမည်ရှိတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တခု ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ အခု အစီရင်ခံစာ ပေါက်ဖွားလာရတဲ့ အကြောင်းရင်းကတော့ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဆန့်ကျင်ပြီး ရာဇဝတ်မှုတွေ တည်ဆောက်နိုင်ကြောင်း တွန်းအားပေးနိုင်ဖို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အစီရင်ခံစာ တစောင်ထုတ်ပြန်ခြင်းဟာ ပဋိပက္ခတွေကို အပေါ်စီးကနေမြင် နိုင်ပြီး အားလုံးကိုကြည့်နိုင်မယ်။ သက်ဆိုင်ရာ ကျူးလွန်သူတွေနဲ့ ဆက်စပ်တဲ့ သက်သေ အထောက်အထားတွေကို စုစည်းဖို့ ကြိုးစားပြီး ရာဇဝတ်မှုတခုကို တည်ဆောက်တာက အမှန်တကယ် ကွဲပြားခြားနားတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ဒါက ကျနော်တို့ လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
မေး။ ။ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပါဝင်ပတ်သက်နိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းမျိုးမှာ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် မဟုတ်တာကြောင့်လို့ ခင်ဗျားတို့က ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ထပ်ပြောပြ နိုင်မလား။
ဖြေ။ ။ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးကို အမှုတခုအနေနဲ့ မရောက်ခင် နိုင်ငံရေး အရ လုပ်ငန်းစဉ် တခု ရှိပါတယ်။ မြန်မာနိုင်ငံဟာ Rome Statute of the International Criminal Court နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ဖွဲ့စည်းရေး ရောမစာချုပ်မှာ အဖွဲ့ဝင် မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အမှုတခု ရှေ့ဆက်သွားဖို့ဆိုတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဆောင်ရွက်မှု လိုပါတယ်။ အဲဒီထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဗီတိုအာဏာတွေကို ကျော်ဖြတ်နိုင်ဖို့လည်း အပါအဝင်ဖြစ်ပါတယ်။
ကျနော်တို့ ဒီနိုင်ငံရေး လုပ်ငန်းစဉ် ပြောဆိုဆွေးနွေးမှုနဲ့ မပတ်သက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ ကြိုးစားနေတာက မြန်မာပြည်သူတွေနဲ့ လူ့အခွင့်အရေး အသိုင်းအဝိုင်းကို သူတို့ပြောဆို ဆွေးနွေးရာမှာ လိုအပ်တဲ့ သက်သေ အထောက်အထားတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးဟာ ကျနော်တို့ စုစည်းတင်ပြထားတဲ့ အခွင့်အရေးချိုးဖောက်မှုတွေမျိုးကို ဖြေရှင်းတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ပြည်တွင်းအားထုတ်မှု၊ စစ်မှန်တဲ့ ကော်မရှင်တခု၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းစုဆောင်းမှု၊ ပြစ်မှုကျူးလွန်သူတွေကို ရာထူးက ဖယ်ထုတ်ဖို့ စတာတွေဖြစ်ပါတယ်။ ဒီလို ကိစ္စတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးက ရွေးချယ်စရာတခု ဖြစ်ပါတယ်။ ပြည်သူတွေက ဒါကိုပြောသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကို လိုက်ရမယ်ဆိုတာကို ဖော်ပြတဲ့ ကြေညာချက်တခု ထုတ်နိုင်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။
မေး။ ။ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ခဲ့တယ်။ အစီရင်ခံစာနဲ့ ပတ်သက်လို့ သူက ဘယ်လို တုန့်ပြန်သလဲ။
ဖြေ။ ။ ပထမဆုံး အနေနဲ့ ကျနော်ပြောချင်တာကတော့ ဒုတိယဝန်ကြီးနဲ့ ကျနော်တွေ့ခွင့်ရခဲ့ပါတယ်။ သူက တက်ကြွပြီး အလုပ်လုပ်တဲ့ စစ်အရာရှိတယောက် ဖြစ်ပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာတခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ဒီလိုတွေ့နိုင်မှာ မဟုတ်ပါဘူး။
ကျနော်တို့ရဲ့ မှတ်တမ်းမှာ ရှာဖွေတွေရှိမှုနဲ့ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ရင် ကျနော်တို့ သဘောတူညီချက် မရရှိခဲ့ပါဘူး။ ကျနော်တို့ရဲ့ တွေ့ရှိမှုကို သူက တဖက်သတ်ဖြစ်ပြီး တိကျမှုမရှိဘူးလို့ သူက ထင်ပါတယ်။ ထိုနည်းတူပဲ ကျနော်တင်ပြခဲ့တဲ့ စစ်တပ်ရဲ့ မူဝါဒနဲ့ အလေ့အထတွေ အပါအဝင် ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူသင့်သလဲဆိုတဲ့ နေရာမှာ အားလုံးကို ကျနော်တို့ သဘောချင်း မတိုက်ဆိုင်ခဲ့ပါဘူး။
မေး။ ။ အစီရင်ခံစာမှာဖော်ပြထားတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ နောက်ထပ်စုံစမ်းမှုတွေလုပ်ဖို့ ခင်ဗျားတို့ တောင်းဆို ခဲ့တာက အစိုးရအနေနဲ့ ဒီတာဝန်ကို သူ့ဖာသာ လုပ်ကိုင်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြနေတာ တခုခုရှိပါလား။
ဖြေ။ ။ ဒါတွေကို အစိုးရက စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတယ် ဆိုတာကို ကျနော်တို့ မတွေ့ရှိခဲ့ပါဘူး။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒါတွေကို ကြည့်ရှုဖို့ အပါအဝင် တာဝန်လွှဲအပ်ခြင်း ခံထားရပါတယ်။ ကျနော်တို့က ဒါတွေကို လုပ်ဖို့ သူတို့ကို တွန်းအားပေးပါမယ်။ ဒါပေမယ့် မကြာခင် ဖြစ်ပေါ်လာမယ့် အရိပ်အယောင်တွေကို ကျနော်တို့ မမြင်ရသေးပါဘူး။ အခြား စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကျနော်တို့က မြန်မာ အစိုးရကိုပဲ တိုက်တွန်းတာ မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရပ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေ ရှိတယ်လို့ ကျနော်တို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အတိတ်နဲ့ ပတ်သက်လို့၊ ဆက်လက်ဖြစ်ပေါ်နေဆဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအားလုံးက စတင်ဆွေးနွေး ကြဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေအပေါ် ဥပဒေအရ အရေးယူရေးကို ဆောင်ရွက်ဖို့ စိတ်မဝင်စားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ International Human Rights Clinic က သူနဲ့ ဘယ်လို အမြင်ကွဲပြားမှုရှိတယ် ဆိုတာ ရှင်းပြနိုင်မလား။
ဖြေ။ ။ ခုအချိန်ဟာ အတိတ်က ပြစ်မှု ကျူးလွန်ခဲ့သူတွေအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ အချိန် မဟုတ်ဘူး ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အပါအဝင် အခြားအမြင်တွေ ရှိနေတာကို ကျနော်တို့ နားလည်ပါတယ်။ အမြင် တခုရှိရင် အဲဒါကို နားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ စိုးရိမ်တာက သြဇာလွှမ်းမိုးနိုင်တဲ့ အမြင်တခုကို ကြားရပြီးတဲ့ နောက်မှာ ကွဲပြားတဲ့ အမြင်ရှိတဲ့ အခြားသူ အမြောက်အမြားအပေါ် ပြန့်နှံ့သွားမှာကိုဖြစ်ပါတယ်။
စစ်ရေး ပဋိပက္ခကြောင့် သူတို့ရဲ့ ဘဝတွေ ပျက်စီးခဲ့တဲ့ ဒါမှမဟုတ် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့ လူ ၁၀၀ ကျော်နဲ့ ကျနော် စကားပြောခဲ့ပါတယ်။ ဒါပြောပလောက်တဲ့ ပမာနတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တွေ့ခဲ့တဲ့ သူတွေလို လက်နက်ကိုင် ပဋိပက္ခကြောင့် ဘဝပျက်ခဲ့တဲ့ ပြည်သူတွေ သိန်းသန်းချီ ရှိပါတယ်။ သူတို့ရဲ့ အမြင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်နဲ့ အလွန် ကွဲပြားခြားနားပါတယ်။ ခုချိန်မှာ သူတို့ရဲ့ အမြင်တွေကို လုံလုံလောက်လောက် မကြားရသေးဘူးလို့ ကျနော် ယုံကြည်ပါတယ်။
မေး။ ။ ခင်ဗျားတို့ စွပ်စွဲဖို့ ကြိုးစားနေတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ အစိုးရခေါင်းဆောင်တွေထဲမှာ ဖြစ်နိုင်ချေရှိတာ ဒီလူ ၃ ယောက်ထဲ မဟုတ်ဘူး။ ဒီလူတွေအပေါ် စွပ်စွဲမှုတွေက ကြောက်ရွံ့မှုတခု ဖြစ်လာတယ်လို့ ထင်ပါသလား။ အခု အာဏာလက်ရှိ ဖြစ်နေသူတွေက အရင်က အကြောင်းတွေ မကြားချင်တော့ဘူးလေ။
ဖြေ။ ။ ကြောက်ရွံ့မှု ရှိသလား မရှိဘူးလားဆိုတာ ကျနော်မသိပါဘူး။ သူတို့ကြောက်သလား မကြောက်ဘူးလားဆိုတာ ပြောမယ့်သူတွေနဲ့ ကျနော် စကားမပြောခဲ့ရပါဘူး။ ကျနော်တို့ ပြောနေတာက ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ဒီ ၃ ယောက်ကပဲ အလားတူကိစ္စတွေအတွက် တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ပါဘူး။
မေး။ ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အစိုးရရဲ့ ထိုးစစ်ကို ရင်ဆိုင်ခဲ့ရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အဖွဲ့တွေနဲ့ရော ဆက်သွယ်ခဲ့ပါသလား။ ဒီဒေသတွေမှာရော အလားတူ ကိစ္စတွေရှိပါသလား။
ဖြေ။ ။ ရှင်းအောင်ပြောရမယ်ဆိုရင် International Human Rights Clinic အနေနဲ့ တိုင်းပြည်မြောက်ပိုင်းက စစ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ရသေးပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီဒေသက ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေကို အနီးကပ် စောင့်ကြည့်လေ့လာခဲ့သလို ဒီဒေသတွေမှာ သုတေသန ပြုလုပ်သူတွေနဲ့လည်း ကျနော်တို့ စကားပြောခဲ့ပါတယ်။ ကျေးရွာတွေကို တိုက်ခိုက်မှု၊ ရွာကို မီးရှို့လို့ ထွက်ပြေးရမှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်စော်ကားမှုတွေ၊ လူသားတွေကို ဒိုင်းအဖြစ် အသုံးချတာတွေနဲ့ အဓမ္မ အလုပ်စေခိုင်းမှုတွေနဲ့ ပတ် သက်ပြီး ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ကျနော်တို့ မြင်တွေ့နေရတဲ့ အကြမ်းဖက်မှုနဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေက ကျနော်တို့ မှတ်တမ်းပြုစုခဲ့တဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်းက တိုင်းပြည်ရဲ့ အရှေ့ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အလားတူပုံစံဖြစ်ပါတယ်။
မေး။ ။ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို စွန့်စားရမှုတွေ ရှိပါသလဲ။
ဖြေ။ ။ ခုချိန်ဟာ ဒီလို သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးရမယ့် အချိန်မဟုတ်ဘူးလို့ ပြောနေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းနဲ့ တခြားလူ့အခွင့်အရေး အစီရင်ခံစာတွေက ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်သွားနိုင်အောင် တွန်းအား ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ လုပ်ဆောင်မှုတခုလို့ ပြောနေကြသူတွေဟာ အစိုးရိမ်လွန်နေကြတာလို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ကြိုးစားနေတာက ပြုပြင်ပြောင်းလဲရေး အားထုတ်မှုကို အထောက်အကူဖြစ်ဖို့ပါ။
(Andrew D. Kaspar ၏ ‘Myanmar Needs to Talk About How to Deal With Its Past’ ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်သည်)