ရန်ကုန်မြို့တွင် နေ့စဉ် ကျောင်းကြိုပို့ရာ၌ ကိုယ်ပိုင်ယာဉ်ဖြင့် ကြိုပို့သည့် ယာဉ်ပေါင်း ၅၀၀၀ ကျော် ရှိသည့်အတွက် ယာဉ်ကြော ကြပ်တည်းမှု လျှော့ချနိုင်ရန် ကျောင်းများတွင် စစ်တမ်းကောက်ယူပြီး လုံခြုံစိတ်ချရသော ပုဂ္ဂလိက ကျောင်းကားများ အသုံးပြုရေး စီစဉ်နေကြောင်း သိရသည်။
“အခုချိန်မှာ ကိုယ်ပိုင်ကားသုံးတဲ့ ကားအစီးရေက ၅၀၀၀ ကျော် ရှိနေတယ်။ ဒါကြောင့် မြို့နယ်အလိုက် ကျောင်းတွေကို စကား လိုက်ပြောမယ်။ ဒဂုံ ၁ က စ လုပ်မယ်”ဟု ယာဉ်စည်းကမ်း ပညာပေးရေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီနှင့် မော်တော် ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး(မထသ) ဗဟို ဒု ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်းပေါင်း ၂၃၂ ကျောင်းတွင် ကျောင်းဖယ်ရီ ၂၃၄၁ စီး၊ ကိုယ်ပိုင်ယာဉ် ၅၁၉၃ စီး၊ စုစုပေါင်း ၇၅၃၄ စီးဖြင့် နေ့စဉ် ကြိုပို့လျက် ရှိကြောင်း အမှတ် ၃ အခြေခံပညာ ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
ကျောင်းများ၌ စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာ ၄ ရက်မှ ၁၆ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောင်း ၉ ကျောင်း တွင် လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။
ကျောင်းများဖြင့် ပူးပေါင်းဆောင်ရွက်မည့် ဆွေးနွေးမှုများကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ၊ ပညာပေးရေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီမှ ဦးစီးပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် မထသ (ဗဟို) တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယာဉ်စည်းကမ်း ပညာပေးရေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီက ကျောင်းများတွင် ပညာပေး ဆွေးနွေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဒဂုံမြို့နယ် အ.ထ.က – ၁ ကျောင်းအုပ်ကြီး ဦးအောင်ကိုကိုအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် “သူတို့တွေ ရဲ့ အစည်းအဝေး ရှိတယ်။ ဆွေးနွေးဖို့ ရှိတယ်လို့ပဲ ပြောထားပါသေးတယ်။ ဘာတွေ လုပ်ကြမယ်မှန်း မသိရသေးပါဘူး”ဟု ပြန် လည် ဖြေကြားသည်။
ကားတင်သွင်းခွင့် ကန့်သတ်ချက်တချိူ့ လျှော့ချပေးခဲ့သောကြောင့် ဈေးကွက်တွင် ကားဈေးများ ကျဆင်းနေချိန် ဖြစ်သည့်အပြင် ငွေကြေး တတ်နိုင်သော မိဘများက သားသမီး တဦးလျှင် ကား ၁ စီးနှုန်းဖြင့် လိုက်ပါ ကြိုပို့မှုများ ရှိနေခြင်းကြောင့့် ကျောင်းဆင်း ကျောင်းတက်ချိန်များတွင် ယာဉ်လမ်းကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားနေသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုလျက် ရှိသည်။
ထိုအခြေအနေများကို ဖြေရှင်းရန် လုံခြုံစိတ်ချရသည့် ကြိုပို့ကျောင်းကား ယာဉ်များဖြင့် မိဘများက သားသမီးများအတွက် ကြိုပို့နိုင် ရန် ကျောင်းကားများကို စိတ်ချစွာအသုံးပြုလာရန် အဆင့်မီ စိတ်ချရသော ကျောင်းကားများ ထွက်ပေါ်နိုင်ရေး စီစဉ်ရခြင်း ဖြစ် သည်ဟု ဦးလှသောင်းမြင့် က ပြောသည်။
စစ်တမ်းများကို ဒီဇင်ဘာ ၄ ရက်မှ ၁၆ ရက် အထိ အ.ထ.က (၂)ဒဂုံ ၊ အ.ထ.က (၁) ဒဂုံ ၊ အ.ထ.က(၂) ကမာရွတ် အ.ထ.က (၂) လသာ ၊ အ.ထ.က (၂) ဗဟန်း ၊ အ.ထ.က (၁ ) အင်းစိန် ၊ အ.ထ.က (၂) ရန်ကင်းနှင့် အ.ထ.က(၄) အလုံတို့တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။