ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရမည့် မဲရုံများအတွင်း ဝင်ရောက်၍ သတင်း မီဒီယာများကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ယနေ့ ပြောကြားသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုလည်း စောင့်ကြည့် လေ့လာခွင့် ပေးသွားမည်ဟု ဆို သည်။
ရွေးကောက်ပွဲနှင့်ပတ်သက် ၍ ပြင်ဆင်မှု၊ ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် ရွေးကောက်ပွဲကို ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်မှု၊ မှတ်ပုံတင်ကြေးများကို မည်သို့လုပ်ဆောင်မည် စသည်တို့ကို ယမန်နေ့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေး တွင် သာကေတ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ မေးမြန်းချက်ကို ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ် သည်။
“မဲရုံမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကိုယ်စားလှယ်ကနေ ထားချင်တဲ့သူပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာ ကပဲ ဖြစ်ဖြစ် လွတ်လပ်စွာ စောင့်ကြည့် လေ့လာနိုင်တယ်။ နောက် ကိုယ်စားလှယ်တွေက မဲရုံကိုယ်စားလှယ်တွေ ထားမယ်ဆိုလဲ ထားလို့ရပါတယ်။ ကော်မရှင်ကိုတင်ပြပြီး ထားနိုင်ပါတယ်။ မဲရေတွက်ရာမှာလည်း လေ့လာလို့ရပါတယ်”ဟု ဦးလှမြင့်က ပြောသည်။
မဲရေတွက်ရာတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ကော်မတီအသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်တွင် ရေတွက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
“ကိုယ်စားလှယ်တွေက မဲရုံ ကိုယ်စားလှယ်တွေထားမယ်ဆိုရင် သူတို့တွေအနေနဲ့ သတ်မှတ် ပြဌာန်းပါ စည်းမျဉ်းတွေအတိုင်း လိုက် နာရပါမယ်။ ဒါတွေက နည်းဥပဒေမှာလည်း ပါပါတယ်။ မဲပေးတာကို မနှောင့်ယှက်ရင် လွတ်လပ်စွာနေနိုင်ပါတယ်။ မဲတွေရေတွက် ပြီးရင်လည်း မဲရေတွက်ချိန်မှာရှိတဲ့ သက်ဆိုင်ရာလူတွေ၊ နောက် ကိုယ်စားလှယ်တွေ လက်မှတ်ကို ယူပြီးမှ ကျေနပ်အောင် စစ်ဆေး ပြီးမှ ချိတ်ပိတ်မှာပါ”ဟု ဦးလှမြင့်က ဆက်ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် ရွေးကောက်ပွဲကို ပြည်သူများ ပိုမိုသိရှိစေရန်အတွက် ခရိုင် ၄ ခုအတွင်းရှိ လူစည်ကားရာနေရာများ တွင် စည်ပင်ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးဆိုင်းဘုတ် အခု ၂၀ ကျော်ကို စိုက်ထူ၍ လှှုံ့ဆော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုယ်စားလှယ် တဦးချင်းစီကိုတော့ ကျနော်တို့ ဆိုင်းဘုတ်တွေ အခမဲ့ထူပေးဖို့မရှိဘူး။ သူတို့ထောင်မယ်ဆိုလည်း သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ အခွန်ပေးဆောင်ပြီး ထောင်နိုင်ပါတယ်”ဟု ဦးလှမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တခုလုံးတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း ၁၀၀၀ ကျော် ထားရှိမည် ဖြစ်ပြီး မဲရုံ တရုံတွင် မဲရုံအဖွဲ့ဝင် ၁၆ ဦး ထားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဗဟို၊ ခရိုင်၊ မြို့နယ် ၃ ခုစလုံးပြိုင်မယ့် နေရာတွေဆိုရင်တော့ မဲထုတ်ပေးတာမှာ တရုံကို ၃ ဦးထားပေးမှာပါ။ အခက်အခဲ မဖြစ် အောင် ထားပေးမှာပါ။ မဲပေးတာက သတ်မှတ်ချိန်တွင်း ဆိုပေမယ့် ၄ နာရီမထိုးခင် မဲရုံ ပရဝဏ်ထဲ ရောက်နေပြီး ၄ နာရီကျော်တာ တောင် မဲမပေးရသေးလည်း အဲဒီ လူစာရင်းကို ကောက်ပြီး မဲပေးခွင့်ပေးမှာပါ”ဟု ဦးလှမြင့်က ပြောသည်။
မဲပေးချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားပြီး သက်ဆိုင်ရာ မဲရုံများတွင် သွားရောက် မဲပေးရမည် ဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်မှ သိရသည်။
ဒဂုံမြို့နယ်မှ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက“သူတို့ကြော်ငြာဘုတ်တွေ ထောင်ပေးတာ လှုံ့ဆော်ပေးတာ က အကျိုးအပြစ် သိပ်မရှိပါဘူး။ ဒီလိုကြော်ငြာတာက ပြည်သူ စိတ်ဝင်စားမှုမမြင့်နိုင်ပါဘူး။ တကယ်စိတ်ဝင်စားမှု မြင့်တက်ချင်ရင် ကော်မတီဝင်အဖြစ် ရွေးချယ်ခံရတဲ့သူတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရင် ပြည်သူတွေ စိတ်ဝင်စားမှုပိုမြင့် နိုင်ပါတယ်။ ကန့်သတ် တာတွေမရှိရင် တော့ ကောင်းတာပေါ့။ ကျနော် ဗီနိုင်း ထောင်ဖို့ ကော်မရှင်မေးတော့ ကော်မရှင်က ကြော်ငြာလက်ကမ်း တွေ၊ ဟော ပြောတာ တွေ ကို အခုလက်ရှိ တည်ဆဲဥပဒေအတိုင်း လုပ်နိုင်တယ်။ ဗီနိုင်းတော့ ထောင်မရဘူးလို့ပြောတယ်။ တခြားလူတွေကတော့ ထောင်ခွင့်ရနေတော့ ဘယ်လိုဖြစ်တာလဲ ကျနော်မေးချင်ပါတယ်။ ခွဲခြားဆက်ဆံတာလားတော့ မသိဘူး”ဟု ပြောဆိုသည်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးအဖြစ် ပေးသွင်းရသည့် ငွေကြေးများကိုမူ ထည့်ဝင်သုံးစွဲမည် မဟုတ် ဘဲ မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ရသုံးငွေအဖြစ် သတ်မှတ်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရန်ပုံငွေစာရင်းထဲသို့ သွင်းသွားမည် ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။
စည်ပင်ရွေးကောက်ပွဲ ကျင်းပရေး ကုန်ကျစရိတ် အဖြစ် ကျပ် သိန်းပေါင်း ၅၀၀၀ ကျော်ကို စည်ပင်သာယာရေး ကော်မတီ အသုံး စရိတ် ခေါင်းစဉ်အောက်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် သုံးစွဲရန်အတွက် တောင်းခံထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ပြောရာတွင် မည်သည့်အတွက်ကြောင့် မှတ်ပုံတင်ကြေးကောက်ခံသည်၊ ကောက်ခံရသည့် ငွေကို ရန်ကုန်တိုင်းဒေသကြီး ရန်ပုံ ငွေစာရင်းသို့ ပြန်လည်သွင်းမည်ဟုပြောသော်လည်း မည်သည့်အချိန်တွင် ပြန်လည်သွင်းမည်၊ အဆိုပါပြန်သွင်းငွေကို မည်သည့် နေ ရာတွင် သုံးမည် စသည်တို့ကိုမူ တိကျစွာပြောကြားခဲ့ခြင်း မရှိပေ။
လက်ရှိတွင် ခရိုင် ၄ ခုအတွက် ဗဟိုအဆင့် ရွေးကောက်ပွဲဝင်သူ ၃၈ ဦး၊ ခရိုင် ၄ ခုအတွက် ခရိုင်အဆင့် ရွေးကောက်ပွဲဝင်သူ ၄၂ဦး၊ မြို့နယ် ၃၃ မြို့နယ်အတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဝင်သူ ၂၁၃ ဦး ရှိသည်။
ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးအဖြစ် ဗဟိုအတွက် တဦး လျှင် ကျပ် ၃ သိန်းနှုန်းဖြင့် သိန်း ၁၁၀ ကျော်၊ ခရိုင် အတွက် တဦးလျှင် ၂ သိန်း ကျော်ဖြင့် သိန်း ၈၀ကျော်၊ မြို့နယ်အတွက် တဦးလျှင် ၁သိန်းနှုန်းဖြင့် သိန်း ၂၀၀ ကျော် စုစုပေါင်း သိန်း ၄၀၀ ကျော်ကို ရန်ကုန် တိုင်း ဒေသကြီး၏ ရန်ပုံငွေစာရင်းထဲသို့ ရွေးကောက်ပွဲ ပြီးပါက ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်.။
ထိုစည်ပင်ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၃ မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။