ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ အတွက် စားနပ်စာရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း သတင်းရသည်။
လက်ရှိအချိန်တွင် နိုင်ငံတကာမှ ကူညီထောက်ပံ့နေသည့် ကုလသမဂ္ဂ(UN) နှင့် အစိုးရမဟုတ်သော အကူအညီပေးရေး အဖွဲ့(NGO) များ၏ လာရောက်ကူညီမှု ရပ်ဆိုင်းနေကြသဖြင့် ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း၊ မကြာမီ ကာလတွင် ရိက္ခာ ပြတ်သွားနိုင်ကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆာလန်ကဘာ ဒွဲပီဆာ က ဧရာဝတီသို့ ပြောသည်။
“UN၊ NGO တွေက အောက်တိုဘာလတုန်းက လာမယ်ဆိုပြီး အခုထိ မရောက်လာသေးဘူး။ အခုက ပြည်တွင်း အလှူရှင်တွေရဲ့ အလှူနဲ့ ရပ်တည်နေရတယ်။ UN ၊ NGO လိုင်ဇာဘက် ဝင်ခွင့်ကို အစိုးရကလုံခြုံရေးအရ ဆိုပြီး လာခွင့်မပြုဘူး”ဟုလည်း ဆာလန်ကဘာ ဒွဲပီဆာက ပြောပြသည်။
KIO ထိန်းချုပ်သည့် ဒုက္ခသည်စခန်း ၂၀ ကျော်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၅၀၀၀၀ ခန့် ရှိကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ပြောပြချက်အရ သိရသည်။
ဆောင်းရာသီ ဝင်ရောက်လာ၍ ဒုက္ခသည်များအတွက် အနွေးထည်များ လိုအပ်နေကြောင်း၊ တရုတ်နယ်စပ် မိုင်တိုင် ၆၊ ၇၊ ၈ တွင် ရေခဲနေသဖြင့် ရိက္ခာ ပို့ဆောင်ရသည်မှာ ခက်ခဲနေကြောင်း၊ အစိုးရ တပ်စခန်းများကလည်း ဒုက္ခသည်စခန်းများနှင့် နီးနေသဖြင့် ဒုက္ခသည်များက ကြောက်ရွံ့နေကြကြောင်း ဆာလန်ကဘာ ဒွဲပီဆာက ပြောသည်။
ဒုက္ခသည်များကို ကူညီပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင် ကလည်း“UN ကလည်း နိုဝင်ဘာ လဆန်း ၇ ရက်က လာမယ်ဆိုပြီး မလာဘူး။ အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်လိုက်ပါတယ်။ အခုဆိုရင် လိုင်ဇာ ဒုက္ခသည်စခန်း တွေမှာဆို အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတွေ နိုဝင်ဘာ၊ အောက်တိုဘာ ကတည်းက ကြပ်တည်းနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဒုက္ခသည် စခန်းများသည် ၃ နှစ်ကျော် လာသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း၊ ပေ ၁၀၀၀၀ ကျော် အမြင့်ရှိသည့် ပန်ဝါ မိုင်တိုင် ၈ ဒုက္ခသည် စခန်းများတွင် ရေခဲနေပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်းလည်း ဒေါ်မေရီတောင်က ပြောပြသည်။
“၂၀၁၅ ခုနစ်မှာ UN က ဒုက္ခသည်စခန်းကို ရိက္ခာတွေ ၂၀ ရာခိုင်နှုန်း လျှော့မယ်လို့ ကြားပါတယ်။ အဲ့ဒီလို လျှော့မယ်ဆိုရင်တော့ ဒုက္ခသည်တွေ အတွက် အခက်အခဲတွေ အများကြီးကြုံနိုင်ပါတယ်။ တရုတ် နယ်စပ်မှာ နေတဲ့ ဒုက္ခသည်တွေကတော့ နေ့စား အဖြစ် အလုပ် သွားလုပ်နေကြပါတယ်”ဟု ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွ့ဲဝင် ဦးစန်းအောင်ကလည်း ဧရာဝတီ သို့ ပြောသည်။
အစိုးရ တပ်စခန်းများကို ဒုက္ခသည် စခန်းများအနီးမှ ဆုတ်ခွာပေးရန်အတွက် ပြည်ေထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီကို စာပို့ထားကြောင်း၊ နိုဝင်ဘာ လအတွင်းတွင် ဒုက္ခသည် စခန်းအနီး အစိုးရတပ်မှ လက်နက်ကြီး ကျသဖြင့် ဒုက္ခသည်များ ကြောက်လန့် နေကြကြောင်း၊ မကြာမီ အချိန်၌ ဒုက္ခသည် စခန်းများတွင် ရိက္ခာ ပြတ်သွားနိုင်ကြောင်းလည်း ဦးစန်းအောင် က ဆို သည်။
“တကယ်ပဲ နိုင်ငံတော်အနေနဲ့ ငြိမ်းချမ်းရေး ရှေ့ဆက်သွားမယ် ဆိုရင်တော့ ဒီလို လက်နက်ကြီးပစ်တာတွေ၊ စစ်ဆင်ရေးတွေလုပ် တာတို့ ရပ်သင့်တယ်လို့မြင်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
နိုဝင်ဘာ ၁၉ ရက်ကလည်း အစိုးရ စစ်တပ်က လက်နက်ကြီး ကျသဖြင့် လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်သင်တန်း ကျောင်းမှ ဗိုလ်လောင်း ၂၃ ဦး သေဆုံးသွားခဲ့သည်။
အစိုးရ စစ်တပ်နှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်း ဒုက္ခသည် ဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။