ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် ခေါ်ဆောင်သွားပြီး ငွေကြေးနှင့်လုပ်အား ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုကာ လူခေါ်ပွဲစား ၄ ဦးအား ပုသိမ်မြို့အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
လူကုန်ကူးမှု ဖြစ်စဉ်မှာ ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့မှ ဒေသခံ ၃၀ ကျော်ကို ဖျာပုံမြို့ရှိ ကျားပိုက်ဖြင့် ငါး၊ ပုစွန်ဖမ်းသည့် လုပ်ငန်းများတွင် တလလျှင် ၁ သိန်း ၂ သောင်းကျပ် လစာနှုန်းဖြင့် ၄ လခန့် လုပ်ကိုင် ရမည်ဖြစ်ပြီး အလုပ်ရှင်ထံမှ ကြိုတင်ငွေ ၄ သိန်းကျပ်လည်း ထုတ်ယူရနိုင်မည်ဟု ပြောဆိုစည်းရုံး၍ လူခေါ်ပွဲစားများက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖျာပုံမြို့နယ်သို့ ရောက်ရှိပြီး အလုပ်လုပ်ရာတွင် အမှန်တကယ် ရရှိကြသည့် လစာမှာ ကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၉၀၀၀၀ သာ ရရှိကြပြီး၊ အလုပ်သမားများအတွက် လုပ်ငန်းရှင်မှ ထုတ်ပေးထားသည့် ကြိုတင်ငွေများကို လူခေါ်ပွဲစားများက အလုပ်ရှာပေးခ ပွဲစားကြေး၊ ခရီးစရိတ်ကြေး၊ အသက်အာမခံကြေး စသဖြင့် အကြောင်း အမျိုးမျိုးပြကာ ငွေကြေးဖြတ်တောက် ရယူခဲ့ကြသဖြင့် လူကုန်ကူးမှု ဥပဒေအရ လူခေါ်ပွဲစားများကို ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောသည်။
“အလုပ်သမားတွေအတွက် လုပ်ငန်းရှင်က တယောက်ကို ၃ သိန်း၊ ၄ သိန်း စသဖြင့် ထုတ်ပေးတဲ့ ငွေတွေကို လူခေါ်ပွဲစားတွေက အကြောင်း အမျိုးမျိုးပြပြီး ငွေကြေး ခေါင်းပုံဖြတ်ယူတယ်၊ လုပ်အား ခေါင်းပုံဖြတ်တာတွေ လုပ်ခဲ့တယ်။ စတင် စည်းရုံးစဉ်ကလည်း လိမ်ညာစည်းရုံး ခေါ်ဆောင်တာဖြစ်တဲ့အတွက် လူကုန်တား ဥပဒေနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးရခြင်း ဖြစ်ပါတယ်” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး သက်ဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ လူခေါ်ပွဲစားများကို ဖျာပုံမြို့နယ်နှင့် အိမ်မဲမြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦး၏ သတင်းပေး တိုင်တန်းချက်အရ လူကုန်တား ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ ယခုနှစ်အတွင်း လူကုန်ကူးမှု ၉ မှု ဖြစ်ပွားခဲ့သည့် အနက် ၆ မှုမှာ ဖျာပုံဒေသရှိ ကျားပိုက်ဖြင့် ငါး၊ ပုစွန်ဖမ်းသည့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် လိမ်ညာ ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပြီး ပြည်တွင်း၌ လူကုန်ကူးခံခဲ့ရသည့် အမှုဖြစ်စဉ်များတွင် အများဆုံး ဖြစ်ကြောင်း ပုသိမ်မြို့ရှိ လူကုန်တား ရဲတပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
ဖျာပုံဒေသသို့ ခေါ်ယူပြီး လူကုန်ကူး ခံနေရသူ အများစုမှာ ဓနုဖြူ၊ အိမ်မဲနှင့် ပုသိမ်မြို့တို့မှ လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သိရသည်။ လူကုန်ကူးမှု လျော့ကျစေရန်အတွက် ပုသိမ် လူကုန်တား ရဲတပ်ဖွဲ့က ဖျာပုံမြို့ရှိ ရေလုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ လူခေါ်ပေးသူများ၊ ဒေသခံများနှင့် ဒီဇင်ဘာ ၅ ရက်တွင် တွေ့ဆုံပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။