ဘုရားပွဲပြန် ထော်လာဂျီနှင့် ခရီးသည်တင်ယာဉ် တိုက်မိ၍ လူ ၄ ဦး ပွဲချင်းပြီးသေဆုံး
This article has been converted from Zawgyi One to Unicode
ပဲခူးတိုင်း ရွှေတောင်မြို့ ဘို့လည်ကုန်း ကျေးရွာတွင် ယမန်နေ့ ည ၁၂ နာရီခန့်က ရန်ကုန်-ပြည် ယာဉ်လိုင်း မျိုးဆက်သစ် မှန်လုံ ခရီး သည်တင် ယာဉ် နှင့် ဘုရားပွဲပြန် ထော်လာဂျီတို့ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၄ ဦး ပွဲချင်းပြီး သေဆုံး၍ လူ ၁၀ ဦး အရေးပေါ် ဆေး ကု သမှု ခံယူရကြောင်း သတင်းရရှိသည်။
ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား၊ ရွှေပြောင်ပြောင်ဘုရားနှင့် ချမ်းသာကြီးဘုရားပွဲ (ဘုရားသုံးဆူပွဲ) မှ ပြန်လာသည့် သဲကုန်းမြို့နယ် တံခွန်တိုင် အုပ်စု၊ မအူကုန်းကျေးရွာမှ ယာဉ်မောင်းသူ အပါအဝင် လူ ၁၅ ဦးစီးနင်းလိုက်ပါလာသည့် ထော်လာဂျီနှင့် မျိုးဆက်သစ် ခရီးသည်တင် မှန်လုံယာဉ်တို့ တိုက်မိခြင်းဖြစ်ပြီး သေဆုံးသူများနှင့်ဆေးကုသမှု ခံယူရသူများသည် ထော်လာဂျီပေါ်ပါလာသူများ ဖြစ် ကြောင်း ပြည်ခရိုင် ရဲ တပ်ဖွဲ့က ပြောသည်။
အရေးပေါ် ဆေးကုသမှု ခံယူနေရသည့် လူနာ ၁၀ ဦးထဲမှ ၅ ဦးသည် ပြည်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း၊ ကျန်လူနာ ၅ ဦးသည် ရွှေတောင်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ပြည်ခရိုင် ရဲမှတ်တမ်းများအရ သိရသည်။
မျိုးဆက်သစ် ခရီးသည်တင် ယာဉ်မောင်းသည် လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်းနေကြောင်း၊ ထော်လာဂျီကို ကျော်တက်စဉ် တိုက်မိပြီး ထော်လာဂျီပေါ်ပါလာသည့် ခရီးသည်များ ထိခိုက်နစ်နာ သေဆုံးရခြင်းဖြစ်ကြောင်းလည်း ရဲ မှတ်တမ်းတွင် ပါရှိသည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် သွားရောက် ကူညီပေးခဲ့ရသူ ဒေသခံ ကိုထွန်းလှအောင်က“ဖြစ်ပြီး ကျနော်ရောက်သွားတာ မိနစ်ပိုင်းပဲ၊ မကြာဘူး။ ဟိုရောက်တော့ ၄ ယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာအပြင်းအထန်ရတဲ့ လူနာတွေကို ရွှေတောင်ဆေးရုံ ချက်ချင်းပို့ အခြေ အနေပိုဆိုးတဲ့ လူနာတွေကို ချက်ချင်း ပြည်မြို့ဆေးရုံကြီးကို ပို့လိုက်ရတာ။ အနီးအနားက လူတွေပြောတာကတော့ ထော်လာဂျီက မီး သိပ်မလင်းဘူး။ မျိုးဆက်သစ်က ကျော်တက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်လိုက်တာတဲ့”ဟု ပြောပြသည်။
ကျေးလက်တောရွာနေ ပြည်သူများအနေနှင့် လယ်ယာသုံး စက်တပ်ယာဉ်များကို ခရီးသွားရာတွင် အသုံးပြုရခြင်းမှာ ကျေးလက် ဒေသ ၏ အခြေအနေအရ အသုံးပြုရခြင်းဖြစ်ပြီး မော်တော်ယာဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ အနေနှင့် ကျေးလက်နေပြည်သူ လူထုကို အသိပညာပေးမှု နည်းပါးနေကြောင်း ပြည်မြို့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမင်းမင်းက ပြောသည်။
“ကျေးလက်ပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးအရ လယ်ယာသုံး စက်တပ်ယာဉ်တွေကို ခရီးသွားရာမှာ အသုံးပြုရတာ သူတို့မမှားပါဘူး။ အဝေးပြေးလမ်းမကြီးပေါ် တက်လာမယ်ဆိုရင် လိုအပ်တဲ့ မီးတွေ၊ အချက်ပြမီးစနစ်တွေ၊ လိုအပ်တာတွေကို သက်ဆိုင်ရာ က ပညာပေးတာတွေ၊ အသိပေးပြောကြားတာတွေ လုပ်ပေးသင့်တယ်။ တောင်သူလယ်သမားတွေ ဒါမှမသုံးရင် ဘာသွားသုံးမလဲ” ဟုလည်း ကိုမင်းမင်းက ဆက်လက် ပြောဆိုသည်။
ပြည်-ရန်ကုန် မျိုးဆက်သစ် ခရီးသည်တင် မှန်လုံယာဉ်မောင်းသည် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်းနေသည့် အတွက် ရွှေတောင်မြို့ မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။