ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က ပိုင်ဆိုင်သည့် တညင်းကုန်း ဈေးကြီးကို အသစ် ပြန်လည် တည်ဆောက် ၍ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြေ ၈၅ ဧက ပေါ်တွင် အသစ်ဆောက်လုပ်မည့် တညင်းကုန်း လက်ကား ဈေးသစ်ကြီးမှာ တညင်းကုန်းဘူတာ အနီး အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်အစပ် ယခင် တညင်းကုန်း ဈေးဟောင်း တည်ရှိရာ နေရာတွင် တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ကြောင်း YCDC မှ စုံစမ်း သိရှိရသည်။
တညင်းကုန်းဈေးသစ်ကြီး တည်ဆောက်မူအတွက် တင်ဒါစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပြီး တင်ဒါအောင်မြင်သူက အများပိုင် ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ပေးရမည် ဖြစ်သည်ဟု ဆိုသည်။
“ဒီဈေးရဲ့ အားသာချက်က ကိုယ့်ရဲ့ထွက်ကုန်တွေကို တခါတည်း export လုပ်လို့ ရတယ်။ ထွက်ကုန်တွေကိုလဲ တခါတည်း တိုက် ရိုက် လာရောင်းလို့ ရတယ်။ ယာဉ်ကြော ပိတ်ဆို့မူလည်း နည်းအောင် ရေလမ်းနဲ့ လာလည်း အဆင်ပြေတယ်။ ကုန်းလမ်းကလည်း အဆင်ပြေတဲ့နေရာကို ရွေးချယ် တည်ဆောက်တာပါ”ဟု YCDC ဈေးများဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင်က ဧရာဝတီသို့ ပြော သည်။
ယခုအခါ ဈေးတည်ဆောက်မှုအတွက် တင်ဒါခေါ်ယူထားပြီး တင်ဒါပုံစံ လာရောက် ဝယ်ယူထားသူများလည်း ရှိနေပြီ ဖြစ်ကြောင်း၊ ဈေးတည်ဆောက်မှုကို အပြီးသတ်ရန် ကာလသတ်မှတ်ချက်လည်း ပါဝင်ကြောင်း YCDC မှ သိရသည်။
“တင်ဒါ ပိတ်ရက်ကတော့ ဇန်နဝါရီလ ၁ ရက်နေ့မှာပါ။ တင်ဒါအောင်မြင်သူကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတာနဲ့ ကြေညာသွားမှာပါ။ ၂၀၁၅ မှာတော့ စပြီး တည်ဆောက်သွားမယ်”ဟု ဦးစည်သူလွင်က ပြောသည်။
အသား၊ ငါး၊ ဟင်းသီးဟင်းရွက် မျိုးစုံ လက်ကား ရောင်းချနိုင်မည့် ယင်းအများပိုင် ကုမ္ပဏီတွင် စိုက်ပျိုး ထုတ်လုပ်သူများ၊ လက်လီ လက်ကား ရောင်းချသူများ အပါအဝင် အများ ပြည်သူများ အစု ရှယ်ယာ ပါဝင်နိုင်သော အများပိုင်ပုံစံဖြင့် ဖွဲ့စည်း တည်ထောင် ၍ အကောင်အထည် ဖော်ရမည် ဖြစ်သည်။
“ကျနော်တို့ နိုင်ငံမှာက အရင်းအနှီး အကြီးကြီးတွေ သိပ်မလုပ်နိုင်ကြဘူး။ ဒီလိုမျိုး အရင်းအနှီး နည်းနည်းနဲ့ အားလုံးပါဝင်နိုင်တဲ့ အများပိုင်ဖွဲ့တာ ကောင်းပါတယ်။ ဒီလိုမျိုး လုပ်နိုင်ရင် ဈေးက စည်းစနစ်တကျလေး ဖြစ်မယ်။ တန်ဖိုးထားလာမယ်။ ဘာလို့လဲ ဆိုတော့ ဒီထဲမှာ ကိုယ့်အရင်းအနှီးတွေ ပါတာကိုး”ဟု မြန်မာနိုင်ငံ စက်မူလက်မူနှင့် ကုန်သည်ကြီးများ အသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်လေး က ဧရာဝတီသို့ ပြောသည်။
တညင်းကုန်း လက်ကားဈေးကြီး တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံဒေသအနှံ့မှ သားငါး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များ ကို ရေလမ်း၊ ကုန်းလမ်းမှတဆင့် ယင်းဈေးကြီးတွင် လာရောက် ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန် သီးနှံနှင့် သားငါးများကို လည်း ပြည်ပသို့ တိုက်ရိုက် တင်ပို့နိုင်သည့် အအေးခန်း သိုလှောင်ရုံများလည်း ပါရှိကြောင်း YCDC မှ သိရသည်။
တညင်းကုန်း လက်ကား အဆင့့်မြင့်ဈေးကြီးတွင် အဆင့်မြင့်ဈေးနှင့် ဈေးသာယာရေးရုံး၊ လူနေဆိုင်ခန်း ပွဲရုံးများ၊ ထရပ်ကားများနှင့် တိုက်ရိုက် ရောင်းဝယ်မည့် နေရာ၊ ကားရပ်နားစခန်း၊ ထရပ်ကားများ ပစ္စည်းအတင်းအချနေရာ၊ သစ်သီးနှင့် ပန်းမန် ဈေးနေရာ၊ သစ်သီးနှင့် ပန်းမန်များ ဆေးကြောရုံ၊ လတ်ဆတ်သော ကုန်စို၊ ကုန်ခြောက်ဈေးရုံများ၊ အသား၊ ငါးနှင့်ပင်လယ်စာ ဈေးရုံ၊ အအေး ခန်း သိုလှောင်ရုံများ၊ တောင်သူများ လက်လီ ရောင်းရန် ဈေးရုံ၊ လက်ကား ရောင်းဝယ်ရေး ရုံများ ပါဝင်သည်ဟုလည်း ဆိုသည်။
ထို့အပြင် စက်သုံးဆီ အရောင်းဆိုင်များ၊ သန့်စင်ခန်းနှင့် ရေချိုးခန်းများ၊ ဝန်ထမ်း အိမ်ရာ၊ အမှိုက်စွန့်ပစ်ရုံနှင့် လျှပ်စစ် ဓာတ်အားခွဲရုံများ၊ မြေပြင် ရေလှောင်ကန် အပါအဝင် အခြားပါဝင်သင့်သည့် အဆောက်အအုံများလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်မည့် ယင်းအဆင့်မြင့် တညင်းကုန်း လက်ကားဈေးကြီး ပြီးသွားပါက ပြည်တွင်း၊ ပြည်ပ ကုန်စည်ဖလှှယ်ရာ ဈေးကွက်ကြီးတခု ဖြစ်လာမည်ဟုလည်း ဆိုသည်။