သတင်း

မြန်မာနိုင်ငံ အဂတိလိုက်စားမှု အခြေအနေ ဆိုးဝါးနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာလုံးဆိုင်ရာ အဂတိ လိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ Transparency International -TIအဖွဲ့က ယခုနှစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အခြေအနေဟာ တိုးတက်မလာဘဲ အဆိုးဝါးဆုံး အခြေအနေမှာ ရပ်တန့်နေဆဲ ရှိသေးတယ်လို့ ဖော်ပြလာပါတယ်။

ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ ၁၅၆ အဆင့်မှာ ရှိနေပြီး ၂၀၁၃ ခုနှစ်မှာ ရှိခဲ့တဲ့ အဆင့် ၁၅၇ ဆင့်ထက် တဆင့် တက်လာတယ် ဆိုပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း မှာ ဒီရလဒ်က အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေဆဲလို့ ဆိုပါတယ်။

မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့ (MDRI) မှ သုတေသီ ဦးတင်မောင်သန်းက“လုပ်ဆောင် သင့်သလောက် မလုပ် လို့ ဒီအနေအထားမှာ ရှိနေတာလို့ ပြောရမှာပါ”လို့ ဧရာဝတီကို ပြောဆိုပါတယ်။

TI ရဲ့ နှစ်စဉ် အစီရင်ခံစာတွေ အရ ကမ္ဘာ့အဆင့် အဂတိ လိုက်စားမှု သတ်မှတ်ချက်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက် လာခါစ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံဟာ အဂတိ လိုက်စားမှု အဆိုးဆုံး နိုင်ငံဖြစ်တဲ့ ဆိုမာလီနိုင်ငံ နောက် ကပ်လိုက်ပြီး ဒုတိယ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အဂတိ လိုက်စားမှု သတ်မှတ်ချက်အရ ၂၀၁၁ ခုနှစ်မှာ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်မှာ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၇ အထိ လျော့ကျခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ တဆင့်သာ လျော့ကျခဲ့တာပဲ ဖြစ်ပါတယ်။

အခုနှစ် ထုတ်ပြန်ချက်အရ ဒိန်းမတ်၊ နယူးဇီလန်နဲ့ ပြင်သစ် နိုင်ငံတို့ဟာ အဂတိ လိုက်စားမှု အနည်းဆုံး အဆင့်မှာ ရှိနေပြီး ဆိုမာလီနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကတော့ အဆိုးဆုံး အဆင့်မှာ ရပ်တည်နေပါတယ်။

TI က ၂၀၁၄ ခုနှစ် အတွက် ထုတ်ပြန်လိုက်တဲ့ အဂတိလိုက်စားမှု ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ တိုးတက်မှု မရှိဘဲ ရပ်တန့်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရှင်းလင်း ပြော ဆိုခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းအောင်က“အရင်နှစ်တွေက လျော့ကျသွားတယ် ဆိုတာ၊ ကျနော်တို့ မြန်မာ အစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့တွေဖွဲ့ပြီး တရားရုံးတင် စစ်ဆေး၊ အရေးယူမှုတွေ ရှိလာတာကြောင့်ပါ။ အခုလည်း ကျနော်တို့ရပ်မနေပါဘူး။ ရှေ့ဆက်သွားမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ထိထိရောက်ရောက် အရေးယူဖို့ ပြောဆိုထားတဲ့ အတွက် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေက အဂတိ လိုက်စားမှု တိုင်ကြားခံရရင် ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ်လ အတွင်းမှာ ဖွဲ့စည်းခဲ့ပြီးနောက် ၆ လအတွင်း တိုင်ကြားမှုပေါင်း ၅၃၃ မှု အနက် ၃ မှု ကို စစ်ဆေးအရေးယူ ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့အတွက် လွှတ်တော် အတွင်းမှာရော၊ လူထုအကြားမှာပါ ဝေဖန်ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။

အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်တန်းလာတဲ့ တိုင်ကြားစာတွေဟာ ပြည့်စုံမှု မရှိဘူးလို့ အစိုးရဘက်က ပြောဆိုပေမယ့် လေ့လာသူတွေကတော့ အစိုးရရဲ့လုပ်ဆောင်ချက်တွေ သိနိုင်မယ့် အဓိကကျတဲ့ အချက်အလက်တွေကို ပြည်သူလူထု ဘက် က မရနိုင်တဲ့အပြင် သတင်းပေးသူတွေကိုလည်း အစိုးရက ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ဘူးလို့ ဝေဖန် ပြော ဆိုနေကြပါတယ်။

ဒါ့အပြင် သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ် သံသယ ရှိနေကြပါတယ်။ အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တာဝန်ယူပြီး အဖွဲ့ဝင်တွေ အဖြစ် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင် သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နဲ့ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင် ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာတော့ “လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” အစား “မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading