ဥပဒေပြုလွှတ်တော် အားကောင်းမှ ဒီမိုကရေစီ အားကောင်းမည် (နိဂုံး)

အမ် စတီဗင် ဖစ်ရှ်စ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရုရှနဲ့ ဘူလ်ဂေးရီးယားနိုင်ငံ အစိုးရအပြောင်းအလဲ ဖြစ်စဉ်တွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ထူးခြားထင်ရှားနေတာ တခုကို သွားတွေ့ရပါတယ်။ အဆိုပါ ၂ နိုင်ငံလုံးမှာ ကွန်မြူနစ်အစိုးရတွေ ပြိုကျသွားခဲ့တော့  အဓိပ္ပါယ်လေးနက်ပေမယ့် ပြီးပြည့်စုံမှုမရှိတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပိုလန်နိုင်ငံက နိုင်ငံရေးကို လွတ်လွတ်လပ်လပ် ဖွင့်ပေးခဲ့သလောက် သူတို့ ၂ နိုင်ငံက ဖွင့်မပေးခဲ့ပါ။ ၁၉၉၂ ခုနှစ် နှောင်းပိုင်းမှာ ပိုလန်နိုင်ငံက ၎င်းရဲ့ အခြေခံဥပဒေငယ်ကို ပြဌာန်းကျင့်သုံးခဲ့တော့ ဒီမိုကရေစီ ဖြစ်နေပြီးသားပါ။ ၁၉၉၂ ခုနှစ် ပိုလန်နိုင်ငံအတွက် ဖရီးဒမ်းဟောက်စ် ရမှတ်က ၂ ဖြစ်နေတာကြောင့် လွတ်လပ်တယ် ဆိုတဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။

အမှတ်ပေးစနစ်ရဲ့ တခြားဖက်မှာတော့ ဥဇဘက်ကစ္စတန်လည်း ရှိနေပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ အခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့တော့ ဖရီးဒမ်းဟောက်စ် ရမှတ်က ၅ ဒသမ ၅  ဖြစ်နေပါတယ်။ ဒါကြောင့် မလွတ်လပ်ဆိုတဲ့အုပ်စုထဲမှာ ပါဝင်နေပါတယ်။ စစ်မှန်တဲ့  နိုင်ငံရေးပြိုင်ဆိုင်မှုမျိုး ပေါ်ပေါက်လာအောင် ဥဇဘက်ကစ္စတန်က လမ်းမဖွင့်ပေးခဲ့ပါ။ အာဏာပိုင်စနစ် ပုံစံတမျိုးကနေ နောက်တမျိုးဆီကိုသာ ပြောင်းလဲသွားခဲ့ပါတယ်။ ရုရှနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေကတော့ အဲဒီလို လွတ်လပ်နဲ့ မလွတ်လပ်ဆိုတဲ့ အုပ်စု ၂ ခုကြားထဲက စကောစက အခြေအနေကို ရောက်နေပါတယ်။ အခြေခံ ဥပဒေကို စတင်ကျင့်သုံးခဲ့ချိန် (ဘူလ်ဂေးရီးယားမှာ ၁၉၉၁ နှစ်လယ်နဲ့ ရုရှမှာ ၁၉၉၃ နှောင်းပိုင်း) မှာ သူတို့တွေရဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်က ၃ ဒသမ ၅  ဖြစ်နေပါတယ်။ တပိုင်းတစလွတ်လပ် နိုင်ငံအုပ်စုထဲမှာ သူတို့ကို ဖရီးဒမ်းဟောက်စ်က ထည့်ထားပါတယ်။

ဒါပေမယ့် ရုရှနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းတွေက နောက်ပိုင်းမှာလည်း သိသိသာသာ ကွဲထွက်သွားပါတယ်။ ဘူလ်ဂေးရီးယားရဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်က ၁၉၉၀ ပြည့်နှစ်တွေအတွင်းမှာ ၂ဒသမ ၅ ဖြစ်လာခဲ့ပြီး အခုဆယ်စုနှစ် (၂၀၀၀ ကနေ ၂၀၁၀) အလယ်လောက်မှာတော့ ၁ ဒသမ ၅ ဖြစ်နေပါပြီ။ ၂၀၀၅ ခုနှစ်မှာတော့ ဂရိနိုင်ငံ၊ ဂျပန်နိုင်ငံတွေနဲ့ ၎င်းက တပြေးတည်းဖြစ်လာပြီး လစ်သူယေးနီးယားနဲ့ အစ္စရေးနိုင်ငံတွေ ထက်တောင် သာလွန်သွားပါတယ်။ ရုရှ အခြေအနေကတော့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာနဲ့ ၂၀၀၀ ပြည့်နှစ်တွေ အစောပိုင်းမှာ ၎င်းရဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်က အခြေအနေ ဆိုးဝါးနေခဲ့ပါတယ်။ ၂၀၀၅ မှာ ၅ ဒသမ ၅ ဖြစ်နေတာကြောင့် ရုရှက အီဂျစ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတွေနဲ့ တတန်းတည်းဖြစ်နေပြီး ယူဂန်ဒါနဲ့ ယီမင်နိုင်ငံတွေ နောက်မှာတောင် ကျန်ခဲ့ပါတယ်။ ဘူလ်ဂေးရီးယားက လွတ်လပ်နိုင်ငံ ဖြစ်သွားချိန်မှာ ရုရှားကတော့ မလွတ်လပ်အုပ်စုထဲကို ဝင်သွားခဲ့ပါတယ်။

အဲဒီလိုမျိုး အခြေအနေတွေ သိသိသာသာကြီး ကွဲထွက်သွားတာကို ဘယ်လိုများ ရှင်းပြနိုင်မလဲ။ အစိုးရ အပြောင်းအလဲဖြစ်သွားအောင် အကျိုးကျေးဇူးပြုနေတဲ့ အချက်တွေ အများကြီး ရှိနေနိုင်ပါတယ်။ တာထွက်အခြေအနေနဲ့ ပြောရရင်တော့ ရုရှနဲ့ ဘူလ်ဂေးရီးယားတို့က တချို့နိုင်ငံရေး ဓလေ့စရိုက်တွေမှာ သွားတူနေပြီး တချို့နေရာတွေမှာတော့ ကွဲပြားနေပါတယ်။ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအသွင်သဏ္ဍန်တွေ ကွာခြားနေတာကြောင့် နိုင်ငံတခုရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေက တခြားနိုင်ငံတခုထက် ပိုပြီး ခရီးရောက်သွားနိုင်တယ်လို့ ယေဘူယကျကျ ပြောဖို့ ခက်ပါလိမ့်မယ်။ ရုရှနဲ့ ဘူလ်ဂေးရီးယားတို့မှာ ၁၉၆၀ ပြည့်နှစ်တွေကနေ ၁၉၈၀ ပြည့််နှစ်တွေအထိ တောက်လျှောက် ကျင့်သုံးခဲ့တဲ့ ဆိုဗီယက်ဝါဒချင်းက ဆင်တူပါတယ်။ ဘူလ်ဂေးရီးယားရဲ့ ပထမဆုံး ကွန်မြူနစ်ပါတီ အတွင်းရေးမှူး   တိုဒေါဇူးကော့ဗ်က လီယိုနစ်ဘရက်ဇညာ အုပ်ချုပ်တဲ့ပုံစံကို တမင်တကာ   ပုံတူကူးချ အုပ်ချုပ်ခဲ့ပါတယ်။ ဘရက်ဇညာ အုပ်ချုပ်တဲ့ရုရှနဲ့ တိုဒေါဇူးကော့ဗ် အုပ်ချုပ်တဲ့ ဘူလ်ဂေးရီးယားတို့ ၂ လုံးမှာ နိုင်ငံရေးစနစ်တွေကို သေသေချချာ တင်းတင်းကျပ်ကျပ်  ချုပ်ကိုင်ထားပြီး စီးပွားရေးစနစ်ကို ရာနှုန်းပြည့်ပိတ်ထားတဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။

အစိုးရအပြောင်းအလဲ စဖြစ်ချိန်မှာ ရုရှားက ပိုပြီး ချမ်းသာတယ်လို့ ပြောရမှာပါ။ ၁၉၉၀ ပြည့်နှစ်မှာ ဘူလ်ဂေးရီးယားရဲ့ လူတဦးချင်း ဂျီဒီပီက အမေရိကန်ဒေါ်လာ ၁၇၀၀ လောက် ရှိချိန်မှာ ရုရှ လူတဦးချင်း ဂျီဒီပီက ဒေါ်လာ ၃၇၀၀ လောက်ရှိပါတယ်။ တိုင်းပြည် ၂ ခုလုံးမှာ လုပ်သားထုတရပ်လုံးရဲ့ ၁၄ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ဘူလ်ဂေးရီးယားရဲ့ အားသားချက်က နိုင်ငံရေးစနစ်ပြောင်းသွားပေမယ့် တိုင်းပြည်နယ်နိမိတ်က နဂိုအတိုင်း တည်ရှိနေပြီး ရုရှားကတော့ တိုင်းပြည်နယ်နိမိတ်တွေကို အသစ်ပြန်လည် ရေးဆွဲရပါတယ်။ ဒါ့အပြင် ဘူလ်ဂေးရီးယားက ဥရောပတိုက်ရဲ့ အစိတ်အပိုင်းဖြစ်နေပြီး ရုရှားကတော့ ဖြစ်မနေပါ။ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နိုင်ခြင်းဆိုတဲ့ အချက်က ဘူလ်ဂေးရီးယား နိုင်ငံသားတွေကို ဆွဲဆောင်နေပေမဲ့ ရုရှားတွေကတော့ ဆွဲဆောင်မနေပါ။

ဒါ့အပြင် ကမ္ဘာနိုင်ငံရေး အပြောင်းအလဲတွေ မြန်ဆန်ကြမ်းတမ်းတဲ့နေရာ တခုဖြစ်တဲ့ ဥရောပ အရှေ့တောင်ပိုင်း အစွန်အဖျားမှာ ဘူလ်ဂေးရီးယား တည်ရှိနေပေမယ့် သူကိုယ်တိုင်ကတော့ ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ဘဲ အားလုံးနောက်မှာ ကျန်နေခဲ့တဲ့ နိုင်ငံတခုပါ။ ရုးရှားဆိုတာကတော့ ဆလာ့ဗ် လူမျိုးတွေ လောကမှာ အထင်ကရ အဖြစ်ဆုံး ထီးတည်း ရပ်တည်နေတဲ့ နေရာပါပဲ။ အုံနဲ့ကျင်းနဲ့ အားကောင်းမောင်းသန် လှုပ်ရှားနေတဲ့ ပညာတတ် လူတန်းစားတွေ အခြေချနေထိုင်ရာ ကမ္ဘာ့အဆင့်မီ မြို့တော်ကြီးတွေလည်း ရှိပါတယ်။ ရုရှနဲ့ ဘူလ်ဂေးရီးယား ၂ နိုင်ငံလုံးမှာ အော်သိုဒေါက် ခရစ်ယာန်တွေ အများစုနေထိုင်ကြပါတယ်။ မွတ်စလင်တွေကလည်း လူနည်းစုဖြစ်ပေမယ့် အရေးအတွက်ကတော့ များလှပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အစောပိုင်းကစပြီး ၂ နိုင်ငံလံုံးက ဒီမိုကရေစီ ဖော်ဆောင်ရေးကို လုပ်ကိုင်နိုင်ခဲ့သလို ရှိပေမယ့် အဲဒီမတိုင်ခင် ကတည်းကိုကပဲ နိုင်ငံရေးကို လွတ်လပ်ပွင့်လင်းအောင် လုပ်ဆောင်ရာမှာ ခရီးရောက်နေခဲ့ပြီးပါပြီ။ ဒါပေမယ့် ဂျာမနီ၊ သြစတြီးယား နိုင်ငံတွေနဲ့ နယ်စပ်ချင်းထိနေပြီး ရိုမန်ကက်သလစ် ကိုးကွယ်သူ ဗဟိုအရှေ့ပိုင်း ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ အခြေအနေ ကောင်းသလောက် ရုရှနဲ့ ဘူလ်ဂေးရီးယားတို့က အခြေအနေ မကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။

ရုရှနဲ့ ဘူလ်ဂေးရီးယားတို့ရဲ့ နိုင်ငံရေးကံကြမ္မာကို အဆုံးအဖြတ်ပေးသွားတဲ့ အချက်ကိုတော့ ရွေးချယ်လိုက်တဲ့ အခြေခံဥပဒေပုံစံမှာ သွားတွေ့ရပါတယ်။ လုပ်ပိုင်ခွင့်အာဏာပိုရှိတဲ့ လွှတ်တော်ပုံစံမျိုးကို ဘူလ်ဂေးရီးယားက ရွေးချယ်ခဲ့ပါတယ်။ လွှတ်တော်ကနေပြီး အစိုးရကို ဖွဲ့ပေးရတဲ့ ပုံစံပါ။ ပါလီမန်ရွေးကောက်ပွဲတွေမှာ အနိုင်ရသွားတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်လာပြီး သူကလွှတ်တော်ကို တာဝန်ခံရပါတယ်။ ဝန်ကြီးချုပ်က သမ္မတထက်လည်း ပိုပြီး အာဏာရှိနေပါတယ်။ ဘူလ်ဂေးရီးယားရဲ့ လွှတ်တော်အာဏာ အညွှန်းကိန်းက ဒသမ ၇၈ ဖြစ်နေတာကြောင့် သဘောထားစစ်တမ်းမှာ မေးထားတဲ့အချက် ၃၂ ထဲက ၂၅ ခုကို ဟုတ်မှန်ကြောင်း ဖြေဆိုထားတဲ့ အဓိပ္ပါယ်ပါ။

ရုရှရဲ့ အခြေခံဥပဒေကတော့ တော်တော်လေးကို ကွဲပြားခြားနားတယ်လို့ သွားတွေ့ရပါတယ်။ သမ္မတရဲ့ အခန်းကဏ္ဍက ကြီးမားနေပါတယ်။ ရုရှရဲ့ လွှတ်တော်အာဏာ အညွှန်းကိန်းက ဒသမ ၄၄ ဖြစ်ပါတယ်။ သဘောထားစစ်တမ်းမှာ မေးထားတဲ့အချက် ၃၂ ထဲက ၁၄ ခုကိုသာ ဟုတ်မှန်ကြောင်းဖြေဆိုထားတဲ့ အဓိပ္ပါယ်ပါ။ ဘူလ်ဂေးရီးယား လွှတ်တော်နဲ့ မတူတာက ရုရှားရဲ့ဒူးမားလွှတ်တော်မှာ သြဇာလွှမ်းမိုးမှုတွေ အတော်အသင့်ပဲ ရှိနေပါတယ်။ အစိုးရဖွဲ့စည်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် မရှိသလောက်ပါပဲ။ ကြီးကြပ် ထိန်းသိမ်းပေးရတဲ့ လုပ်ပိုင်ခွင့်ကိုလည်း သာမန်ကာ လျှံကာလောက်ပဲ ရှိထားပြီး သုံးစွဲနိုင်တဲ့ အရင်းအမြစ်တွေလည်း နည်းပါးနေပါတယ်။ အုပ်ချုပ်ရေးကဏ္ဍကို အဆမတန် များပြားအောင် ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေနဲ့ ယှဉ်လိုက်ရင် ရုရှဥပဒေပြုကဏ္ဍရဲ့ လုပ်ပိုင်ခွင့်အာဏာတွေက နည်းပါးနေပါတယ်။

ရုရှနဲ့ ဘူလ်ဂေးရီးယား  ဥပဒေပြုကဏ္ဍတွေ အားကောင်းခြင်း မကောင်းခြင်းဆိုတာကပဲ နိုင်ငံအသီးသီးစီရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းတွေကို ပုံစံချပေးခဲ့တာပါ။ ရုရှမှာတော့ ဥပဒေပြုကဏ္ဍ ရှေ့မှောက်မှာကိုပဲ သမ္မတအာဏာ အလွဲသုံးစား လုပ်နေတာတွေ ရှိနေလို့ တားမြစ်ကန့်သတ်ချင်တဲ့ အခါမှာတောင် မတားမြစ်နိုင် ဖြစ်နေပါတယ်။ ကွန်မြူနစ်ခေတ်လွန် ရုရှားနိုင်ငံရေးရဲ့ ထူးခြားချက် လက္ခဏာပါပဲ။ ဥပဒေပြုကဏ္ဍ အားနည်းနေတာကြောင့် အလျားလိုက် တာဝန်ခံမှုကိုလည်း ယုတ်လျော့သွားစေပါတယ်။ ကွန်မြူနစ်ခေတ်လွန် ရုရှားသမ္မတ ၂ ယောက်လုံးဖြစ်တဲ့ ဘောရစ်ယဲ့လ်ဆင်နဲ့ ဗလာဒီမာပူတင်တို့က သူတို့ကိုပေးထားတဲ့ အတိုင်းအဆမဲ့ အာဏာတွေကိုသုံးပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ကာ ရွေးကောက်ပွဲတွေကို လိမ်ညာပြောင်းလဲခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ ပူတင်က ဘောရစ်ယဲ့လ်ဆင် ထက်တောင် ပိုပြီး လက်စောင်းထက်ပါတယ်။ တနိုင်ငံလုံးအဆင့် ရေးသား၊ ထုတ်လွှင့်နေတဲ့ အီလက်ထရောနစ် မီဒီယာတွေ အားလုံးကို သိမ်းပိုက်လိုက်ပြီး ထုတ်လွှင့်တင်ပြတာတွေ မှန်သမျှ သူ့စိတ်ကြိုက်အတိုင်းသာ ဖြစ်စေပါတယ်။ အကျိုးဆက်ကတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ သတင်းထုတ်ပြန်ရယူခွင့်ကို အာမခံပေးထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၂၉ ကို ပူတင်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပါ။

ဒါပေမယ့် အဲဒီလို ချိုးဖောက်နေတာကို တားမြစ်နိုင်သူလည်း မရှိပါ။ ဘူလ်ဂေးရီးယား သမ္မတတွေရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုတော့ တော်တော်လေး ကန့်သတ်ချုပ်ချယ်ထားပါတယ်။ အဲဒီလို ချုပ်ချယ်ထားတာကို ဘူလ်ဂေးရီးယား သမ္မတတွေလည်း သဘောမတွေ့လှပါ။ ကွန်မြူနစ်ခေတ်လွန် ဘူလ်ဂေးရီးယား သမ္မတ ဇဲလူးဇဲလက်စ်က ရုရှသမ္မတ ဘောရစ်ယဲ့လ်ဆင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို သူလည်းရချင်ပြီး ရုရှလိုမျိုး အခြေခံဥပဒေ ပုံစံက ဘူလ်ဂေးရီးယား နိုင်ငံအတွက်လည်း ထူးထူးခြားခြား အကျိုးများမယ်ထင်ကြောင်း ၁၉၉၈ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။ တကယ်လည်း ဇဲလူးဇဲလက်စ်နဲ့ သူ့နောက်က သမ္မတတွေအားလုံးက သြဇာအာဏာကြီးမားလှတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ ဘောင်ခတ် ကန့်သတ်တာကို ခံထားခဲ့ရတာပါ။ အကျိုးဆက်ကတော့ ဘူလ်ဂေးရီးယား ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အကြီးအကျယ် အကျိုးကျေးဇူးပြုခဲ့တာပါပဲ။

ပါလီမန်နဲ့ နိုင်ငံရေးပါတီ

ပါလီမန်တွေရဲ့ ခွန်အားက  နိုင်ငံရေးပါတီတွေ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာလည်း အကျိုးသက်ရောက်နေပြီး ဒေါင်လိုက် တာဝန်ခံမှုတွေ အပေါ်မှာလည်း တခါထပ်ပြီး အကျိုးသက်ရောက်နေပါတယ်။ နိုင်ငံရေးပါတီတွေ တည်ထောင်ကြအောင် တွန်းအားပေးတဲ့ အချက်က လွှတ်တော်တွေရဲ့ အာဏာအပေါ်မှာလည်း မူတည်နေပါသေးတယ်။ ဘူလ်ဂေးရီးယား နိုင်ငံရေးစင်မြင့်ရဲ့ အလယ်ဗဟိုချက် နေရာကို ဥပဒေပြုလွှတ်တော်က ယူထားတာကြောင့် နိုင်ငံရေးသမားတွေက သူတို့တက်လမ်း ဖြောင့်ဖြူးသာယာနေဖို့ဆိုရင် နိုင်ငံရေးပါတီတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြပါတယ်။ ဘူလ်ဂေးရီးယား ဆိုရှယ်လစ်ပါတီ (BSP) ဆိုတာ အာဏာရှင်ကွန်မြူနစ် ပါတီဟောင်း အကြွင်းအကျန်တွေနဲ့ စုဖွဲ့ပြီး ပေါက်ဖွားလာတာပါ။ သူက လက်ဝဲအယူအဆလောကမှာ ထီးထီးကြီး ရပ်တည်နေခဲ့ပါတယ်။ ဒီမိုကရက်တစ် အင်အားစုများ သမဂ္ဂ (UDF) က ဘူလ်ဂေးရီးယား လစ်ဘရယ်တွေကို စုစည်းပေးခဲ့ပြီး လွတ်လပ်မှုနဲ့ အခွင့်အရေးလှုပ်ရှားမှု (MRF) က အင်အားကြီးမားလှတဲ့ လူနည်းစု တာ့ခ်လူမျိုး အုပ်စုကို ပိုပြီးကိုယ်စားပြုပါတယ်။ ၁၉၉၀ ပြည့််နှစ်တွေ တလျှောက်လုံးမှာ အဲဒီနိုင်ငံရေးပါတီ ၃ ခုကပဲ နိုင်ငံရေးပြိုင်ဆိုင်မှုကို ပုံဖော်တည်ဆောက်ပေးခဲ့ပါတယ်။ BSP နဲ့ UDF တို့က ရွေးကောက်ပွဲတွေ အောင်နိုင်ပြီး အစိုးရလုပ် အုပ်ချုပ်ဖူးပါတယ်။ ရပ်တည်ချက်ချင်း မတူလို့ မဲပေးသူတွေက ပြတ်ပြတ်သားသား ရွေးချယ်နိုင်ပါတယ်။ ပါတီတခုချင်းစီမှာ အတော်အသင့် ခိုင်မာတဲ့ လူထုထောက်ခံမှုတွေ အသီးသီးရှိနေပြီး BSP က ကျေးလက်ဒေသတွေမှာ၊ မြို့ငယ်လေးတွေမှာ၊ ပညာတတ်မှု နိမ့်ပါးတဲ့ မဲဆန္ဒရှင်တွေကြားမှာ ထောက်ခံမှု ပိုရပါတယ်။ UDF ကတော့ မြို့ပြလူတန်းစားတွေကြားမှာနဲ့ တက်လမ်းရှိတဲ့ လူတန်းစားတွေကြားမှာ အဓိကထောက်ခံမှု ရယူထားနိုင်ပါတယ်။ MRF ကတော့ တာ့ခ်လူမျိုးတွေကို ပင်မရေစီး နိုင်ငံရေးထဲရောက်အောင် ဆွဲခေါ်နိုင်ခဲ့ပြီး (လူနည်းစု တာ့ခ်တွေက ပဲဖြစ်ဖြစ်၊ လူများစု ဘူလ်ဂေးရီးယားတွေကပဲ ဖြစ်ဖြစ်) လူမျိုးစုပြဿနာအပေါ် အခြေခံတဲ့ ပွဲဆူတာမျိုး မဖြစ်အောင် ဟန့်တားနိုင်ခဲ့ပါတယ်။

နိုင်ငံရေးပါတီအသစ်တခု ၂၀၀၁ ခုနှစ်မှာ ထွက်ပေါ်လာပြီး အာဏာရနေတဲ့ UDF ကို စိန်ခေါ်ခဲ့ချိန်မှာတော့ အဓိကပါတီကြီး ၂ ခုက အဖျားရှှုးပြီး အားနည်းသွားပါတယ်။ ဘူလ်ဂေးရီးယား ဘုရင်ဟောင်း ဦးဆောင်တဲ့ ဒုတိယ ဆီမီယွန် အမျိုးသားရေး လှုပ်ရှားမှု (NDSV) က UDF နဲ့ BSP တို့ကို အစဉ်အလာအရ ထောက်ခံခဲ့တဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး စုစုပေါင်း မဲတွေရဲ့ ၅ ပုံ ၂ ပုံကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် UDF နဲ့ BSP တို့ကလည်း နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီး ပါတီတွေကို ကျစ်လစ်ခိုင်မာအောင် စုစည်းထားနိုင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ပါလီမန် ရွေးကောက်ပွဲတွေမှာတော့ BSP က မဲတွေ ၃ ပုံ ၁ ပုံလောက်ကို အနိုင်ရခဲ့ပြီး အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NDSV ကလည်း စုစုပေါင်းမဲတွေရဲ့ ၅ ပုံ ၂ ပုံကို အရယူနိုင်ခဲ့ပြီး MRF နဲ့ UDF တို့က နောက်ကနေ လိုက်ပါတယ်။ ဘူလ်ဂေးရီးယားမှာ ဖွဲ့စည်းမှုအားကောင်းတဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေကို စင်တင်ပေးပါတယ်၊ နိုင်ငံရေးပြိုင်ဆိုင်မှုကို ပုံဖော်ပေးပါတယ်၊ မဲဆန္ဒနယ်တွေကို ကိုယ်စားပြုပေးပါတယ်။ အဲဒီလို လုပ်ဆောင်ပေးခြင်းအားဖြင့် ပါတီတွေရဲ့ ဒေါင်လိုက်တာဝန်ခံမှုကို အားကောင်းအောင်မြှင့်တင်ပေးပါတယ်။

ရုရှားပါတီတွေကတော့ အဲဒီလိုတာဝန်မျိုးတွေကို မထမ်းဆောင်နိုင်ပါ။ ရွေးကောက်ပွဲ အခြေအနေတွေက ဘူလ်ဂေးရီးယားမှာထက် ရုရှားမှာ ပိုပြီး အပြောင်းအလဲမြန်ပါတယ်။ ရွေးကောက်ပွဲတခု လုပ်တိုင်းလုပ်တိုင်း နိုင်ငံရေးပါတီတွေ အမျိုးမျိုးပေါ်လာတတ်ပြီး မဲဆန္ဒရှင်တွေက ရွေးချယ်မှုအသစ်တွေကို လုပ်ဆောင်ရတတ်ပါတယ်။ ရုရှားအောက်လွှတ်တော် ဒူးမားမှာ လွှတ်တော်အမတ်တွေ တဝက်လောက်ကို ပါတီစာရင်းအတိုင်း ရွေးကောက် တင်မြှောက်တာဖြစ်ပြီး ရေးရာကော်မတီ ဥက္ကဋ္ဌတွေကိုတော့ ပါတီဝင်ဖြစ်မှုအပေါ် မူတည်ပြီး ခွဲဝေပေးပါတယ်။ ဒါကြောင့် ပါတီတွေ ကြီးထွားဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါပေမယ့် ဥပဒေပြုကဏ္ဍက သေးသိမ်နေတာကြောင့် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိသင့်သလောက် မရှိဘူး ဖြစ်နေပါတယ်။ ရုရှား နိုင်ငံရေးသမားတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ရာထူးတွေက အုပ်ချုပ်ရေးကဏ္ဍမှာပဲ ရှိနေပြီး အဲဒီရာထူးတွေကို ရဖို့ဆိုရင် နိုင်ငံရေးပါတီဝင် ဖြစ်စရာလည်း မလိုပါ။ တိုင်းပြည်ပေါ်လစီတွေအပေါ် သြဇာညောင်းချင်တယ် ဆိုရင်လည်း နိုင်ငံရေးပါတီတခုကို တည်ထောင်တာထက် အုပ်ချုပ်ရေးကဏ္ဍ အရာရှိတယောက်ကို ငွေပေးဝယ်လိုက်တာက ပိုပြီးတွက်ခြေကိုက်နေပါတယ်။ အကျိုးဆက်ကတော့ ရုရှားမှာ ကြီးထွားအားကောင်းနေတဲ့ အသင်းအဖွဲ့တွေကို ကြည့်လိုက်ရင် နိုင်ငံရေးပါတီတွေ မဟုတ်ဘဲ ကျဉ်းမြောင်းတဲ့ စီးပွားရေး အကျိုးအမြတ်တွေကို ကိုယ်စားပြုထားတဲ့ လူချမ်းသာ အစုအဝေးလေးတွေပဲ ဖြစ်နေပါတယ်။

ဥပဒေပြုကဏ္ဍ အားနည်းပျော့ညံ့နေမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ပီပီပြင်ပြင် ရှိမနေတော့ပဲ သမ္မတရဲ့ မျက်နှာသာပေးမှုကိုပဲ စောင့်ကြည့်တောင်းခံနေရတဲ့ လက်ဝေခံတွေ ဖြစ်လာပါတယ်။ ၂၀၀၃ ခုနှစ် နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ပါလီမန်ရွေးကောက်ပွဲတွေရဲ့ ပါတီစာရင်းအလိုက် မဲပေးမှုအပိုင်းမှာ ယူနိုက်တက် ရုရှားပါတီ (ပူတင်ကို ထောက်ပံ့ပေးဖို့အတွက် အဓိက ဖွဲ့ထားတဲ့ပါတီ) က ပမာဏများပြားတဲ့ ပလူရယ်လတီ အစုအဝေးကို အနိုင်ရသွားပြီး ဒူးမားကို ထိန်းချုပ်နိုင်လိုက်ပါတယ်။ လွှတ်တော်မှာ နေရာယူနိုင်ဖို့ အနိမ့်ဆုံး သတ်မှတ်ထားချက် ၅ ရာခိုင်နှုန်းကို ကျော်လွန်သွားနိုင်သူ နိုင်ငံရေးပါတီ ၃ ခုထဲမှာ ၂ ခုက အလိုလိုနေရင်း ပူတင်ကို ထောက်ခံထားပြီးသားပါ။ (နာမည်နဲ့ လုပ်ဆောင်ချက် တခြားစီဖြစ်နေတဲ့) ရုရှားလစ်ဘရယ် ဒီမိုကရက်တစ်ပါတီက သမ္မတကို ထောက်ခံမှုနဲ့ သမ္မတဆီက လာဘ်သပ်ပကာ အလဲအလှယ် လုပ်နေတာကလွဲပြီး ကျန်တာဘာမှ မလုပ်ပါ။ အမိမြေပါတီ (Motherland Party) ဆိုတာကတော့ ရွေးကောက်ပွဲ မတိုင်မီလေးတင်ကမှ ပေါ်လာတဲ့ မထင်မရှား ပါတီလေးတခုပါပဲ။ ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီကတော့ အတိုက်အခံ အသွင်သဏ္ဍန်လေးရှိပြီး အနိမ့်ဆုံး သတ်မှတ်ထားချက် ၅ ရာခိုင်နှုန်းကို ကျော်လွှားနိုင်တဲ့ တခုတည်းသော နိုင်ငံရေးပါတီပါပဲ။

ဘူလ်ဂေးရီးယားမှာတော့ ဥပဒေပြုလွှတ်တော် အားကောင်းတာကြောင့် နိုင်ငံရေးပြိုင်ဆိုင်မှုကို ပုံဖော်တည်ဆောက်ပေးတဲ့ ပါတီတွေ ဖွ့ဲစည်းနိုင်ရေးကို တွန်းအားပေးနေပြီး ရွေးကောက်ပွဲတွေကို အားကြိုးမန်တက် ယှဉ်ပြိုင်ကြအောင် လှုံ့ဆော်ပေးပါတယ်။ ပါလီမန်တွေ အားကောင်းနေတာကြောင့်လည်း နိုင်ငံရေးမှာ ပြည်သူလူထု ပါဝင်မှုကို တွန်းအားဖြစ်စေပါတယ်။ World Values Surveys အဖွဲ့ကြီးကနေ ကောက်ခံထားတဲ့ အချက်အလက်တွေအရ အရွယ်ရောက်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ၄ ရာခိုင်နှုန်းလောက်က နိုင်ငံရေးပါတီ တခုခုကို ဝင်ထားကြပြီး ၃ ရာခိုင်နှုန်း လောက်ကတော့ ပါတီတခုခုမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေကြပါတယ်။ ဘူလ်ဂေးရီးယား ကိန်းဂဏန်း အရေအတွက်တွေက များတယ်လို့ မထင်ရပေမယ့် ရုရှားမှာကျတော့ ပါတီဝင်ဖြစ်မှုနဲ့ ပါတီမှာလုပ်အားပေးမှုက ၁ နဲ့ သုည ရာခိုင်နှုန်းတွေပဲ အသီးသီးစီရှိကြပါတယ်။ ကွန်မြူနစ်ခေတ်လွန်နိုင်ငံတွေမှာ နိုင်ငံရေးပါတီဝင်ဖြစ်ခြင်းက တခြား လူမှုအဖွဲ့အစည်းတွေကို ဝင်ရောက်ခြင်းလိုပါပဲ အချိုးအစားအားဖြင့် နည်းပါးပါတယ်။ တခြားဒေသတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးနည်းပါးပါတယ်။ ဘူလ်ဂေးရီးယားအတွက် ပြုစုထားတဲ့ကိန်းဂဏန်းတွေက ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေအတွက် တွေ့ရှိထားတဲ့ ယေဘုယျ နှုန်းထားတွေထက် ပိုပြီးမြင့်မားနေပါတယ်။

ဒီမိုကရေစီပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်နိုင်မဲ့ နိုင်ငံတွေကို စာရင်းပြုစုထားတာ ရှိပါတယ်။  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရေချိန် နိမ့်ပါးနေခဲ့ပြီး ဒီမိုကရေစီကို အနှောင့်အယှက် အဟန့်အတားဖြစ်စေတဲ့ တခြား အခြေအနေတွေလည်း ရှိနေတာကြောင့် ၁၉၉၀ပြည့်နှစ်တွေ အစောပိုင်းလောက်က ဘူလ်ဂေးရီးယားကို  အဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာ မထားခဲ့ကြပါ။ ဒါပေမယ့် နောက်ဆယ်စုနှစ် ၁ ခုခွဲလောက် အကြာမှာတော့ နိုင်ငံရေး အသွင်ကူးပြောင်းမှု အောင်မြင်တဲ့ နိုင်ငံဆိုပြီး ဘူလ်ဂေးရီးယားက ထင်ထင်ရှားရှား ရပ်တည်နေနိုင်ပါပြီ။ ၁၉၉၀ ပြည့်နှစ်တွေ  တိုင်းထွာချက်အရ လူတဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နီးပါးလောက်ရတဲ့ နိုင်ငံသား ၁ သန်း အနည်းဆုံး နေထိုင်နေရာ နိုင်ငံပေါင်း ၈၈ ခုလောက် ရှိရာမှာ ဘူလ်ဂေးရီးယားလည်း တခုအပါအဝင်ပါ။ ဒါ့အပြင် အဆိုပါ နိုင်ငံပေါင်း ၈၈ ခုကို ဖရီးဒမ်းဟောက်စ်အဖွဲ့ကြီးက ၂၀၀၅ ခုနှစ်မှာ အမှတ်တွေပေးထားရာမှာ ဘူလ်ဂေးရီးယား အမှတ်တွေက ကောင်းနေပြီး ၁ ဒသမ ၅ ရှိနေပါတယ်။

ကွန်မြူနစ်ခေတ်လွန်ဒေသမှာ အံ့အားသင့်စရာ ကောင်းပြီး ပေါ်ထွက်လာတာက ဘူလ်ဂေးရီးယား တခုတည်း  မဟုတ်ပါ။ ၁၉၉၀ ပြည့်နှစ်တွေမှာ လူတဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ နီးပါးလောက်ရှိတဲ့ ကွန်မြူနစ်ခေတ်လွန် တခြား ၄ နိုင်ငံလည်း ရှိပါသေးတယ်။ အယ်လ်ဘေးနီးယား (အမေရိကန်ဒေါ်လာ ၈၀၀)၊ မက်ဆီဒိုးနီးယား (အမေရိကန်ဒေါ်လာ ၈၀၀)၊ မွန်ဂိုးလီးယား (အမေရိကန်ဒေါ်လာ ၅၀၀) နဲ့  တာဂျီကစ္စတန် (အမေရိကန်ဒေါ်လာ ၇၀၀) တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ လူတစ်ဦးချင်းဝင်ငွေ အားနည်းခဲ့တဲ့ နိုင်ငံတွေထဲမှာ မွန်ဂိုးလီးယားက ၂၀၀၅ ခုနှစ်မှာ ဖရီးဒမ်းဟောက်စ်ရမှတ် ၂ ဖြစ်ပြီး လွတ်လပ်နိုင်ငံ စာရင်းထဲဝင်ပါတယ်။ အယ်လ်ဘေးနီးယားနဲ့ မက်ဆီဒိုးနီးယားတို့က ၃ မှတ်စီရကြပြီး တပိုင်းတစလွတ်လပ် နိုင်ငံစာရင်းထဲပါဝင်ပါတယ်။

အဆိုပါနိုင်ငံတွေထဲမှာ တာဂျီကစ္စတန်က ဖရီးဒမ်းဟောက်စ်ရမှတ် ၅ ဒသမ ၅ ရနေပြီး မလွတ်လပ်နိုင်ငံ စာရင်းထဲဝင်နေကာ အနှစ်သာရရှိတဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ အံအားသင့်စရာကောင်းတဲ့ အချက်က အဲဒီဆင်းရဲပေမယ့် နိုင်ငံရေး လွတ်လပ်ပွင့်လင်းတဲ့ ၃ နိုင်ငံလုံးက ခိုင်မာအားကောင်းတဲ့ လွှတ်တော်ပုံစံကို ရွေးချယ်ခဲ့တာပါ။ အယ်လ်ဘေးနီးယားနဲ့ မက်ဆီဒိုးနီးယားတို့က သူတို့ အသီးသီးစီရဲ့ အခြေခံဥပဒေ အသစ်တွေကို ၁၉၉၁ ခုနှစ်မှာ အတည်ပြုပြဌာန်းခဲ့တာပါ။ မွန်ဂိုးလီးယားက ၁၉၉၂  ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ၃ နိုင်ငံလုံးအတွက် လွှတ်တော်လုပ်ပိုင်ခွင့် အာဏာ အညွှန်းကိန်း (PPI) ကတော့ ဒသမ ၇၅ ၊ ဒသမ ၇၈ နဲ့ ဒသမ ၈၁ တွေ အသီးသီးဖြစ်ကြပြီး လွှတ်တော်တွေက နိုင်ငံရေးမှာ ပြောရေးဆိုခွင့် အားကောင်းကောင်းနဲ့ ရပ်တည်နေတယ် ဆိုတာကို ညွှန်ပြနေပါတယ်။

အဆိုပါနိုင်ငံ ၃ ခုမှာ နိုင်ငံရေးပါတီ စနစ်တွေလည်း အားကောင်းနေပါတယ်။ မွန်ဂိုးလီးယားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ World Values Surveys မှာ ရှိမထားပေမယ့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးမှာပါဝင်မှု တော်တော်မြင့်မားနေတယ် ဆိုတာကို ညွှန်ပြနေတဲ့ တခြားအရင်းအမြစ်တွေ ရှိကြပါတယ်။ အရွယ်ရောက်သူ နိုင်ငံသားတွေရဲ့ ၅ ပုံ ၁ ပုံလောက်က ပါတီဝင်တွေ ဖြစ်ကြပါတယ်။ နိုင်ငံရေးလောကကိုတော့ လက်ဝဲလိုလားတဲ့ မွန်ဂိုးလီးယား ပြည်သူ့တော်လှန်ရေး ပါတီနဲ့ မွန်ဂိုးလီးယား ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ ဗဟိုလကျ်ာညွန့်ပေါင်းတွေက ပုံဖော် တည်ဆောက်ပေးထားပါတယ်။ World Values Surveys က ၂၀၀၀ ပြည့်နှစ်အတွက် ပြည်သူတွေ နိုင်ငံရေးပါတီ ဝင်ရောက်မှုနှုန်းအပေါ် အချက်အလက် ကောက်ယူထားတဲ့ နိုင်ငံတွေမှာ အယ်လ်ဘေးနီးယားနဲ့ မက်ဆီဒိုးနီးယားတို့က ပထမနေရာနဲ့ ဒုတိယနေရာတွေမှာ အသီးသီးစီရပ်တည်နေကြပါတယ်။ အယ်လ်ဘေးနီးယားမှာ အရွယ်ရောက်သူ နိုင်ငံသားတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်က နိုင်ငံရေးပါတီဝင်တွေ ဖြစ်ကြပြီး ၁၁ ရာခိုင်နှုန်းလောက်က ပါတီတွေအတွက် စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးကြပါတယ်။

မက်ဆီဒိုးနီးယားမှာတော့ ၁၂ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းတွေဖြစ်ကြပါတယ်။ အဆိုပါနိုင်ငံတွေနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေက ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေကြားမှာတော့ အမြင့်ဆုံးဖြစ်ပါတယ်။ နောက်ထပ် အမြင့်ဆုံးဖြစ်နေတဲ့ နိုင်ငံကတော့ ဆလိုဗက်ကီးယားဖြစ်ပြီး နိုင်ငံရေးပါတီကို ဝင်ရောက်မှုမှာ ၇ ရာခိုငနှုန်းနဲ့ ပါတီတွေအတွက် စေတနာ့ ဝန်ထမ်း လုပ်ကိုင်ပေးတာက ၅ ရာခိုင်နှုန်းတွေ ဖြစ်ကြပါတယ်။ ကိန်းဂဏန်းတွေက ဘာကိုညွှန်ပြနေသလဲဆိုရင် ဥဒေပြုကဏ္ဍမှာ လုပ်ပိုင်ခွင့်အာဏာတွေကို များများထည့်ပြီး ရင်းနှီးမြှုပ်နှံထားတာက နိုင်ငံရေးပါတီတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အပံ့ ဖြစ်စေပြီး နိုင်ငံရေးပါတီတွေ ဖွံ့ဖြိုးတိုးတက်လာရင်လည်း ဒီမိုကရေစီ ဖော်ဆောင်ရေးကို အားဖြစ်စေပါတယ်။ ဒါ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာပိုင် စနစ်တွေအောက်မှာ ကာလကြာရှည် နေလာခဲ့ရာကနေ ဆင်းဆင်းရဲရဲနဲ့ ပြန်ပြီး ရုန်းကန်ထလာရတဲ့ နိုင်ငံတွေတောင် ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေးနစ်တွေကို တည်ဆောက်နိုင်တယ် ဆိုတာကိုလည်း သက်သေပြနေပါတယ်။

ဒီမိုကရေစီသမားတွေအတွက် သင်ခန်းစာ

နိုင်ငံအဆင့် ဥပဒေပြုလွှတ်တော်တွေ အားကောင်းလာတာက ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အဓိကကျတဲ့ အချက်တခု ဖြစ်နိုင်ပါတယ်။ အဓိကအကျဆုံး တခုတည်းသော အချက်လည်း ဖြစ်နိုင်ပါတယ်။ အားကောင်းတဲ့ လွှတ်တော်တွေ ဖြစ်လာအောင် ကြိုးစားခဲ့သူတွေ (လွှတ်တော်အာဏာ အညွှန်းကိန်း ဒသမ ၆၀ ထက်ကျော်သူတွေ) က ဖရီးဒမ်းဟောက်စ် ရမှတ် ၃ နဲ့ အဲဒီထက် ပိုကောင်းတာတွေကို ၂၀၀၅ ခုနှစ်မှာ ရထားတာကို တွေ့ရပါတယ်။ အဲဒီ နိုင်ငံအုပ်စုထဲမှာ ဆင်းရဲမွဲတွေမှုကို တွေ့ကြုံထားရတဲ့ နိုင်ငံတွေ (မွန်ဂိုးလီးယား၊ မက်ဆီဒိုးနီးယား၊ ဘူလ်ဂေးရီးယား)၊ တိုင်းရင်းသားလူမျိုးချင်း တင်းမာနေတဲ့နိုင်ငံတွေ (ဆလိုဗက်ကီးယား၊ လတ်ဗီးယား) ၊အကြမ်းဖက် မငြိမ်မသက်မှု ဖြစ်ပွားတဲ့နိုင်ငံတွေ (ခရိုအေးရှား)၊ အာဏာရှင်တွေ အစွမ်းကုန် ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေ (ရိုမေးနီးယား၊ အယ်လ်ဘေးနီးယား) တို့ ပါဝင်ပါတယ်။ လွှတ်တော် အာဏာအညွှန်းကိန်း ဒသမ ၅၀ ထက်နည်းပြီး ပေးထားတဲ့ အခြေခံဥပဒေကို ကျင့်သုံးနိုင်ငံတွေ (ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တာထွက် အခြေအနေကောင်းတချို့ ရှိထားတဲ့နိုင်ငံအုပ်စု) တခုကမှ ၂၀၀၅ ခုနှစ်မှာ ဖရီးဒမ်းဟောက်စ်ရမှတ် ၃ လောက်တောင် မရခဲ့ကြပါ။ ဥပဒေပြုကဏ္ဍကို ကွန်မြူနစ်စနစ် နိဂုံးချုပ်ပြီးပြီးချင်း အားကောင်းအောင် မလုပ်ဆောင်နိုင်ခဲ့တဲ့ အချက်က အာဏာပိုင် စနစ်အောက်မှာ နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက် ဆက်ပြီးနေရအောင် ဖန်တီးပေးလိုက်တာလို့ ပြောမယ်ဆိုပြောရမှာပါ။

လုပ်ပိုင်ခွင့်အာဏာ ပိုအားကောင်းတဲ့ ဥပဒေပြုလွှတ်တော်တွေက အားနည်းတဲ့ လွှတ်တော်တွေထက်   သမ္မတ အာဏာတွေကို ထိန်းချုပ်နိုင်လာမှာ ဖြစ်ပြီး အဲဒီကနေတဆင့် အလျားလိုက် တာဝန်ခံမှုတွေပိုပါ ပိုပြီး အာမခံချက် ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ပါတီတွေ အားကောင်းလာအောင် တည်ဆောက်ရေးကိုလည်း တွန်းအားပေးမှာ ဖြစ်ပါတယ်။ လွှတ်တော် ပိုအားကောင်းတဲ့  နိုင်ငံတွေမှာ လူတွေက နိုင်ငံရေးပါတီတွေထဲ ပိုမို ထည့်ဝင်မြှုပ်နှံကြပြီး ပါတီတွေ အားကောင်းလာပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အင်အားနဲ့ ဥပဒေပြုလွှတ်တော်တွေရဲ့ အင်အားကလည်း တိုက်ရိုက် အချိုးကျနေပါတယ်။ ဒါ့အပြင် ပိုအားကောင်းတဲ့ နိုင်ငံရေးပါတီတွေက အားနည်းတဲ့ ပါတီတွေထက် ပြည်သူတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကြားမှာ ပိုကောင်းကောင်းချိတ်ဆက်ပေးနိုင်ပြီး  ဒေါင်လိုက်တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အခုတင်ပြထားတဲ့ လေ့လာတွေ့ရှိချက်တွေမှာ ကောင်းမွန်တဲ့ အကျိုးဆက်တွေက ထင်ထင်ရှားရှားနဲ့ ရှိနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ  ဖော်ဆောင်ရေး ကြိုးစားနေသူတွေက ဥပဒေပြုကဏ္ဍ အားကောင်းလာရေးကို အာရုံစိုက်ထားသင့်ပါတယ်။ ဥပဒေပြုလွှတ်တော်  အားနည်းနေတဲ့ နိုင်ငံတွေမှာတော့ အားကောင်းလာစေရေးကို ထိပ်တန်း ဦးစားပေးအဖြစ် သဘောထားပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် ကြိုးစားလုပ်ကိုင်သင့်ပါတယ်။ အစိုးရ အပြောင်းလဲ ဖြစ်သွားပြီဆိုရင် ဒီမိုကရေစီသမားတွေရဲ့ စိတ်ထဲမှာ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေး၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရေး၊ အရပ်ဖက် အဖွဲ့အစည်း တည်ဆောက်ရေး၊ စစ်တပ်ကို ထိန်းချုပ်ရေးဆိုတဲ့ များပြားလှတဲ့ အကြောင်း ကိစ္စတွေကိုသာ စဉ်းစားပြီး အလုပ်တွေ ရှုပ်နေတတ်ပါတယ်။ အဲဒီကိစ္စတွေကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်အာဏာတွေ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ဥပဒေပြုလွှတ်တော်တွေကို နိုင်ငံရေးသမားတွေက ဖန်တီးဖို့ ပျက်ကွက်ခဲ့ရင် ပြည်သူတွေပေးလိုက်တဲ့ မဲတွေက တန်ဖိုးရှိမှာမဟုတ် (ထိုက်သင့်သလို ရေတွက်ခံရမှာမဟုတ်) တော့ပဲ ပြည်သူတွေရဲ့ သဘောထားဆန္ဒ အသံတွေက ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ သြဇာအာဏာတွေနဲ့ ပြည့်စုံတဲ့ ဥပဒေပြု လွှတ်တော်တွေကို ဖန်တီးပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေက သူတို့တွေရဲ့ လွတ်လပ်ခွင့်ကို ရယူ ထိန်းသိမ်းထားနိုင်မှာဖြစ် (အုပ်ချုပ်ရေးကဏ္ဍမှာ ပြောရေးဆိုခွင့်ရှိလာမှာဖြစ်) ပါတယ်။ မကောင်းတဲ့ နိုင်ငံရေးစနစ်တွေ ကျရောက်ခဲ့ဖူး ဒါမှမဟုတ် သမိုင်းကြောင်းအရ အားနည်းချက်တွေ ရှိတာတောင်မှပဲ တိုင်းပြည်  အစိုးရ အပြောင်းအလဲ ဖြစ်ချိန်မှာ လွှတ်တော်တွေကလည်း ခိုင်မာအားကောင်းနေတယ်ဆိုရင် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေက တည်မြဲနေမှာ ဖြစ်ပါတယ်။

အမ် စတီဗင် ဖစ်ရှ်စ် (M. Steven Fish) သည် ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ ယခုအက်ဆေးထဲတွင် ပါဝင်သော အချက်အလက်များကို သူနှင့် မက်သယူး ကရိန်းအိတ်ခ် (Matthew Kroenig) တို့ ပူးတွဲရေးသားသော The Legislative Powers Survey and the Parliamentary Powers Index: A Global Study of the Powers of National Legislatures (၂၀၀၆ ခုနှစ်ထုတ်) စာအုပ်ထဲမှ ယူထားခြင်းဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading