ဖန်တီးအိမ် လူမှုကူညီရေး အဖွဲ့သည် အမျိုးသမီးများ၏ဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး စီးပွားရေး နိုင်ငံရေး လူမှုရေး နယ်ပယ်များတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်လာနိုင် စေရန်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံရသည့် အမျိုးသမီး များအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် အားပေးမှုများဖြင့် ပြန်လည်ပြုစု ပျိုးထောင်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် လူမှုအခြေပြု အဖွဲ့အစည်း တခု ဖြစ်ပြီးသည်။ ဖန်တီးအိမ် အဖွဲ့ကို ၂၀၀၉ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် စတင် ထူထောင်ခဲ့သည်။
လက်ရှိတွင် ပြည်တွင်းပြည်ပရှိ အမျိုးသမီးအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ အမျိုးသမီးဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီး ဘဝ မြှင့်တင်ရေး၊ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းများပေးပြီး လူမှုအကျိုးပြု လုပ်ငန်းများနှင့် အမျိုးသမီးတို့၏ အသံ၊ အမျိုးသမီး ဖိုရမ် တို့ကို ဦးဆောင်ကျင်းပခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
အဆိုပါ အဖွဲ့၏ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်သည် ၁၉၉၁-၁၉၉၆ ခုနစ်အထိ ရန်ကုန် တက္ကသိုလ်တွင် ဘူမိဗေဒ ဘာသာရပ်ကို သင်ကြားသည့် ဆရာမ တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနစ်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Asia Institue of Technology တွင် Scholarship(ပညာသင်ဆု) ဖြင့် အာကာသ နည်းပညာရပ်ကို သင်ယူခဲ့သည်။ ဖန်တီးအိမ် အဖွဲ့၏ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်ကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ လက်ရှိ ဖန်တီးအိမ်က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ ဖန်တီးအိမ် အနေနဲ့ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်လာနိုင်ဖို့၊ ကျား၊ မ အလေးထားတဲ့ မူဝါဒတွေကို ပြဋ္ဌာန်းဖို့၊ (Advocacy) အားပေးထောက်ခံမှုတွေ ဖြန့်ချိ ပါတယ်။ အားပေးထောက်ခံ၊ ဝါဒဖြန့်ချိတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း လုပ်ပါတယ်။ လုပ်တဲ့နေရာမှာ ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အထူးသဖြင့် အမျိုးသမီး အဖွဲ့အစည်း တွေ ပါဝင်ပါတယ်။ အုပ်ချုပ်ရေး ဌာနဆိုင်ရာတွေကို ဖိတ်ခေါ်ပါတယ်။ ပြီးတော့ ကျမတို့က အမျိုးသမီး ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်ရေးကိုလည်း ရွေ့လျားစနစ် နဲ့ လုပ်နေပါတယ်။ ကျမတို့ ဖန်တီးအိမ်က တခြား အမျိုးသမီးကွန်ရက် တွေနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်ပါတယ်။ ရွေးကောက်ပွဲ ပညာပေး လုပ်ငန်းတွေလည်း လုပ်ဆောင်ပါတယ်။
မေး။ ။ လက်ရှိမှာ ဘယ်နေရာတွေကို အဓိကထား သွားရောက်ပညာပေးပါ သလဲ။
ဖြေ။ ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ရွေ့လျား စနစ်နဲ့ ပညာပေးပါတယ်။ တခြား အမျိုးသမီး အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီး လှုပ်ရှားတာတွေလည်း ရှိပါတယ်။
မေး။ ။ အမျိုးသမီး ဖိုရမ်တွေ လုပ်ဆောင်တဲ့ ကိစ္စတွေမှာ ဘယ်လို အခက်အခဲတွေ တွေ့ရသလဲ။ အောင်မြင်မှု အနေအထားကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ အခက်အခဲကတော့ မရှိပါဘူး။ အမျိုးသမီးအဖွဲ့အစည်းတွေ များများနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အတွက် အချိန်ယူရတာပေါ့။ အရင်ကဆို အဖွဲ့အစည်း ၇ ဖွဲ့ပဲ ပါခဲ့တယ်။ အခုနောက်ပိုင်း အဖွဲ့ ၃၀ ကျော်ပါဝင်လာပြီး လူတွေ အများကြီးလည်း တက်ရောက် လာ တယ်။ နောက်တခုက အပြောင်းအလဲတွေပေါ့။ အပြောင်းအလဲကလည်း အမျိုးသမီးထုတွေ၊ မျိုးစောင့်ဥပဒေ အတွက် အများကြီးပဲ လုပ်ဆောင်နိုင်ခဲ့တယ်။
မေး။ ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုစားပေးဖို့ shelter တွေ ဆောက် မယ် ဆိုတဲ့ အကြောင်းလည်း ရှင်းပြပါဦး။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒီ shelter က အရမ်းကို လိုအပ်နေပါတယ်။ ကျမ အနေနဲ့ အစိုးရကို ပြောပြပါတယ်။ တခြား အဖွဲ့အစည်း တွေကိုလည်း ပြောပြပါတယ်။ ဒါပေမယ့် ဘယ်သူမှ အရေး မလုပ်ကြဘူး။ ဒါကြောင့် ကျမတို့ ဖန်တီးအိမ် ဆိုတဲ့ နာမည်အတိုင်း အသစ်အသစ်တွေ ဖန်တီးရတော့မှာပေါ့။ ဒီနှစ်ကတော့ ကျမကိုယ်တိုင် စုထားတဲ့ ပိုက်ဆံနဲ့ စပါမယ်။ ကျမအနေနဲ့လည်း ကျွမ်းကျင်တာတော့ မဟုတ်ပါဘူး။
မေး။ ။ shelter ဆိုတာကို ဗမာလို ဘယ်လို ပြောလို့ ရမလဲ။ ဘယ်လို ဆောက်လုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျမ စဉ်းစားထားတာက တိုက်ခန်းတခန်း ငှားမယ်။ တချို့ အမျိုးသမီးတွေက အိမ်ထဲမှာ နှိပ်စက်ခံရပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောရဲတာတွေ ရှိတယ်။ အဲ့ဒီလို တွေကို ကျမတို့က သူတို့ရဲ့ စိတ်ကို အနည်းဆုံးတော့ သူ့အတွက် တည အိပ်စက် အနားယူလို့ ရမယ်။ ပြီးရင် သူတို့ခံစားချက်တွေကို ကျမတို့ နားထောင်ပေးမယ် ပေါ့။ သူ့ကို နှစ်သိမ့် ဆွေးနွေးမှု ပေးနိုင်မယ်။ အဲ့လို shelter ရှိရင် အမျိုးသမီးတွေက ခေါင်းငုံ့ခံနေရမှာ မဟုတ်တော့ဘူး။ shelter ဆိုတာ ဖိနှိပ်ခံ နှိပ်စက်ခံနေရတဲ့ အမျိုးသမီးတွေ အတွက် ရင်ဖွင့်ရာ၊ နှစ်သိမ့်ဆွေးပေးရာပါပဲ။
တကယ်တော့ အကောင်းဆုံးက နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ပါပဲ။ နိုင်ငံရေး တကယ် ပြောင်းလဲရင် ကျမတို့ လူမှုရေးတွေ လုပ် စရာ မလိုတော့ဘူး။ အခုကျတော့ လိုအပ်တာတွေအများကြီး လုပ်နေရတယ်လေ။ အမျိုးသမီးတွေ ၅၁ ရာခိုင်နှုန်း ရှိတယ်။ သူတို့တွေမှ မတိုးတက်ဘူး ဆိုရင် တိုင်းပြည်က ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး။ အမျိုးသမီး တယောက်ကို ကာကွယ်ခြင်း အားဖြင့်၊ အမျိုးသမီးတယောက်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးခြင်း အားဖြင့် သူတို့ သားသမီး သူ့အိမ်ထောင်ကို တိုးတက်စေပါတယ်။
မေး။ ။ shelter လုပ်မယ် ဆိုရင် အဓိက ဘယ်မြို့တွေမှာလုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျမ စဉ်းစားနေတုန်းပါ။ ပြီးတော့ တနိုင်တပိုင်ဆိုတော့ လေ။ ပထမဦးဆုံးတော့ Capacity (စွမ်းရည်) ရှိအောင် လုပ်ရ မယ်။ ပြီးတော့ shelter နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတဲ့ ပညာကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ တက်ထားပြီးပြီ။ လူမှုဝန်ထမ်း ဦးစီးဌာန နဲ့ ချိတ်ဆက်ပြီး လုပ်သွားဖို့ ရှိပါတယ်။
နောက်နှစ် ၁၆ ရက်တာ လှုပ်ရှားမှုမှာတော့ ဘယ်နှယောက်ကို ကူညီထားတယ် ဆိုတာ ပြနိုင်မယ်လို့ ယုံကြည်ပါ တယ်။ သူတို့အတွက် တယ်လီဖုန်း hot line တခု ထားရမယ်။ အဲဒီအတွက် အစိုးရနဲ့ ညှိရမယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးမဆို ဒီဖုန်းကို ဆက်လိုက်ပါ။ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်သွားမယ်။ ပါတီတွေနဲ့လည်း ချိတ်ဆက်မယ်။ ပြီးတော့ ကျမတို့ ရှေ့နေရုံးအဖွဲ့နဲ့လည်း ချိတ်ဆက်လုပ်ဆောင်သွားမယ်။ အခမဲ့ ဝန်ဆောင်မှုလုပ်မှာပါ။ သူ့ကို တကယ် လုံခြုံမှုတွေ ရှိတဲ့နေရာ ဖြစ်ရမယ်။ တကယ်ကို နှစ်သိမ့်ဆွေးနွေးနိုင်ရမယ်။ သူ့အတွက် စေတနာ မေတ္တာထားနိုင်မယ့် သူ ရှိရမယ်။
မေး။ ။ စိတ်ပိုင်းဆိုင်ရာကို ပြန်လည် ကုစားမယ် ဆိုတော့ ဘယ်လို စေတနာရှင် ဝန်ထမ်းကို ခေါ်မှာလဲ။
ဖြေ။ ။ စိတ်ပညာရှင်တွေကို ခေါ်ယူမယ်။ လူမှုဝန်ထမ်းမှာလည်း ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံတကာမှာလည်း ကျမတို့ လေ့လာထားတွေ ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေ ကလည်း သင်တန်းပေး နေတာတွေ ရှိပါတယ်။ ကျမအထင်ကတော့ သိပ်မခက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျမတို့ ကိုယ်တိုင်ကလည်း အခက်အခဲ ကြုံတွေ့နေရတယ်လေ။ အဲဒီလို လူမျိုးကို ဘယ်လို စိတ်ကုစားမယ် ဆိုတာ ကျမတို့ သိပါတယ်။ ကိုယ်ချင်းစာနာစိတ်နဲ့ သူတို့ ပြောချင်တာတွေကို နားထောင်ပေးဖို့။ သူတို့ ဒီကိုလာပြီး အပန်းဖြေနိုင်အောင်လို့ ပါ။
ပြီးတော့ သူတို့ ပြန်ဖို့နဲ့ ပြန်သွားတဲ့ အခါ ပြသာနာ ထပ်မဖြစ်အောင် ဒုတိယ Plan အနေနဲ့ သူတို့ မိသားစုက အစ နှစ်သိမ့်ဆွေးနွေး ရမယ်။ ပြီးတော့ အကြမ်းဖက်မှု ပပျောက်ဖို့ အတွက် မီဒီယာတွေ ကိုလည်း ချိတ်ဆက်သွားရမှာပေါ့။ ပညာပေးတွေ လုပ်ဆောင်သွားမယ်။
မေး။ ။ နောက်ဆုံးတချက် အနေနဲ့ အမျိုးသမီးတွေကို ဘာများ အကြံပြုပေးချင် ပါသလဲ။
ဖြေ။ ။ ကျမ အနေနဲ့ကတော့ အမျိုးသမီးတွေ ကိုယ်တိုင် ကိုယ့်အခွင့်အရေးကို ရယူပြီးတော့ ဦးဆောင်မှုနေရာ ရစေချင်တယ်။ အမျိုးသမီးတွေ ဦးဆောင်မှု နေရာ ရစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အမြဲတမ်း နောက်လိုက်လုပ်နေမယ့် အစား ဦးဆောင် လိုက်တာက ကိုယ့်အတွက် လွတ်မြောက်မှု ပါပဲ။ အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေ ဦးဆောင်မှု အရည်အချင်း ပြည့်ဝလာဖို့ ဝိုင်းဝန်းပံ့ပိုးပေးဖို့၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ခိုင်မာလာစေဖို့ လုပ်ငန်းတွေမှာ ပါဝင်ပေးကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။ ။