၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးခွင့်ကာလကို ရွေးကောက်ပွဲ ကျင်း ပ မည့်နေ့ မတိုင်မီ ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုဝေး ဟော ပြောခွင့်နှင့် မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်တွင် ရက်ပေါင်း ၃၀ သာ ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။
ကော်မရှင်၏ ရက်ပေါင်း ၃၀ ခွင့်ပြုမည် ဆိုသော ယင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံရေး ပါတီအများစုအကြား ဝေဖန် ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့နောက် မဲဆွယ် စည်းရုံးခွင့်ကာလ အချိန် ၃ လပေးရန် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်း ဆို ထားသော်လည်း ညှိနှိုင်း၍ ၂ လ သတ်မှတ်ပေး မည်ဖြစ်ကြောင်း ကော်မရှင်က ပြောဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က“ပါတီတွေက ၃ လ တောင်းတယ်။ ကျမတို့ အခြေအနေ ပြန်ညှိပြီးတော့ ၂ လ ပေးမယ်။ ဒါပေမယ့် နည်းဥပဒေမှာတော့ မပြင်ရသေးဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF)မှ ဦးခင်မောင်ဆွေက မဲဆွယ်စည်းရုံးခွင့် ကာလကို နိုင်ငံတကာကဲ့သို့ အချိန် ၃ လခန့် ပေးသင့်သော်လည်း ရက်ပေါင်း ၆၀ သည်လည်း အဆင်ပြေနိုင်ကြာင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များသည် တနိုင်ငံလုံးသို့ မဲဆွယ် စည်းရုံးရေး သွားရမည် ဖြစ်သောကြောင့် အချိန်လိုအပ်သဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၃၀ မှ ၆၀ သို့ တိုးမြှင့်ပေးခြင်းကို ကြိုဆိုကြောင်း ဖက်ဒရယ် ပြည်ထောင်စု ပါတီ (FUP) မှ ဦးစောသန်းမြင့်ကလည်း ဧရာဝတီသို့ ပြောသည်။
“ရက်ပေါင်း ၃၀ ဆိုရင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဦးတို့ တောင်ပေါ်ဒေသတွေအတွက် လုံးဝကို အဆင်မပြေပါဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာမြင်နေရမယ့် တနေကုန်အောင်သွားမှ ရောက်တာမျိုးတွေ ရှိတယ်။ နိုင်ငံရေး ပါတီ တွေ အားလုံး တောင်း ဆိုထားတဲ့ အတိုင်း ရက်ပေါင်း ၆၀ ပေးတယ် ဆိုရင်တော့ ဝမ်းသာပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
မဲဆွယ် စည်းရုံးရေး ကာလအပြင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက် အတွင်း စုဝေးဟောပြောမည့် အစီအစဉ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးသို့ လျှောက်ထားရမည် ဆိုသည့် အချက်နှင့် ကော်မရှင်၏ ခွင့်ပြုချက်ရပြီးမှ စည်းရုံး ဟောပြောခွင့်ရမည် ဆိုသည့် အချက်ကိုလည်း ကျေနပ်မှု မရှိကြောင်း နိုင်ငံရေးပါတီ တချို့က ပြောသည်။
ခွင့်ပြုချက် တောင်းရမည့်အစား သတင်းပို့သည့် ပုံစံသာ ဖြစ်သင့်သောကြောင့် ယင်းအချက်ကို ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီများက ကော်မရှင်ထံသို့ တောင်းဆိုထားကြောင်း NDF ပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။
“အဲဒါကို အန်ကယ်တို့တွေ လက်မခံဘူး။ အချိန်တွေကြာမယ်။ ဟောပြောဖို့ အားလုံးစီစဉ်ပြီးကာမှ ခွင့်ပြုချက် မရဘူးဆိုရင် ဟောပြောလို့ မရတော့ဘူး။ အဲဒီလိုမျိုး အခက်အခဲတွေ ရှိတယ်”ဟု ဦးခင်မောင်ဆွေက ဆိုသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးကို ကျပ် ၅ သိန်းမှ ၃ သိန်းအထိ လျှော့ချပေးထားသည်။
ယခင်က ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးကို ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပြန်လည်ပေးခြင်း မရှိသည့် စနစ်ကိုအသုံးပြုခဲ့ပြီး ယခုအခါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ဆန္ဒမဲပေးသူ၏ ၈ ပုံ ၁ ပုံ အထက် မဲရရှိပါက ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။